မြန်မာပြည် မြောက်ဖျား - ၅

မြန်မာပြည် မြောက်ဖျား - ၅

သွားတုံးကတော့ ခရီးစဉ်က ရန်ကုန် - မြစ်ကြီးနား ။ မြစ်ကြီးနား - ပူတာအို ။ တစ်ခါ ပူတာအို - မြစ်ကြီးနား ၊  မြစ်ကြီးနား မှ ရန်ကုန်ပဲ ဖြစ်ပါတယ် ။ အသွားက မြစ်ကြီးနားမှာ နှစ်ရက် ၊ ပူတာအိုမှာ နှစ်ရက် ၊ တစ်ခါ မြစ်ကြီးနား ထပ်ရောက် နှစ်ရက်ထပ်နေ ပြီးမှ ရန်ကုန်ပြန်ရောက် ဆိုတော့ ခရီးစဉ်က ၇ ရက်ခန့် ကြာပါတယ် ။ ပထမ မြစ်ကြီးနားရောက်တော့ မိုးတွေက တော်တော်ရွာနေပြီး သွားရလာရတာလည်းမကောင်း၊ ဓာတ်ပုံရိုက် ရတာလည်း မကောင်းဆိုတော့ နောက်တစ်ခေါက် ထပ်ရောက်ဖို့ကလည်း သိတ်မလွယ်ဆိုတော့ စာဖတ်သူတွေ ရော ကျွန်တော်ပါ လုံးဝမသိသေးတဲ့ ၊ စာတွေထဲမှာလည်း မဖတ်ဖူးသေးတဲ့ နေရာတစ်ခုကို ကံအားလျှော်စွာ ရောက်ခဲ့တာလေးကို ပြောပါရစေ ။ အဲဒီ နေရာကတော့ မြစ်ကြီးနားမြို့နဲ့ မြစ်ဆုံကြားရှိ မြစ်ရေ လေ့လာ စောင့်ကြည့်ရေး သုတေသန စခန်းလေးပဲဖြစ်ပါတယ် ။

အ့ံသြစရာဆိုတာကတော့ ဒီစခန်းကို တရုတ်နိုင်ငံကပိုင်ဆိုင်တာဖြစ်ပြီး အချက်အလက်သုတေသနလုပ်ငန်းစဉ် တွေကို တရုတ်ပြည်ကို ပို့ပေးရတာပဲဖြစ်ပါတယ် ။ အဲဒီစခန်းမှာလည်း ထမင်းချက်နဲ့ အစောင့်က ဒေသခံတွေ ဖြစ်လို့ ကျန်တဲ့ဝန်ထမ်းတွေက တရုတ်လူမျိုးတွေပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ အရင်က ထင်ခဲ့မိတာကတော့ ဧရာဝတီမြစ် စတင်စီးဆင်းရာမှစလို့ ဧရာဝတီမြစ်ရေကို မှတ်တမ်းတင် စောင့်ကြည့်ရေး စခန်းတွေရှိတယ်လို့ ထင်ခဲ့တာပါ ။ မိုးလေဝါသနဲ့ ဇလဗေဒ ဆိုတာမှာ ဇလဗေဒက မြစ်ရေအခြေအနေ စောင့်ကြည့်ရေးကို ဆိုလို တာပဲဖြစ်ပါတယ် ။ လေ့လာရသလောက် ဧရာဝတီမြစ်ရေ အခြေအနေစောင့်ကြည့်ရေး စခန်းတွေဟာ ဧရာဝတီ မြစ်တလျှောက်မှာတော့ ရှိပါတယ် ။ မြစ်ကြီးနားမြို့ရဲ့ အထက်ပိုင်းမှာ မြန်မာအစိုးရရဲ့ မြစ်ရေတိုင်းတာတဲ့ စခန်း တွေ မရှိတာ မတွေ့ရတာကို ဆိုလိုတာဖြစ်ပါတယ် ။မြစ်ကြီးနားမြို့နဲ့ မြစ်ဆုံအကြားမှာတော့ တရုတ်တွေရဲ့ မြစ်ရေတိုင်းစခန်း (၃) ခုရှိပြီး မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာတစ်ခု၊ ခုကျွန်တော်တို့ရောက်နေတာကတစ်ခု၊ နောက် မြစ်ကြီးနားအနီး မှာတစ်ခု ဖြစ်ပါတယ် ။ မြစ်ဆုံရဲ့အထက်ပိုင်းမှာတော့ စီမံကိန်းလုပ်တုံးက တရုတ်ပြည် ရဲ့  မြစ်ရေတိုင်းစခန်း အခု (၃၀)လောက် ရှိပါတယ် ။ခုဟာက စီမံကိန်းနားသွားတော့ လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းတော့ (၁၀)ခု လောက်ပဲ ရှိတော့တယ် လို့လည်း သိရပါတယ် ။

