စီရော်နယ်လ်ဒို-မက်ဆီတို့ရဲ့ ခေတ်ကို အဆုံးသတ်ပေးလိုက်တဲ့ မိုဒရစ်

စီရော်နယ်လ်ဒို-မက်ဆီတို့ရဲ့ ခေတ်ကို အဆုံးသတ်ပေးလိုက်တဲ့ မိုဒရစ်
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးထားမှုကို ဒီနှစ်မှာတော့ လူကာမိုဒရစ်က အဆုံးသတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြီးမှူးကျင်းပတဲ့ The Best FIFA Football Awards ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တနင်္လာနေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရ မိုဒရစ်ဟာ ပြီးခဲ့တဲ့လက UEFA က ချီးမြှင့်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီအတွက် အကောင်းဆုံးဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု (Golden Ball) ကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမားဟာ ကလပ်အသင်းအနေနဲ့ ရီးယဲလ်အသင်းက ၃ ရာသီဆက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးခဲ့ရာမှာ အသင်းရဲ့ အဓိကကစားသမားဖြစ်ခဲ့သလို နိုင်ငံအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပါတယ်။

မိုဒရစ်ဟာ အကောင်းဆုံးဘောလုံးသမားဆုအတွက် ပြိုင်ဘက်များဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ ဆာလာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

မိုဒရစ်က “မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုပါ။ ကျနော့်ဘဝမှာ အကောင်းဆုံးရာသီတစ်ခုဖြစ်ပါတယ်။ တစ်ဦးချင်းဆုတွေကို ရယူခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေအတွက် ကျနော် အလွန်ဂုဏ်ယူမိပြီး အမြဲသတိရနေပါမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆု မဲခွဲရလဒ်များမှာ မိုဒရစ်က မဲစုစုပေါင် ၂၉.၀၅ ရာခိုင်နှုန်းရရှိပြီး ပြိုင်ဘက်တွေဖြစ်တဲ့ စီရော်နယ်လ်ဒိုက ၁၉.၀၈ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ ဆာလာက မဲ ၁၁.၂၃ ရာခိုင်နှုန်းတို့နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။

အကောင်းဆုံးနည်းပြဆုကို ပြင်သစ် လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒက်စ်ချမ့်စ်က ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုမှု ဘရာဇီးလ်ဝါရင့်တိုက်စစ်မှူး မာတာက ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ရေးနော့ဒ်ပီဒရို့စ်က ရရှိခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုကို နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းဆီ ရောက်ရှိခဲ့တဲ့ ချယ်လ်ဆီးဂိုးသမားဟောင်း ကော်တိုရစ်က ရရှိခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆုကို ဆာလာက အဲဗာတန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံးအသင်း FIFA FIFPro World XI စာရင်းမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၈ ခုနှစ် ဖီဖာအကောင်းဆုံးဆုပေးပွဲ ဆုရစာရင်းများ

အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသား) - မိုဒရစ် (ရီးယဲလ်၊ ခရိုအေးရှား)
အကောင်းဆုံးဘောလုံးသမားဆု (အမျိုးသမီး) - မာတာ (အော်လန်ဒိုပရိုက်၊ ဘရာဇီးလ်)
အကောင်းဆုံးနည်းပြဆု (အမျိုးသား) - ဒက်စ်ချမ့်စ် (ပြင်သစ်)
အကောင်းဆုံးနည်းပြဆု (အမျိုးသမီး) - ရေးနော့ဒ်ပီဒရို့စ် (လိုင်ယွန်)
အကောင်းဆုံးသွင်းဂိုးဆု (Puskas Award) - ဆာလာ (လီဗာပူးလ်၊ အီဂျစ်)
အကောင်းဆုံးဂိုးသမားဆု - ကော်တိုရစ် (ရီးယဲလ်/ချယ်လ်ဆီး၊ ဘယ််လ်ဂျီယံ)
အကောင်းဆုံး ပရိသတ်ဆု - ပီရူးပရိသတ်
Fair Play Award - လန်းနက်သီ (ဂျာမနီ)

၂၀၁၈ ကမ္ဘာ့အကောင်းဆုံးအသင်း (FIFA FIFPro World XI)

ဂိုး - ဒီဂီယာ
နောက်တန်း - အဲလ်ဗတ်စ်၊ ဗာရန်း၊ ရာမို့စ်၊ မာဆယ်လို
အလယ်တန်း - မိုဒရစ်၊ ကွန်တေ၊ ဟာဇက်
အရှေ့တန်း - ဘာပေ၊ မက်ဆီ၊ စီရော်နယ်လ်ဒို

Ref; AFP

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly