လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ

လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ

ဒီ သြဂုတ်လအတွင်းမှာ ကျနော်တို့နိုင်ငံရဲ့ သမိုင်းဝင်အရေးတော်ပုံကြီးတစ်ခုဖြစ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး နှစ် ၃၀ မြောက် နှစ်ပါတ်လည်နေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပခဲ့ပါတယ်။

နှစ် ၃၀ ပြည့်လို့ဆိုတော့ကာ သာမာန်အားဖြင့်ကြည့်မယ်ဆိုရင် အချိန်တွေကြာမြင့်ခဲ့လို့ မြင်တဲ့သူကလည်း မြင်နိုင်ပါတယ်။ ဒါပေမယ့် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ခု အနေနဲ့ကြည့်မယ်ဆိုရင် ဘာမျှမကြာသေးဘူးလို့ ဆိုရမှာပါ။

ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မကြာသေးဘူးလို့ဆိုရပေမယ့် ဒီအရေးတော်ပုံကြီးအပေါ် အကဲဖြတ်ချက်၊ ထင်မြင်ချက်နဲ့ ခံယူချက်တွေအပေါ်မှာ လူငယ်တွေ ရှုထောင့်အမျိုးမျိုး ရှိလာကြတာ် တွေ့ရပါတယ်။ ဒါကလည်း သဘာဝကျတဲ့ကိစ္စပါပဲ။ အထူးသဖြင့် အသက် ၂၀ အထက်နဲ့ အသက် ၄၀ ဝန်းကျင်ရှိသူတွေအတွင်း ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်တဲ့အမြင်တွေ ကွဲကွဲပြားပြား ရှိနေကြတာဟာ သဘာဝကျပါတယ်။ ဒီကနေ့ အဲဒီအကြောင်းအရာကို လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျနော်ဆွေးနွေးမှာပါ။

ဒီလိုဆွေးနွေးမယ်ဆိုပြီး စဉ်းစားခဲ့တာကလည်း ဒီကနေ့လူငယ်တချို့နဲ့ စကားပြောကြည့်တဲ့အခါ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်တဲ့ အသိအမြင်တချို့ဟာ မတူကွဲပြားခြားနားကြတာ သဘာဝကျတယ်ဆိုပေမယ့် တချို့အသိအမြင်တွေဟာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် အများနဲ့မတူ တမူထူးခြားနေတာလည်း တွေ့ရကြားရတော့ ဒီခေါင်းစဉ်အောက်မှာဖြင့် ဆွေးနွေးဖို့လိုအပ်တယ်ထင်လို့ “လူငယ်နဲ့ သမိုင်းဝင်အရေးတော်ပုံများ”ခေါင်းစဉ်ကို ကျနော်ရွေးချယ်လိုက်တာပါ။

ဒါနဲ့တဆက်တစပ်တည်း ပြောစရာရှိလာတာက မနေ့တနေ့ကပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူ အမျိုးသမီးတစ်ဦး ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်တဲ့အခါ ဒီမိုကရေစီအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းနည်းကြောင်းဖေါ်ပြကြ၊ အဲဒီ အမျိုးသမီးရဲ့ ကိုယ်ကျိုးစွန့်လွှတ်ဆောင်ရွက်မှုတွေကို ထုတ်ဖေါ်ပြောဆို ဂုဏ်ပြုကြတဲ့အခါ အသက် ၃၀ ဝန်းကျင်ရှိ မိန်းကလေးတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘာလို့များ မိသားစုအရေး ဦးစားမပေးနိုင်ကြတာလည်း၊ ကိုယ့်အကျိုးစီးပွားအတွက်လည်း လုပ်ကြဦးမှပေါ့လို့ ရေးလိုက်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးလို အဖြစ်အပျက်ကြီးအတွင် ကျဆုံးသွားကြရသူတွေ ဘဝတွေပျက်ခဲ့ကြရသူတွေအပေါ် အလေးအနက်ထားပုံ တမူခွဲထွက်သွားတဲ့ အယူအဆအပေါ်မူတည်ပြီးမှ ဒီအမြင်ဖြစ်လာတာပဲလို့ သုံးသပ်မိတယ်။

