ပျောက်ဆုံး MH370 လေယာဉ်ကို ဆက်လက်ရှာဖွေပေးဖို့ ဆွေမျိုးမိသားစုများ တောင်းဆို

ပျောက်ဆုံး MH370 လေယာဉ်ကို ဆက်လက်ရှာဖွေပေးဖို့ ဆွေမျိုးမိသားစုများ တောင်းဆို

သြဂုတ် ၁၆ ။           ။ ပဟေဠိဆန်စွာ ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်အမှတ် MH370 ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လုပ်ပေးရေး ယင်းလေယာဉ်ပေါ် လိုက်ပါသွားသူ တရုတ်ခရီးသည်တွေရဲ့ ဆွေမျိုးမိသားစုဝင်တွေက မလေးရှားအစိုးရကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်ပျောက်ရှာပုံတော် ဆက်ဖွင့်ရေးကိစ္စ တောင်းဆိုဖို့အတွက် တရုတ်နိုင်ငံသား ဆွေမျိုး မိသားစုတွေဟာ သြဂုတ် ၁၆ ရက်က ပေကျင်းမြို့ရှိ မလေးရှား သံရုံးရှေ့မှာ လာရောက် စုဝေး တောင်းဆိုခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သြဂုတ် ၁၇ ရက်မှာ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် တရုတ်နိုင်ငံကို တရားဝင် အလည်အပတ် လာရောက်တော့မှာဖြစ်ပါတယ်။   ဆွေမျိုးမိသားစုဝင်တွေကတော့   လေယာဉ်ပျောက်ရှာပုံတော်ဖွင့်ရေး အသနားခံစာတစ်ရပ်ကို မလေးရှားသံရုံး တာဝန်ရှိသူတွေထံ ပေးပို့ တင်ပြဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

ယင်းအပြင် MH370 လေယာဉ်ပေါ် ပါရှိသွားတဲ့ တရုတ်ခရီးသည်တွေရဲ့ ဆွေမျိုးတွေက နိုင်ငံကို လာရောက်မယ့် မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ကိုပါ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါ MH370 လေယာဉ်ကတော့ ၂၀၁၄ ခုနှစ် မတ်လတုန်းက ကွာလာလမ်ပူကနေ ပေကျင်းသို့ ဦးတည်ပျံသန်းရင်း လမ်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ ယင်းလေယာဉ်ပေါ်မှာတော့ တရုတ်နိုင်ငံသား အများစု အပါအဝင် ခရီးသည် နဲ့ အမှုထမ်း ၂၃၉ ဦး လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

Mizzima Weekly