ဘန်ကောက်၊ ဂျာကာတာနဲ့ စမ်းချောင်းဘယ်မြို့က ရေအောက်အရင်ရောက်မလဲ

By လွမ်းဒေါင် နှင့် ဝုမ်လျံစန်း/Myanmar Now
24 September 2018
ဘန်ကောက်၊ ဂျာကာတာနဲ့ စမ်းချောင်းဘယ်မြို့က ရေအောက်အရင်ရောက်မလဲ
စက်တင်ဘာလလယ်မိုးကြောင့် စမ်းချောင်းဦးဖီးလမ်းရေကြီးနေစဉ် ( ဓာတ်ပုံ - စမ်းချောင်းမြို့ခံတစ်ဦး)

လက်ရှိကြုံနေရတဲ့ ပြဿနာတွေကိုမဖြေရှင်းနိုင်ရင် ဘန်ကောက်၊ ဂျာကာတာနဲ့ စမ်းချောင်းတို့ဟာ လာမည့်နှစ်အနည်းငယ်အတွင်း လူနေအိမ်တွေထဲ ရေတွေဝင်ရောက်လာတာကို ဆိုးဆိုးရွားရွား ကြုံရနိုင်ပါတယ်။

မြေအောက်ရေ အလွန်အကျွံထုတ်သုံးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနဲ့ ထုထည်ကြီးမားတဲ့ အဆောက်အအုံတွေ တိုးလာခြင်းတို့ကို အလျင်အမြန် မဖြေရှင်းနိုင်ရင် လာမယ့် ၁၅ နှစ်အတွင်းထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ဟာရေအောက်ရောက်သွားလိမ့်မယ်လို့ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ၂၀၁၅ ခုနှစ်အတွင်းက ရေးသားပါတယ်။

ဘန်ကောက်လိုအခြေအနေတွေကြောင့်ဘဲလူ ၁၀ သန်းလောက်နေထိုင်တဲ့ အင်ဒိုနီးရှားမြို့တော် ဂျာကာတာဟာလည်း ၂၀၅၀ မှာရေအောက်နစ်မြုပ်သွားနိုင်တယ်လို့ ပညာရှင်တွေကသတိပေးထားပါတယ်။

ထပ်ပိုးလွှာကွန်ကရစ်ကြောင့်ပလက်ဖောင်းထက်ပိုမြင့်သွားသည့်လမ်းမ( ဓာတ်ပုံ - လွမ်းဒေါင်/Myanmar Now)

လူဦးရေ ၆၅,၀၀၀ ကျော် နေထိုင်တဲ့ ရန်ကုန်မြို့လယ်ပိုင်းကစမ်းချောင်းမြို့နယ် ဟာလည်းအခုကြုံနေရတဲ့ ပြသနာတွေကိုမဖြေရှင်းနိုင်ရင် လာမည့်နှစ်တွေမှာရေမြုပ်ဖို့ရှိပါတယ်။

ဒါပေမယ့် စမ်းချောင်းဟာဘန်ကောက်နဲ့ ဂျာကာတာလို လူနေအိမ်တွေ မြေကြီးထဲနစ်ဝင်သွားတာမဟုတ်ဘဲ လူနေအိမ်ရှေ့က လမ်းမတွေ ရုတ်တရတ် မြင့်တက်လာတာကြောင့် အိမ်တွေ ရေအောက်နစ်မြုပ်ဖို့ အကြောင်းဖန်လာတာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာစမ်းချောင်းမြို့နယ်ထဲကပျက်စီးနေတဲ့ လမ်းမအတော်များများကို ယခုနှစ်ဧပြီလကစပြီး ကွန်ကရစ်ထပ်ပိုးလွှာ ခင်းခဲ့ပါတယ်။

ဒါပေမယ့် လမ်းဟောင်းကို တူးထုတ်ဖို့ ဘတ်ဂျက်ရန်ပုံငွေမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းမတွေပေါ်မှာပဲ ကွန်ကရစ်ကိုထပ်ခင်းခဲ့တာကြောင့် လမ်းတွေဟာ အရင်ထက် နှစ်ဆလောက်မြင့်တက်သွားသလို မြေညီထပ် တိုက်ခန်းတွေထက်လည်း လမ်းတွေက ပိုမြင့်သွားခဲ့ပါတယ်။