နောက်တစ်ခု ကြုံရတာလေး ဆက်ပြောချင်ပါသေးတယ်။

မနေ့တနေ့ကပဲ လဘက်ရည်ဆိုင်တစ်ခုမှာ အသက် ၃၀ ဝန်းကျင်လူငယ်တစ်ဦးနဲ့ စကားပြောကြည့်တဲ့အခါ သူက ရှစ်လေးလုံးအရေးတော်ပုံကြီးလို အဖြစ်အပျက်တွေကြောင့် အခုလို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ခွင့်ရလာရတာဖြစ်တယ်ဆိုတဲ့အမြင်ကို လက်မခံပါဘူး။ တကယ်တော့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေဟာ စစ်အာဏာရှင်တွေကိုယ်တိုင်က ပေးချင်လို့ ပေးလိုက်လို့သာ ဒီအခွင့်အရေးတွေ ရလာဖြစ်လာတာသာဖြစ်တယ်လို့ သူမြင်ပါတယ်။

ဒီအမြင်က ဘာကိုပြသလဲဆိုတော့ ပထမအချက်က ဒိီတိုင်းပြည်မှာ အခုလိုဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဖြစ်လာဖို့ဆိုတဲ့ ခံယူချက်ယုံကြည်ချက်နဲ့ အသက်သွေးနဲ့ ဘဝတွေ ရင်းသွားခဲ့ကြတဲ့ သူတွေအပေါ် သူ အသိအမှတ်မပြုဘူး၊ မလေးနက်နိုင်ဘူး၊ သူ အသိအမှတ်ပြုလေးနက်တာက စစ်အာဏာရှင်တွေပဲဖြစ်တယ်၊ စစ်အာရှင်က အင်အားကြီးတယ် စစ်အာဏာရှင်တွေဟာ  သမိုင်းကိုဆုံးဖြတ်သူတွေဖြစ်တယ်၊ စစ်အာဏာရှင်တွေကိုယ်တိုင်က ဒီမိုကရေစီပေးချင်လို့ ပေးလိုက်လို့သာ  အခုလိုအခြေအနေတွေ ဖြစ်လာရလာရတာဖြစ်တယ်ဆိုတဲ့အမြင်နဲ့ သူပြောလိုက်တာပါပဲ။

သဘောထားမတူကွဲပြားကြတာ သဘာဝတော့ကျပါတယ်။ မတူကွဲပြားတဲ့အယူအဆတွေ ရှိကြတာ မဆန်းပေမယ့် ငြိမ်းချမ်းစွာ ့ဆွေးနွေးငြင်းခုန်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီကနေ့တော့ အဲသလို စစ်အာဏာရှင်က ပေးချင်လို့သာ ဒီမိုကရေစိီလမ်းစပေါ်ရောက်လာကြတာဆိုတဲ့ အသက် ၃၀ ဝန်းကျင်လူငယ်ရဲ့အမြင်နဲ့မတူတဲ့ အခြားအမြင်တချို့ကို ကျနော်တို့ ဆွေးနွေးချင်ပါတယ်။