သွားရောက်လေ့လာခွင့်ရလို့ ဝင်လေ့လာတဲ့အခါ ၂၀၀၇ ခုနှစ်ထဲက စတင်တည်ထောင် လေ့လာနေတာ ဖြစ် ကြောင်း၊ မြစ်ရေကို နေ့စဉ်တိုင်းထွာနေကြောင်း၊ နေ့စဉ် ဘယ်အချိန်တွေမှာ ရေဘယ်လောက်တက်တယ်၊ ရေ ဘယ်လောက်ရှိတယ်ဆိုတာတွေကို မှတ်တမ်းတင်တာဖြစ်ကြောင်း၊ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး မှတ်တမ်း တင် စောင့်ကြည့် လေ့လာနေတာဖြစ်ကြောင်း၊ ရေစီးနှုန်းကိုလည်း အမြဲတမ်းတိုင်းတာနေတာဖြစ်ကြောင်း၊ မြစ်ရေစီးနှုန်းကို ဘယ်လိုတိုင်းရတယ်၊ မြစ်ရေအတက်အကျကို ဘယ်လိုတိုင်းရတယ်ဆိုတာတွေကို တာဝန်ရှိတဲ့ တရုတ်လူမျိုး အမျိုးသားတစ်ယောက်က လိုက်လံပြသပေးပြီး စကားပြန်မှတစ်ဆင့် ရှင်းပြတာကို မှတ်သားရပါ တယ် ။ ဆိုးဆိုးရွားရွားရေကြီးတာတွေ ဒီဆယ်စုနှစ်အတွင်းမှာ မရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ်ကတော့ မိုးများပြီး ရေကြီး ခဲ့တယ်လို့ ဆိုပါတယ် ။အဲဒီတုန်းက မြစ်ရေဟာ မြစ်ကြီးနားမြို့ပေါ်ထိရောက်အောင် ရေတက်တယ်လို့ သိရပါတယ် ။ သူတို့တွေ ပြောတာကတော့ မြစ်ဆုံဆည်ကြီးဆောက်ပြီးရင်တော့ ဘယ်လောက်မိုးများများ ဆည်ရဲ့အောက်ပိုင်း မြို့တွေ မှာ ရေမကြီးတော့ဘူးလို့ဆိုပါတယ် ။ မြစ်ရေကို လိုသလို ထိန်းချုပ်လို့ရမှာဖြစ်ပြီး လိုသလောက် အတိုးအလျှော့ ရေလွှတ်ပေးနိုင်မှာ ဖြစ်တယ်လို့ပြောပါတယ် ။

မိုးတွေကလည်း တအားရွာနေတာဆိုတော့ ကျွန်တော်တို့ဟာ မြစ်ထဲထိ ဆင်းလို့မရပါဘူး ။ ကိုယ့်နိုင်ငံမှာ သူတို့ဘာတွေ လုပ်နေကြတယ် ၊ ဘယ်လိုမျိုးတွေလုပ်ကြတယ်ဆိုတာ ကျွန်တော်နဲ့ တိုက်ရိုက်ပတ်သက် နေတယ်လို့ကို မြင်တယ်၊ ခံစားရတယ်ဆိုတော့ ကျွန်တော်တို့က အားလုံးကို သိနေရမှာပဲ မဟုတ်ပါလား ။ မြစ်ရေချည်းပဲ တိုင်းတာတာမဟုတ်ဘဲ မိုးလေဝါသအခြေအနေတွေပါ ခန့်မှန်းနေတာလည်းတွေ့ရပါသေးတယ်။ စက်ပစ္စည်းတွေကိုလည်းတွေ့ခဲ့ရပါတယ် ။ တရုတ်လူမျိုး ၃ ဦးတွေ့ခဲ့ရပြီး ၊ မြစ်ကြီးနားမှာ ရုံးစိုက်ထားတဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းရုံးနဲ့ တွဲစပ်ထားတယ်လို့ သိရပါတယ် ။

