ပြန်လည်ရင်ကြားစေ့လာသောကချင်နှင့် ရှမ်းနီ

ပြန်လည်ရင်ကြားစေ့လာသောကချင်နှင့် ရှမ်းနီ
 ဝိုင်းမော်မြို့မှ  မူကြိုကလေးငယ်တစ်ဦး(ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

အတိတ်ဖြစ်ရပ်ဆိုးကိုသင်ခန်းစာယူပြီးအေးအတူပူအမျှ ပြန်လည်နေထိုင်နိုင်ရန် ကချင်ပြည်နယ်မှ အရပ်ဖက်အဖွဲ့များ၊ ဒေသခံများပူးပေါင်း ကြိုးစားနေကြသည်

(မြစ်ကြီးနား၊ မိုးညှင်း) — ကချင်ပြည်နယ်ရှိတောင်ကုန်းတောင်တန်းများဝန်းရံထားသည့်မိုးညှင်းမြို့လေးမှာသြဂုတ်လကုန်ပိုင်းတဖြောက်ဖြောက်ရွာနေသောမိုးစက်များအောက်တွင် အေးချမ်း၊ တိတ်ဆိတ်နေသည်။

ဤမြို့လေးတွင် ဒေသခံတိုင်းရင်းသားများဖြစ်ကြသောကချင်နှင့် ရှမ်းနီတို့၏ပဋိပက္ခကို ကြုံတွေ့ခဲ့ရသူတစ်ဦးမှာအသက် ၅ဝ ကျော်အရွယ် ဦးသန်းမောင်ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စတင် ဖွဲ့စည်းသည့် ၁၉၆၁  နောက်ပိုင်း ပြည်နယ်အတွင်းပစ်ခတ်တိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နားလည်မှုလွဲမှားခြင်းကြောင့် အရပ်သားအချင်းချင်းကြားပဋိပက္ခဖြစ်ကြစဉ် သေဆုံးသွားသူများထဲတွင်ဦးသန်းမောင်၏ မိသားစုဝင်တစ်ဦးပါဝင်သည်။

“အစ်ကိုအရင်းတစ်ယောက်လုံးဆုံးရှုံးခဲ့ရပြီးပြီ။ နောက်ထပ်ဘယ်သူ့ကိုမှထပ်မဖြစ်စေချင်တော့ဘူး၊မဖြစ်အောင်လည်းဝိုင်းတားရမှာပဲ”ဟုတိုင်းလိုင် ခေါ် ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးသန်းမောင်ကကြေကွဲစွာပြောသည်။

ခေတ်အဆက်ဆက် ရင်းရင်းနှီးနှီးနေထိုင်လာခဲ့ကြသည့် ကချင် နှင့် တိုင်းလိုင်တို့ကြားမသင့်မမြတ် ဖြစ်ခဲ့ဖူးခြင်း၊ အရပ်သားတို့ကြားအချင်းများရန်ပွားမှုကိုအားပေးနိုင်သည့် စစ်ရေးလှုပ်ရှားမှုတချို့ ရှိနေခြင်းမှာဤဒေသအတွက် သတင်းဆိုး ဖြစ်သည်။

ဝိုင်းမော်မြို့  မူကြိုကျောင်းတစ်ခုမှ စေတနာ့ဝန်ထမ်းဆရာမများ(ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

သတင်းကောင်းမှာအတိတ်ဖြစ်ရပ်ဆိုးကိုသင်ခန်းစာယူပြီးအချင်းချင်းငြိမ်းချမ်းစွာဆက်လက် ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဒေသခံများ၊  အရပ်ဖက်အဖွဲ့အစည်းများကပူူးပေါင်း ကြိုးစားနေကြသည် ဟူသောအချက် ဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့

ကချင်ပြည်နယ်တွင် နေထိုင်သောရှမ်းမျိုးနွယ်စုငါးခုမှာတိုင်းလိုင်(ရှမ်းနီ)၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီတို့ ဖြစ်ကြသည်။ တိုင်းလိုင်ကိုရှမ်းနီ၊ ရှမ်းကလေးဟုလည်းခေါ်ဆိုကြပြီးဗမာနှင့် အသွင်တူသောကြောင့် ရှမ်းဗမာဟုလည်းခေါ်ဆိုကြောင်းသိရသည်။ မြစ်ကြီးနား၊ မိုးညှင်း၊မိုးကောင်းစသည့် ဒေသများတွင် တိုင်းလိုင်  ၅ သိန်းကျော်ခန့်ရှိနေနိုင်ကြောင်းတိုင်းလိုင်(ရှမ်းနီ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကခန့်မှန်းထားသည်။

မိုးညှင်းမြို့နယ်အတွင်းကျောင်းဆင်းချိန် မြင်ကွင်းတစ်ခု(ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

KIA ၏ လူသစ်စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်းတို့ကိုဒေသတွင်းကချင်လူမျိုးများနည်းတူရှမ်းနီတို့လည်းရင်ဆိုင်ကြရသည်။နာတာရှည်ရောဂါတစ်ခုခံစားရသကဲ့သို့ ဖြစ်လာသည့် ရှမ်းနီတို့ကပြည်သူ့စစ်ဖွဲ့ခြင်း၊ နိုင်ငံရေးပါတီထူထောင်ခြင်းဖြင့်   အခွင့်အရေးကာကွယ်ရန် ကြိုးပမ်းလာကြသည်။

မိုးညှင်းခရိုင် နမ့်မွန်းမြို့မှ ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကြည်အောင်က၎င်းတို့၏ အဖွဲ့သည် ရပ်ရွာနှင့်ပြည်သူကိုကာကွယ်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ရန်ဦးတည်ချက် မရှိကြောင်းMyanmar Now ကိုရှင်းပြသည်။

ပြည်သူ့စစ် နှင့် ရှမ်းနီအများအပြားကKIA ၏အခွန်ကောက်၊ လူသစ်စုဆောင်းခြင်းသည်ရှမ်းနီတို့အတွက်  ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟုပြောသည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူဗို်လ်မှူးကြီးနော်ဘူကထိုဝေဖန်ချက်များကိုကာကွယ် ပြောဆိုသည်။

“ကျွန်တော်တို့ တော်လှန်ရေးလုပ်တာကချင်ပြည်နယ်ကတိုင်းရင်းသားအကုန်အလုံးအတွက်ပါ။ကချင်တစ်မျိုးတည်းအတွက်မဟုတ်ပါဘူး”ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်ဖွဲ့ရခြင်းကိုလက်ခံသော်လည်းတိုင်းရင်းသားညီအစ်ကိုအချင်းချင်းစည်းလုံးမှု မပျက်ရေးအတွက် ထိပ်တိုက်တွေ့ဆုံမှု ရှောင်ရှားသင့်သည်ဟုသူကဆက်ပြောသည်။

KIA နှင့် တပ်မတော်သည် ၁၉၉၄ မှ  ၂ဝ၁၁ အထိအပစ်အခတ်ရပ်စဲခဲ့ကြသည်။ ၁၇ နှစ်ကြာပြီးနောက် ပြန်လည် ပေါ်ထွက်လာသောတိုက်ခိုက်မှုများထဲတွင် ရှမ်းနီအများစုပါဝင်သည့် ဌာနေပြည်သူ့စစ်များနှင့် KIA တို့အကြားဖြစ်ပွားသည့်  ၁ဝ ကြိမ်ထက်မနည်းသောတိုက်ပွဲများလည်းပါဝင်သည်။

ယမန်နှစ်ကဝိုင်းမော်မြို့နယ်အတွင်းတပ်မတော်နှင့်ရင်ဆိုင်ရသည့် တိုက်ပွဲတစ်ခုတွင်လည်း ပြည်သူ့စစ်များကတပ်မတော်ဘက်မှ ပါဝင်နိုင်ကြောင်းဗိုလ်မှူးကြီးနော်ဘူကခန့်မှန်းသည်။

KIA ခေါင်းဆောင်ပိုင်းနှင့် ရှမ်းနီအရပ်ဖက်အဖွဲ့များတွေ့ဆုံတိုင်း ပြည်သူ့စစ်အဖွဲ့နှင့် KIA တို့ထိပ်တိုက်မတွေ့စေရေးကိုအသားပေးဆွေးနွေးပြောဆိုသည်ဟုသိရသည်။

အပစ်ရပ်စာချုပ် ပျက်ပြယ်ပြီး ၇ နှစ်အတွင်းတိုက်ပွဲကြီးငယ်ပေါင်း ၃,ဝဝဝ နီးပါးဖြစ်ပွားခဲ့သည်ဟု KIA  က    ယခုနှစ် နှစ်လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လဖားကန့်မြို့နယ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီးနောက်ပိုင်းတိုက်ပွဲသတင်း ငြိမ်သက်သွားသည်။ သို့သော်လည်းစစ်ရှောင်စခန်းများတွင်မူအရပ်သားတစ်သိန်းဝန်းကျင် သောင်တင်နေကြဆဲဖြစ်သည်။

သြဂုတ်လကုန်ပိုင်းကတွေ့ရသော မြစ်ကြီးနားမြို့ မနောကွင်း(ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

တင်းမာမှုကိုလျှော့ချလာ

ဌာနေတိုင်းရင်းသားတို့မည်သို့ မည်ပုံအတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြကြောင်းရှင်းပြနိုင်သူတစ်ဦးမှာယခင် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဒေါ်ခင်ပြုံးရည် ဖြစ်သည်။ အမျိုးသမီးချင်း၊ အမျိုးသားချင်းဆွေမျိုးမတော်၊ သိကျွမ်းခြင်းမရှိလျှင်လည်းခေါ်ဝေါ်ကြပုံမှာတခြားဒေသအများစုနှင့် ကွဲပြားကြသည်။

“ခေါ်တာတောင်မှ တစ်ယောက်နဲ့တစ်ယောက် 'ယောက်မ' လို့ပဲခေါ်ကြတာ။ ကချင်တွေနဲ့ ရှမ်းတွေကအသီးအနှံတွေနဲ့ စားသောက်စရာတွေကိုလဲလှယ်စားသောက်ပြီးအေးအေးချမ်းချမ်းနေခဲ့ကြတာ” ဟုတိုင်းလိုင်(ရှမ်းနီ) စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ တာဝန် ယူထားသူဒေါ်ခင်ပြုံးရည်ကပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဦးထိန်နန်ယော်ဆမ်ကဌာနေတိုင်းရင်းသားအချင်းချင်းညီညွတ်စည်းလုံးမှု ဆက်လက် တည်တံ့သွားရန် ထိန်းသိမ်းသွားရန် အရေးကြီးသည်ဟုယူဆသည်။ 

မြစ်ကြီးနားမြို့တွင် တွေ့ရသောကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် ဌာနချုပ်ရုံး(ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

“အဓိကကညီအစ်ကိုတွေအကြားဆက်လက်စည်းလုံးသွားဖို့ပဲ”ဟုဦးထိန်နန်ယော်ဆမ်ကပြောသည်။

ဌာနေတိုင်းရင်းသားအချင်းချင်းအကြားတင်းမာမှုလျော့ကျလာခြင်းမှာနှစ်ဖက်လုံးကထိန်းသိ််မ်းလာကြခြင်းကလည်းအဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်။

အမုန်းပွားမှုဟန့်တားနိုင်ရန်အတွက် ထိပ်တိုက်တွေ့ခြင်းကိုရှောင်ရှားသွားရန် ဆုံးဖြတ်ထားသည်ဟု KIA ခေါင်းဆောင်တချို့ကပြောကြားထားသည်။

၂ဝ၁၆ ခုနှစ်ကရှမ်းအများစုပါဝင်သည့် ကိုယ်စားလှယ် ၇ ဦးသည် KIA ခေါင်းဆောင်တို့နှင့် တွေ့ဆုံကာတိုင်းရင်းသားတို့ကြားပဋိပက္ခ လျှော့ချနိုင်ရေးဆွေးနွေးခဲ့ကြသည်။

ရှမ်းနီပြည်သူများကိုတပ်သားသစ်စုဆောင်းထားခြင်းမှ ပြန်လွှတ်ပေးရန်၊ အနိုင်ကျင့်၊ နှိပ်စက်မှုများမပြုလုပ်ရန် ဗိုလ်ချုပ်ဂွန်မော်ကကတိပေးခဲ့ကြောင်းတွေ့ဆုံမှုတွင်ပါဝင်သည့် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာသီတလရံသီကျောင်းတိုက်မှ ဆရာတော် ဦးဝိဇယကမိန့်သည်။

ဆရာတော်နှင့်  ဗိုလ်ချုပ်ဂွန်မော်သည် ငယ်စဉ်ကတီးဝိုင်းတစ်ခုတည်းတွင် အတူတီးခတ်ဖျော်ဖြေခဲ့ကြဖူးသည်အထိရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ခြင်းမှာKIA စစ်သားအဖြစ်စုဆောင်းထားသည့် ရှမ်းတိုင်းရင်းသားများထဲမှ အယောက် ငါးဆယ်နီးပါးပြန်လည်လွတ်မြောက်ရေးညှိနှိုင်းရာတွင် အထောက်အကူဖြစ်ခဲ့သည်။

“ရှမ်းတွေဘက်ကလည်းခံစားခဲ့ရတာတော့မှန်တယ်။ဒါပေမဲ့ခံစားသူအကြိုက်သွားနေရင်တော့မငြိမ်းချမ်းနိုင်ဘူးလေ” ဟုဆရာတော်ကမိန့်သည်။

“ကချင်ဒုက္ခသည်စခန်းမှာရှိတဲ့ ကချင်ကလေးအများကြီးဟာတချိန်ကျရင် ကချင်စစ်သားမဖြစ်ဘူးလို့ ပြောနိုင်သလား။ အဲဒီအချိန်မှာပဲမွေးလာတဲ့ ရှမ်းကလေးတွေ အများကြီးကလည်းကချင်မုန်းတီးရေးအားပိုမကြီးလာနိုင်ဘူးလား၊ အဲဒါကိုစဉ်းစားရမှာ”

ဤသို့ဖြင့် ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးလှုံ့ဆော်ကြရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ အရေးပါလာသည်။

မိုးညှင်းမြို့၊ စစ်ရှောင်စခန်းတစ်ခုတွင် တွေ့ရသောကချင်အမျိုးသမီးနှင့် သူ၏ ရင်သွေးငယ်  (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

အမုန်းတရားမပြန့်ပွားရေး

မိုးကောင်းမြို့တွင်All to One ဟုအမည်ပေးထားသည့်အမုန်းတရားမပြန့်ပွားရေး ကြိုးပမ်းနေသောအဖွဲ့တွင် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုအသင်းများ၊ နိုင်ငံရေးသမားများပါဝင်သည်။

ဒေသခံတို့၏ပူးပေါင်းပါဝင်မှုကြောင့် လုပ်ငန်းပိုမိုအဆင်ပြေလာသည်ဟုအဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူရှမ်း၊ကချင်ကပြားဦးကျော်ထွေးမောင်ကပြောသည်။ယခင်ကတွေ့ဆုံရန် ခက်ခဲခြင်း၊ ဆွေးနွေးပွဲ စကားဝိုင်းတွင်ပင် ရန်ပွဲဖြစ်မတတ် အခြေအနေပေါ်ပေါက်လာခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

မိုင်းကွဲမှုဖြစ်စဉ်တစ်ခုတွင်  ရှမ်းတစ်ယောက်သေဆုံးသွားမှုကြောင့် ဖြစ်ပွားသော ပြဿနာတစ်ခုကိုသံဃာတော်တို့ကိုပင့်ဖိတ်ပြီးအရှိန်လျော့ကျရေးလုပ်ဆောင်ခဲ့ဖူးသည်ဟုဆိုသည်။

“ကျွန်တော့်ရုုံးမှာပဲကချင်ဘက်ကရောရှမ်းမိသားစုဘက်ကရောခေါ်ပြီးတော့စကားဝိုင်းလုပ်ရတယ်။ကချင်တိုင်း KIA မဟုတ်ဘူး၊ဒါတွေကိုကိုယ်ကရှင်းပြရတာပေါ့။မရှင်းနိုင်ရင်လူမျိုးရေးပြဿနာ ဖြစ်တော့မှာ” ဟုဦးကျော်ထွေးမောင်ကပြောသည်။

“ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာပဋိပက္ခတွေထားခဲ့မှာလား။ ရှေရှည်မှာ ငြိ်မ်းချမ်းစွာအတူယှဉ်တွဲနေနိုင်အောင် နှစ်ဖက်အသိုင်းအဝိုင်းတွေမကြိုးစားသင့်ဘူးလား”ဟု ၄င်းကမေးခွန်းထုတ်သည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကလည်းတွေ့ဆုံညှိနှိုင်းအဖြေရှာသည့် နည်းကိုသာသုံးရန် တိုက်တွန်းသည်။

“ပြည်သူအချင်််းချင်းကြားမှာသဟဇာတဖြစ်နေတာကိုမြင်တွေ့နေရတာပဲ။ ဒါက ပြည်သူအချင်းချင်းကြားက ပြဿနာမဟုတ်ဘူး။ လက်နက်ကိုင်အချင်းချင်းကြားက ပြဿနာပဲ”ဟု KIA ဌာနချုပ်မှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာတူးဂျာကပြောသည်။

နှစ်ဘက်ကြားသွေးထိုးဖြိုခွဲမှု ရှိနေနိုင်သော်လည်းညီညွတ်လျှင် အဆိုပါကြားဝင်နှောက်ယှက်မှုများပပျောက်သွားမည်ဟုသူကယူဆသည်။ 

သင်ခန်းစာ

နမ့်မွန်းပြည်သူ့စစ်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးတာဝန်ယူထားသူဦးစိုးပိုင်ကလူမျိုးရေး ပြဿနာမကြီးထွားစေရေးကိုဆက်လက် ထိန်းချုပ်နိုင်မည်ဟုအကောင်းမြင်သည်။

သူ၏ ငယ်သူငယ်ချင်းဦးဂျိုးဆက်ဇုန်းယော်ကလည်းစိတ်ဝမ်းကွဲမှုများကိုနှစ်ဖက်လုံးကထိန်းသိမ်းလာသည့်အတွက်ပိုမိုတည်ငြိမ်လာသည်ဟုပြောသည်။

“သူနဲ့ဆုံတိုင်းအဲဒီပြဿနာတွေမပြောဖြစ်ကြဘူး။ သူလည်းမပြောဘူး၊ ကျွန်တော်လည်းမပြောဘူး။နှစ်ယောက်လုံးထိန်းကြတယ်”ဟုဦးဂျိုးဆက်ဇုန်းယော်ကဆိုသည်။

နှစ်ဘက်အသိုင်းအဝန်း၏ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာပွဲသဘင် အခမ်းအနားတို့တွင် ပူးပေါင်းပါဝင်ကြရန်လည်းသူကတိုက်တွန်းသည်။

မိုးညှင်းမြို့မှ ဦးသန်းမောင်ကအစ်ကိုဖြစ်သူကိုစောစောစီးစီးဆုံးရှုံးခဲ့ရသည့် အတွက်လည်းယနေ့တိုင် ဝမ်းနည်းနေသူ ဖြစ်သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဒေါ်ခင်ပြုံးရည် (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

လက်နက်ကိုင်လမ်းစဉ်သည်အဖြေမဟုတ်ကြောင်း၊ စစ်ရေးလှုပ်ရှားမှုများလျော့ကျသွားမှ ဒေသတွင်းပိုမိုတည်ငြိမ်မည်ဖြစ်ကြောင်းယူဆနေသူတစ်ဦးလည်း ဖြစ်သည်။

“အတိတ်ကကိစ္စတွေကတော့ မေ့ပစ်ရမှာပဲ၊ ဒါပေမဲ့ နောက်တစ်ကြိမ်ထပ်မဖြစ်အောင်တော့ သင်ခန်းစာယူရမယ်”ဟုဦးသန်းမောင်ကပြောလိုက်သည်။  ။

 

 

Mizzima Weekly