ကောင်းပါပြီ။ ဒါဆိုရင် ဥပမာအနေနဲ့ပြောရရင် ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးရတာဟာ နယ်ချဲ့သမား အင်္ဂလိပ်အစိုးရက လွတ်လပ်ရေးပေးချင်လို့ ပေးလိုက်လို့ရတာဖြစ်တယ်လို့ကော ပြောလို့ရမလားလို့ ပြန်ဆွေးနွေးပါတယ်။ ဒါဆိုရင် စာသင်ကျောင်းတွေမှာ ၁၃၀၀ ပြည့်အရေးတော်ပုံလို လွတ်လပ်ရေးကြိုးပမ်းမှုအဖြစ်အပျက်တွေ အရေးတော်ပုံတွေကို ဘာပြုလို့ထည့်သွင်းပြဌာန်းသင်ကြားနေရသလဲ။ ဒါမှမဟုတ် ကျောင်းသုံးပြဌာန်းချက်မှာ ဒီနိုင်ငံလွတ်လပ်ရေးရတာဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရက မြန်မာပြည်သူတွေကိုသနားလို့လွတ်လပ်ရေးပေးချင်လို့ ပေးလိုက်လို့သာ ရလာခြင်းသာဖြစ်တယ်လို့ ပြဌာန်းချက်ပြောင်းပြိီး ပြဌာန်းရတော့မှာပေါ့။  ဗိုလ်ချုပ်အောင်ဆန်းလို လူတွေအစား အင်္ဂလိပ်ဘုရင်မကြီးနဲ့ အင်္ဂလိပ်ဘုရင်ခံကို လွတ်လပ်ရေးပေးခဲ့သူအဖြစ် ပြဌာန်းရတော့မှာပေါ့လို့ပြောလိုက်တော့ စကားဝိုင်းထိုင်နေသူအားလုံးက ၀ိုင်းပြိီးရယ်ကြပါတယ်။ ဒီမိုကရေစီလမ်းစပေါ်ရောက်လာတာဟာ စစ်အာဏာရှင်တွေကိုယ်တိုင်က သနားလို့ ပေးချင်လို့သာ ပေးလိုက်လို့ ရောက်လာရတာသာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အဲဒီလူလည်း ဆက်ပြောဖို့ရန် တု့န့်ဆို်င်းဆိုင်းဖြစ်သွားရပါတယ်။ ဘာမှတော့ ဆက်မပြောတော့ပါဘူး။

တိုင်းပြည်တစ်ခုမှာ အင်အားအစစ်အမှန်ရှိသူဟာ ဘယ်သူလဲ။ သမိုင်းကို အဆုံးအဖြတ်ပေးသူဟာ ဘယ်သူလဲ။ အင်အားကြီးတယ်လို့ သာမာန်အားဖြင့်ယူဆရတဲ့ အာဏာရှိသူတွေလား။ အဲဒီ အာဏာရှိသူတွေရဲ့လက်ထဲက အာဏာဆိုတာက ထာဝရလား တခဏလား။ ဒါမှမဟုတ် ပြည်သူတွေက သမိုင်းကိုဆုံးဖြတ်တာလား။ အင်အားအစစ်အမှန်ရှိသူဆိုတာ ပြည်သူတွေလား။ ဒီကိစ္စ ကွဲကွဲပြားပြားဖြစ်ဖို့ရန် လူတိုင်းအတွက်တော့ မလွယ်လှပါဘူး။ အမြင်တစ်ခုအပေါ် အားလုံးတထပ်တည်းကျဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်အယူအဆကိုမဆို မှန်၏မှား၏ သိအောင်တိုင်းတာလို့ရတဲ့ပေတံဆိုတာကတော့ အမြဲတန်းရှိပါတယ်။ ဒါကို ကျနော်တို့ သတိချပ်ရပါမယ်။ စစ်မှန်တဲ့ပေတံကို ကိုင်ဆွဲနိုင်ရပါမယ်။

ဘယ်အယူအဆအပေါ်မဆို အဲဒီအယူအဆ ဖြစ်တည်လာရတဲ့ ရေသောက်မြစ် ဆိုတာလည်း ရှိပြန်ပါသေးတယ်။ အဲဒီအယူအဆ ဖြစ်တည်လာရဖို့ တွန်းပို့တဲ့အရာတွေလည်း ရှိတတ်ပါတယ်။ ဒါကို ကျနော်တို့ ရှာကြရပါမယ်။

ဒါဆိုရင် ရှစ်လေးလုံးလို အရေးတော်ပုံတွေကြောင့် ခေတ်တွေပြောင်းလာရတာ မဟုတ်ဘဲ စစ်အာဏာရှင်တွေက သနားလို့ပေးချင်လို့ ပေးလိုက်လို့သာ ဖြစ်တယ်ဆိုတဲ့အမြင် ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီအမြင်ရဲ့ရေသောက်မြစ်က ဘာတွေလဲ။

ကဲ ဒါကိုတော့ နောက်တနေ့မှာ ဆက်ပြီးဆွေးနွေးကြတာပေါ့။

လူငယ်များ သမိုင်းကိုတိုင်းတာတဲ့ပေတံ မှန်ကန်စွာကိုင်ဆွဲနိုင်ကြပါစေဗျား။

Mizzima Weekly