အဲဒီကမှတစ်ခါ ကျွန်တော်တို့ဟာ ဧရာဝတီရဲ့ မေခမြစ်နဲ့ မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသကို သွားပါတယ် ။ မိုး တွေကလည်း အရမ်းကိုရွာနေလို့ မြစ်ဆုံရပ်ဝန်းနဲ့ ပတ်သက်ပြီး ဘာကိုမှခံစားလို့မရဘဲ ပြန်လာခဲ့ရပါတော့တယ်။ မြစ်ဆုံကအပြန်မှာတော့ ဧရာဝတီမြစ်ကမ်းနံဘေး၊ မြစ်ကြီီးနားမြို့စွန်က မိဘမဲ့ကလေးကျောင်းလေးကို ဝင်ဖြစ်ခဲ့ ပါတယ် ။  ကလေးတွေအကြောင်းတစ်စေ့တစောင်း လေ့လာကြည့်တဲ့အခါမှာတော့ ကလေးတွေဟာ ဒေသ ပေါင်းစုံ၊ အရွယ်ပေါင်းစုံ ရှိပြီး ကချင်နဲ့ ရှမ်းတိုင်းရင်းသား အများစုပဲဖြစ်ပါတယ် ။ အနည်းဆုံး၃ - ၄ နှစ် သားက နေ ကျောင်းဆရာမ အရွယ်အထိရှိတာတွေ့ရပါတယ် ။ ကျောင်းဆရာ အရွယ်ဆိုတာက အသက် ငယ်ငယ် ကတည်းက မိဘမဲ့ကျောင်းကိုရောက်လာပြီး အဲဒီကျောင်းကနေ ကျောင်းထားပေး၊ တက္ကသိုလ်တက် ခွင့်ပေး ဘွဲ့ရ၊ မိဘမဲ့ကျောင်းမှာပဲ ကျောင်းဆရာမပြန်လုပ်၊ အဒီလိုမျိုးတွေပါ။ တစ်ချို့ကျတော့ တောတွင်းတိုက် ပွဲတွေ ကြောင့် မိဘနှစ်ယောက်စလုံး မိုင်းထိ၊ သေ ၊ ကလေးတွေက မိဘမဲ့ဖြစ်၊ အဒီလိုမျိုး ကလေးတွေလည်း တွေ့ခဲ့ရ ပါတယ် ။ တချို့မိဘတွေဆို အေဒ့်ရောဂါနဲ့သေ၊ သူတို့ကလေးက မိဘမဲ့ဖြစ်သွားပြီး မိဘမဲ့ကျောင်းကို ရောက် လာကြတဲ့ ကလေးအချို့လည်းရှိပါတယ် ။

မိဘမဲ့ကလေးကျောင်းကို ရောက်ပြီး ကျောင်းအုပ်ချုပ်သူ ဆရာမကြီးနဲ့လည်း စကားတွေ အများကြီးပြောဖြစ် ခဲ့ပါတယ် ၊ ကလေးတွေကို လူလားမြောက်အောင်ပြုစု ပျိုးထောင်ပေးလို့ ကောင်းကောင်းမွန်မွန် ဘဝတွေဖြစ် သွားကြလို့ ဝမ်းသာပီတိဖြစ်ရတာတွေ၊ သူတို့တွေ ဘယ်လိုမိဘမဲ့ ဖြစ်သွားရတာလည်း ၊ ဘာကြောင့်မိဘမဲ့ဖြစ် သွားရတာတွေကို သိရှိရတော့ စိတ်မကောင်းဖြစ် ဝမ်းနဲရတာတွေ၊ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ပြီး တက္ကသိုလ်တက်ရင်း မိဘမဲ့ကလေးတွေက်ို စာသင်ပေးနေတဲ့ ကိုယ်တိုင်မိဘမဲ့သူတွေကို မြင်ရတွေ့ရ ကြားရ တာ တွေက အတုယူစရာ၊ သင်ခန်းစာယူစရာတွေကို မုဒိတာပွားရင်း မိဘမဲ့ကလေးတွေဟာ ခရစ်တော်သခင် ယေရှုထံမှာ ဆုတောင်းမေတ္တာ ပို့သနေကြတာကိုလည်း ကြည်နူးစွာတွေ့ခဲ့ရပါတယ်။   ။

သန့်ဇော် ( သန်လျင် )

Mizzima Weekly