နေအိမ်ရေမဝင်ရန် ကြိုတင်ကာကွယ်ထားသောမြေညီထပ်တိုက်ခန်းတစ်ခု ( ဓာတ်ပုံ - လွမ်းဒေါင်/Myanmar Now)

“နဂိုရှိတာကို တူးလိုက်ရင် အသစ်ခင်းတာထက် ကုန်ကျစရိတ်များနေတယ်။ ကျွန်တော်တို့ နိုင်ငံအနေထားလေးနဲ့ တချို့နေရာတွေဆို လုပ်ချင်တယ်။ ဘတ်ဂျက်အနေထားနဲ့ လုပ်ဖို့မရသေးဘူး”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးကThe Voice သတင်းဌာနကို ဩဂုတ်လအတွင်းကပြောကြားခဲ့ပါတယ်။

ဗဟိုလမ်းက တစ်ဖက်နိမ့်နေတဲ့အတွက် လမ်းကိုညီအောင် ကွန်ကရစ်နဲ့ညှိလိုက်တဲ့အတွက် အချို့နေရာတွေမှာ လမ်းကအိမ်တွေထက် နှစ်ပေလောက် မြင့်သွားတာလို့ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်ကလည်းThe Voice သတင်းဌာနကို ဩဂုတ်လအတွင်းက ပြောကြားခဲ့ပါတယ်။

ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲလို့ Myanmar Nowက စမ်းချောင်းမြို့နယ် နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်မဖြေကြားခဲ့ပါဘူး။

အခုဆိုမိုးသဲသဲမဲမဲရွာတိုင်းလမ်းပေါ်ကရေတွေဟာပိုနိမ့်တဲ့ အိမ်တွေထဲစီးဝင်နေတာကြောင့် စမ်းချောင်းမြို့နယ်ထဲက မြေညီထပ်တိုက်ခန်းတွေမှာ နေထိုင်သူတွေဟာ ရန်ကုန်မှာမိုးသဲသဲမဲမဲ ရွာတဲ့အချိန်တွေကို ကြောက်လန့်နေကြပါတယ်။

စမ်းချောင်းမြို့နယ် ဆီဆုံလမ်းမြေညီထပ်မှာ နေထိုင်တဲ့ ဦးခင်မောင်သိန်းက မိုးသည်းလိုက်တိုင်း ရေဝင်နေတဲ့ သူ့အိမ်ကို စိတ်ညစ်နေပါတယ်လို့ Myanmar Now ကိုပြောပါတယ်။

“ရောင်းပစ်မလားထပ်ပြီး မြင့်ပြီး ပြန်ဆောက်မလား။ ဒီတိုင်းတော့ မရဘူးဆိုတာ ကျွန်တော်တို့သိပြီ”လို့ ဆိုပါတယ်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်းပေါ် ရှိ ရှစ်ထပ်ခွဲမြင့်တဲ့ Azure Hotel နဲ့ ၁ဝ ထပ်မြင့်တဲ့ကွန်ဒိုတစ်ခုရဲ့ မြေအောက် ကားပါကင်တွေမှာ ရေတွေဝင်နေခဲ့တာကြောင့် မီးသတ်ကားတွေ၊ ရေစုပ်စက်တွေသုံးပြီး စမ်းချောင်းမီးသတ်က ခြောက်နာရီလောက်ကြာအောင် ရေတွေစုပ်ထုတ်ပေးခဲ့ရပါတယ်။

“ရာသီဥတုကဖောက်ပြန်တော့ မိုးများရင် မြောင်းတွေထဲကိုကျော်သွားတယ်။ ဘေးပတ်ဝန်းကျင် အိမ်တွေပါ ဝင်ကုန်တာပေါ့။ ဟိုတယ်ထဲမှာဝင်တဲ့ အောက်ခန်းအကုန်ပြည့်သွားပြီဆိုရင် လူတွေ အန္တရာယ် ရှိသွားပြီ”လို့ စမ်းချောင်းမြို့နယ် ဒု-မီးသတ်ဦးစီးမှူး ဦးသန်းဇော်ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် စမ်းချောင်းမြို့နယ် အမတ်ဦးအောင်မျိုးကတော့ ကွန်ကရစ်လမ်းတွေကို ကောင်းအောင်ဆက်ခင်းနေသလို မိုးရွာတဲ့အချိန်မှာ ရေတွေမြန်မြန်ကျသွားအောင် မြောင်းတွေကို စည်ပင်က အားစိုက်ပြီးလုပ်နေတယ်လို့ ဆိုပါတယ်။

စမ်းချောင်းမှာ ဆယ်စုနှစ်သုံးခုကြာနေထိုင်တဲ့ အသက် ၈ဝ အရွယ်ဦးခင်မောင်သိန်းကတော့ လမ်းတွေမြင့် လာတာ အပြင်လူတွေဟာ ရေဆင်းတဲ့မြောင်းတွေထဲကို အမှိုက်တွေ အလွန်အကျွံပစ်တာကြောင့် မြို့တွင်းလမ်းမတွေ ရေလျှံတာလို့ ဆိုပါတယ်။ အဲဒီ့ အမှိုက်တွေကိုလည်း စည်ပင်က အမြဲတမ်းလာမရှင်းနိုင်ဘူးလို့ ဆိုပါတယ်။

“နောက်ဖေးလမ်းကြား ရွှံ့ကတစ်ပေလောက် ရောက်နေပြီ။ မြောင်းလည်း ပိတ်နေပြီ၊ အဲဒါလည်းစည်ပင်က ၂၈ နှစ် အတွင်းမှာ တစ်ခါလာဖော်တယ် ဒီလောက်ပဲ”လို့ သူကဆိုပါတယ်။

စမ်းချောင်းမြို့နယ် ဦးဖီးလမ်းကမြေညီထပ်တိုက်ခန်းမှာနေထိုင်တဲ့ အသက် ၆၁ နှစ်ရှိဦးအေးကိုကတော့ မိုးရွာပြီးတဲ့နောက် စမ်းချောင်းရပ်ကွက်ထဲက လမ်းမတွေပေါ် ကျန်ခဲ့တဲ့ရေတွေ အလျင်အမြန်ကျသွားဖို့ အတွက် အင်္ဂလိပ်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ဗားကရာချောက်စီမံကိန်းကို အတုယူပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။
ဗားကရာချောက် ဟာစမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ် အစပ်မှာရှိတဲ့ မြေနိမ့်ဧရိယာတစ်ခုဖြစ်ပြီး မိုးရွာပြီးနောက် မြေနီကုန်းနဲ့ စမ်းချောင်းလိုအမြင့်ပိုင်းကစီးဝင်လာတဲ့ရေတွေစုပြုံရောက်ရှိလာတတ်ပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က မြို့ပြပညာရှင်တွေဟာ ဒီအချက်ကိုကောင်းကောင်းအသုံးချခဲ့ပြီး အမြင့်ပိုင်းကရေတွေကို ဗားကရာချောက်ထဲ အလွယ်တက ူစီးဝင်နိုင်အောင် မြို့တွင်းလမ်းနဲ့ မြောင်းတွေကို စီစဉ်ထားပြီး အဲဒီကမှတစ်ဆင့် လမ်းလျှောက်သွားရင် ငါးမိနစ်လောက်နဲ့ရောက်တဲ့ လှိုင်မြစ်ထဲကို ရေတွေစီးဝင်စေတယ်လို့ စမ်းချောင်းမြို့နယ်သား ဦးအေးကိုက ပြောပါတယ်။
ဘန်ကောက်နဲ့ဂျကာတာလိုပဲ ပြင်ဆင်မှုတွေ ချက်ခြင်းမလုပ်ရင် ရေအောက်ကိုနစ်မြုပ်ဖို့ အရေးကြုံနေရတဲ့ အရေးကြောင့် စမ်းချောင်းမြို့ခံတွေဟာနောက်တစ်ကြိမ်ရန်ကုန်မှာမိုးသည်းလာမှာကိုကြောက်နေကြပါတယ်။

 

 

 

Mizzima Weekly