ကျွန်းစုတွင် စက်လှေ ၂ စီး တိုက်မိ၍ ကလေးငယ် တစ်ဦး သေဆုံး

ကျွန်းစုတွင် စက်လှေ ၂ စီး တိုက်မိ၍ ကလေးငယ် တစ်ဦး သေဆုံး
မြိတ်ကင်းမွန်မီးထွန်းလှေများအား တွေ့ရစဉ်။

ကျွန်းစု၊ စက်တင်ဘာ ၂၇ ။     ။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မစမ်းပါးကျေးရွာချောင်းအတွင်းတွင်  စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်၂ နာရီခန့် အချိန်တွင် စက်လှေ ၂ စီး တိုက်မိ၍ အသက် ၁ နှစ်ကျော် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မစမ်းပါးကျေးရွာ ချောင်းအရှေ့တွင် ဂဏန်းဖမ်းရန် မိသားစု ၄ ဦးမှ စက်လှေငယ်ဖြင့် ထွက်လာစဉ် သန်းထိုက်ဖြိုး- ၁ အမည်ရှိ ကင်းမွန်မီးထွန်း ငါးဖမ်းရေယာဉ်မှ ကန့်လတ်ဖြတ် တိုက်မိ၍ မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာများ ရရှိကာ ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းရုံးထံမှ သိရသည်။

မစမ်းပါး ကျေးရွာနေ ဖခင်ဖြစ်သူ ဦးအောင်ထွန်းအေးက“အခင်းဖြစ်ချိန်မှာ ကျွန်တော်တို့ မိသားစု ၄ ဦး ဂဏန်းဖမ်းဖို့ ထွက်လာတာပါ၊ ရွာအရှေ့ကနေပြီး စက်လှေခုတ်မောင်းနေချိန်မှာ ကင်းမွန်မီးထွန်းလှေက ကန့်လန့်ဖြတ်ပြီး လာတိုတ်တာပါ၊ ကျွန်တော်တို့ လှေငယ်ကတော့ နှစ်ပိုင်း ကျိုးသွားတယ်”ဟု ပြောသည်။

စက်လှေ ၂ စီးတိုက်မှုကြောင့် ရွာသားများမှ ကင်းမွန်မီးထွန်းငါးဖမ်းရေယာဉ်အား ဟန့်တားရပ်နားခိုင်းသော်လည်း မရပ်နားပေးဘဲ ခုတ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ခုတ်မောင်း ထွက်ပြေးသွားသော ရေယာဉ်အား ရွာသားများမှ ဓာတ်မီးဖြင့် ထိုးကြည့်ခဲ့ရာ တဝ-၂၆၉၊ သန်းထိုက်ဖြိုး-၁ အမည်ဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

အသက် ၁ နှစ် ၄ လခန့်ရှိ  သမီးဖြစ်သူ မချယ်လီဖြိုး သေဆုံးမှုနှင့်ပတ်သက်၍ တဝ-၂၆၉၊ သန်းထိုက်ဖြိုး- ၁ စက်လှေအား ရေယာဉ်မဆင်မခြင်မောင်းနှင်သူ ကင်းမွန်မီးထွန်းလှေပဲ့နင်းအား စုံစမ်း ဖော်ထုတ်၍ မမစ (ကျွန်းစု) ၏ (ပ)၁၅၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၀/ ၃၇၇/ ၃၀၄ (က) ဥပဒေအရ အရေးယူရန် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Mizzima Weekly