ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု The Best အတွက် ဆန်ခါတင် (၃)ဦး စာရင်း ထွက်ပေါ်လာပြီး မက်ဆီ အံ့အားသင့်ဖွယ် ကျန်ရစ်

ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု The Best အတွက် ဆန်ခါတင် (၃)ဦး စာရင်း ထွက်ပေါ်လာပြီး မက်ဆီ အံ့အားသင့်ဖွယ် ကျန်ရစ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ချီးမြှင့်မယ့် ၂၀၁၈ ကမ္ဘာ့အကောင်းဆုံးဆု The Best အတွက် ဆန်ခါတင်စာရင်းများကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၃)ဦး စာရင်းမှာ ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)၊ ခရိုအေးရှား ကွင်းလယ်လူ လူကာ မိုဒရစ် (ရီးယဲလ်မက်ဒရစ်)နဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာ (လီဗာပူးလ်)တို့ ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

အဆိုပါဆန်ခါတင် (၃)ဦးစာရင်းကို ပီတာရှမိုက်ကယ်လ်၊ ကမ်ဘဲလ်၊ ကနူးနဲ့ ကယ်လီစမစ်တို့အပါအဝင် ကစားသမားဟောင်းကြီးတွေက လန်ဒန်မြို့ရှိ အခမ်းအနားတစ်ခုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ချီးမြှင့်တဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူ မိုဒရစ်နဲ့ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ အထိတက်ရောက်အောင် ဦးဆောင်ခဲ့တဲ့ ဆာလာတို့ဟာ ပထမဆုံးအကြိမ်အဖြစ် ဒီဆုအတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်လာပြီး စီရော်နယ်လ်ဒိုကတော့ အကောင်းဆုံးဆုကို (၂)နှစ်ဆက်တိုက် ရရှိထားသူပါ။

ဒါပေမယ့် စီရော်နယ်လ်ဒိုရဲ့ အကောင်းဆုံးပြိုင်ဘက်အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့အကောင်းဆုံးဆုကို ဆယ်စုနှစ်တစ်ခုကြာ အပြိုင်လုနေကျဖြစ်တဲ့ ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီမှာ ဆန်ခါတင်စာရင်းမှာတောင် အံ့သင့်ဖွယ် မပါဝင်ခဲ့ပါဘူး။

ဒါ့အပြင် မက်ဆီဟာ ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင််စာရင်းမှာလည်း မပါဝင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်စာရင်းများမှ ပထမဆုံး လွဲချော်ရတာလည်း ဖြစ်ပါတယ်။

အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် (၃)ဦး စာရင်းမှာ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်နဲ့ ခရိုအေးရှားနည်းပြ ဒါလစ်တို့ ပါဝင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ၃ နှစ်ဆက်တိုက် ရယူပေးခဲ့တဲ့ နည်းပြ ဇီဒန်းဟာ ဒီဆုကို (၂)နှစ်ဆက်တိုက် ရရှိဖို့ အလားအလာကောင်းနေပါတယ်။

ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးပြီးတဲ့နောက်မှာ နည်းပြ ဒက်စ်ချမ့်စ်ဟာလည်း ဒီဆုကို ရရှိဖို့ ရေပန်းစားနေပြီး နည်းပြ ဒါလစ်ကတော့ ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။

အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းမှာ ရွေးချယ်ခံရသူများမှာ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ် (ရီးယဲလ်မက်ဒရစ်)၊ ပြင်သစ်ဂိုးသမား လိုရစ် (စပါး)နဲ့ ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်လ်တို့ဖြစ်ပါတယ်။

ဖီဖာအဖွဲ့ချုပ်ဟာ The Best ဆုပေးပွဲအခမ်းအနားမှာ ဆုအမျိုးအစား (၉)မျိုးထိ ချီးမြှင့်သွားမှာဖြစ်ပြီး ဒီဆုတွေကို ၂၀၁၆ ခုနှစ်က စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၄)ရက်မှာ လန်ဒန်မြို့ရှိ Royal Festival ခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဆု The Best အတွက် ဆန်ခါတင်စာရင်းများ

အကောင်းဆုံး အမျိုးသားဘောလုံးသမားဆု
စီရော်နယ်လ်ဒို (ပေါ်တူဂီ)၊ မိုဒရစ် (ခရိုအေးရှား)၊ ဆာလာ (အီဂျစ်)

အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု
အာဒါဟီဂါဘတ် (နော်ဝေ)၊ မာရော့ခ်ဆန် (ဂျာမနီ)၊ မာတာ (ဘရာဇီးလ်)

အကောင်းဆုံးဂိုးသမားဆု
ကော်တိုရစ် (ဘယ်လ်ဂျီယံ)၊ လိုရစ် (ပြင်သစ်)၊ ကက်စပါရှမိုက်ကယ်လ် (ဒိန်းမတ်)

အကောင်းဆုံး အမျိုးသားနည်းပြဆု
ဒက်စ်ချမ့်စ် (ပြင်သစ်)၊ ဒါလစ် (ခရိုအေးရှား)၊ ဇီဒန်း (ရီးယဲလ်)

အကောင်းဆုံးအမျိုးသမီး နည်းပြဆု
ရေးနော့ဒ်ပတ်ဒရိုစ် (လိုင်ယွန်)၊ တာကာကူရာ (ဂျပန်)၊ ဆရီနာဝီးမန်း (နယ်သာလန်)

(EFE-EPA)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly