ပုသိမ်တံတားသစ်အတွက် နေရာဖယ်ပေးရသည့် နစ်နာမှုများအား အစိုးရမှကူညီပေးရန် တောင်းဆို

By စည်သူမောင်မောင်မောင်
02 September 2018
ပုသိမ်တံတားသစ်အတွက် နေရာဖယ်ပေးရသည့် နစ်နာမှုများအား အစိုးရမှကူညီပေးရန် တောင်းဆို
ပုသိမ်မြို့ဘက်ကမ်းအား လှမ်းမြင်တွေ့ရစဉ်။ ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ်၊ စက်တင်ဘာ ၂ ။            ။ ပုသိမ်မြို့ ကမ်း၂ ဖက်အား မြို့လယ်ခေါင်မှ တံတားထိုးတည်ဆောက်မည်ဖြစ်ရာ နေရာဖယ်ပေးရသောကြောင့် နစ်နာမှုများအား အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောင်္ကျင်းရပ်နေထိုင်သူအချို့က တောင်းဆိုလိုက်သည်။

"တံတားနဲ့ ပတ်သက်ပြီး ဝမ်းလည်းဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒီလမ်းမှာရှိတဲ့လူတွေကြတော့ နစ်နာမှုတွေ ရှိတယ်။ ကျွန်တော်တို့က ပြောင်းပေးရမယ်၊ ရွှေ့ပေးရမယ်။ ပြီးရင် လုပ်ငန်းတွေ ထိခိုက်မယ်။ အစိုးရ ကျွန်တော်တို့ကို ဘယ်လိုပြန်ပြီး လုပ်ပေးမလဲ။ ပြည်သူလူထု သက်သာအောင် ဘယ်လိုပြန်လုပ်ပေးမလဲ သိချင်နေတယ်”ဟု ပုသိမ်မြို့ တစ်ဖက်ကမ်း၊ သဘောင်္ကျင်း၊ အမှတ်(၉)ရပ်ကွက်နေ ဦးဇော်ဇော်ဝင်းက နစ်နာမှု အတွက် အစိုးရမှ ပြန်လည်လုပ်ဆောင်ပေးမည့်အခြေအနေသိလိုကြောင်း ပြောသည်။

ပုသိမ်မြို့ကို ဖြတ်စီးနေသော ငဝန်မြစ်ကို ဖြတ်ပြီး ပုသိမ်မြို့တစ်ဖက်ကမ်းသို့ဆက်သွယ်မည့် တံတားအသစ် တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လအတွင်းက   မြေစမ်းသပ်မှုများပြုလုပ်နေပြီး ၎င်းတံတားသည် ချောင်းသာ၊ ငွေဆောင် သာပေါင်းမြို့နယ်များ ဆက်သွယ်သွားလာနိုင်မည် ဖြစ်သည်။

 “ တံတားဆောက်ဆဲကာလပေါ် ကျွန်တော်တို့ နစ်နာကြေးထောက်ပ့ံကြေး ထိုက်ထိုက်တန်တန် ပေးရင်တော့ ဝမ်းသာရမဲ့ အတိုင်းအတာပေါ့။ တစ်လမ်းလုံးတော့ ၅၄အိမ် ၊ သူတို့ တိုင်းတာ ၄၄ မလွတ်ကင်းဘူး”  ဟု သဘောင်္ကျင်းရပ်၊ စျေးဆိုင်ရောင်းချသည့် ဦးကောင်းမြတ်ဝင်းက ပြောသည်။

လက်ရှိအချိန်တွင် ပုသိမ်မြို့ ကမ်း၂ ဖက်အား ဆိုင်ကယ်၊ ကားများ၊ လူများအား ကူးတို့ဖက်များဖြင့် ကူးပြီး သွားလာနေရခြင်းဖြစ်သည်။

တံတားတည်ဆောက်လျှင် ဖျက်ပေးရမည် သင်္ဘောကျင်းဒေသခံများ နစ်နာမှုအား "အကောင်းတစ်ဝက် အဆိုးတစ်ဝက် ပေါ့။ ဒေသခံတွေ ကျောင်းသူကျောင်းသားတွေသွားရေးလာရေး အဆင်ပြေသွားမယ်၊အဆိုးက ဖျက်သိမ်းခံရတဲ့ မိသားစုဝင်ဘဝတွေ ဘယ်လိုပုံစံ ပြန်လည်ထူထောင်ပေးမလဲ။  အဲဒါတော့ စိုးရိမ်တာတော့ ရှိတာပေါ့”ဟု ပုသိမ်မြို့တစ်ဖက်ကမ်းနေ ဒေါက်တာခင်မောင်ထွေးက မဇ္ဈိမသို့ပြောသည်။

တိုင်းအစိ်ုးရအနေဖြင့် ဆွေးနွေးသွားမည့်အကြောင်း "ပြည်သူအိမ်တွေ ရှိတယ်။ အဲဒါကိုလည်း သူတို့နဲ့ သေချာ ဆွေးနွေးမှာပါ။ သူတို့အတွက်ကိုလည်း အများကြီးစဉ်းစားပေးမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကမ်းခြေဒေသဖြစ်သော သာပေါင်းမြို့နယ်ကို ဆက်သွယ်ပေးထားသည့်  ကြိုးတံတား ၁ စင်းရှိပြီး ၂၀၁၆ ခုနှစ်မှာ ပုသိမ်ကြိုးတံတား ပြင်ဆင်မှုပြုလုပ်ခဲ့ရကာ ယခုတံတားသည် ဒုတိယ မြောက် ဖြစ်သည်။

Mizzima Weekly