"စကျင်တောင် မကွယ်ပျောက်ဖို့ ဝိုင်းဝန်းထိမ်းသိမ်းစို့"

"စကျင်တောင် မကွယ်ပျောက်ဖို့ ဝိုင်းဝန်းထိမ်းသိမ်းစို့"
 (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

"စကျင်တောင်ကို ဘယ်သူ ကယ်မှာလဲ။ စကျင်တောင်ကို ဘယ်သူကာကွယ်မှာလဲ။ စကျင်တောင်ကို ဘယ်သူထိန်းသိမ်းမှာလဲ။"

လက်ရှိမှာတော့ စကျင်တောင်ဟာ ရင်ခွဲခံထားရပါတယ်။ မခိုင်မာတဲ့မူဝါဒတွေ ၊ လက်သင့်ရာ စားတော်ခေါ်ထားတွေကြောင့် စကျင်တောင်ဟာ ရစရာမရှိအောင် ပျက်စီးနေတာ တွေ့နေရပါတယ်။

အဆောက်အဦတွေလှဖို့ ၊ ဘဝတွေလှပဖို့ ၊ အလှဆင်ကျောက်တွေ ထုတ်ပေးနေရတယ်။ လူတစ်စုချမ်းသာဖို့ ဗုဒ္ဓရုပ်ပွားတော်တွေအပြင် တိုင်တစ်ပါးတွေအကြိုက် အရုပ်၊ အကောင်များစွာ ထုလုပ်ဖို့ ကျောက်တုံးကြီးတွေ ထုတ်ပေးနေရတယ်။

လူတစ်စုပြီး တစ်စုသာ ချမ်းသာသွားတယ်။ ဒေသခံတွေကတော့ ကုန်လုလုကျောက်တောင်တွေကြည့်ပြီး မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရတယ်။ ဒေသခံတွေ လက်နဲ့ တစ်နိုင်တစ်ပိုင် မိရိုးဖလာလုပ်လာတာ ဆယ်စုနှစ်ပေါင်းများစွာ အပျိုရည်မပျက်ခဲ့တဲ့ ကျောက်တောင်တွေဟာ ဒီဘက် ဆယ်စုနှစ်တွေမှာ စက်အား၊ ဝန်အား၊ လူအားတွေနဲ့ ဝိုင်းပြီး ဖြတ်တောက်တူးဖော်ယူလိုက်တာ တစ်ခုလပ် မီးယပ်ကျိုးသလို ဘုန်းဘုန်းလဲ။

ဖက်စပ်တွေ၊ အကျိုးတူတွေ၊ ဆိုင်းဘုတ်အမျိုးမျိုးနဲ့ ထုတ်ယူသုံးစွဲနေကြပေမယ့် ဒေသဖွံ့ဖြိုးရေးကတော့ ဂျုံးဂျုံးကျ။ ထင်သာမြင်သာပြောင်းလဲလာတာတော့ မတွေ့ရပါဘူး။

မြင်ရသူတိုင်း ရင်နင့်စေတာကတော့ လုပ်ကွက်တွေက သာသနာ့နယ်မြေတွေ ပါနေသလို ကျောက်တောင်ပေါ်တွေက စေတီပုထိုး၊ ဓမ္မာရုံ ၊ ဇရပ်တွေဟာ မပြိုပျက်ရုံတမယ် ခပ်ယဲ့ယဲ့သာ ကျန်နေပါတယ်။ အဲဒီ စေတီပုထိုး၊ ဇရပ်၊ ဓမ္မာရုံတွေနေရာကိုသာ ကွက်ပြီးချန်ထားတယ်။ အဲဒီနေရာပတ်ပတ်လည် လှီးထုတ်ယူနေကြတယ်။ ဘာကြောင့်ဒီလောက်အထိ အထိန်းအကွပ်မဲ့ လုပ်နေတယ်ဆိုတော့ မသိဘူး။

ဒေသခံတွေ မိရိုးဖလာထုတ်ယူနေစဉ်ကတော့ အဲဒီနေရာတွေ မထိဘူးလို့သိရတယ်။ တောင်ခြေပတ်ချာလည်တွေမှာ တူးဖော်ထုတ်လုပ်တယ်လို့ သိရတယ်။

အခုပိုဆိုးတာ အဲဒီစကျင်တောင်တွေရဲ့အနီးမှာရှိတဲ့ ရေချမ်းတောင် သာသနာ့နယ်မြေကိုပါ ကုမ္ပဏီတစ်ခုက ထိပါးလာလို့ ဒေသခံတွေက ဝိုင်းကန့်ကွက်ထားရတယ်။ အဲဒီတောင်နေရာဟာ ရှေးဟောင်းဘုရားစေတီတွေရှိသလို ရှေးဟောင်းလိုဏ်ဂူတွေလည်း ရှိနေပါတယ်။ ဒါအပြင် တောကောင်များစွာ နေထိုင်နေတယ်လို့ သိရပါတယ်။ ဒါတွေ ပျက်စီးမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။

အဲဒီနေရာကို လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတာဝန်ရှိသူကတော့ သူတို့လုပ်ခွင့် လုပ်ကွက်ရထားတာကတော့ အဲဒီတောင်ပါ ပါ,ပါတယ်တဲ့။ ဒါပေမယ့် ဘုရား၊စေတီတွေ နေရာကို ချန်ပြီး ထုတ်မှာပါလို့ ဆိုထားပါတယ်။

ဒေသခံတွေကတော့ လုံးဝ လုပ်ခွင့်မပေးဘဲ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဘုရားစေတီ၊ ပုထိုးတွေရှိနေတဲ့ တောင်တွေ ၊ ရေမြေတောတောင်တွေ ၊ မပျက်စီးသေးတဲ့နေရာတွေကို ချထားပေးမယ်ဆိုရင် သက်ဆိုင်ရာအနေနဲ့ သေချာစီစစ်ဖို့လိုပါတယ်။ အရင် အစိုးရနဲ့လုပ်ငန်းရှင် ဘယ်လိုလုပ်ကိုင်ချထားပေးခဲ့စေကာမူ လက်ရှိအစိုးရအနေနဲ့ ဒီထက်မပျက်စီးအောင် ပြန်လည်ထိန်းသိမ်း စီစစ်ဖို့လိုပါတယ်။

အချိန်တိုတိုအတွင်း စကျင်ဒေသက စကျင်ကျောက်တောင် မကွယ်ပျောက်ဖို့ အားလုံးဝိုင်းဝန်းထိန်းသိမ်းကြပါလို့ မဇ္ဈိမက တိုက်တွန်းလိုပါတယ်။

Mizzima Weekly