အမျိုးသားရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုး မဲဆွယ်

အမျိုးသားရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုး မဲဆွယ်
ဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ။          ။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီသည် အမျိုးသားရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု မဲဆွယ်ကတိပေးခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှတဆင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ ၊ သဘောထား ၊လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမျိုးသားရေးကိုအစဉ်ထာဝရ ဦးထိပ်ထားတဲ့ ပါတီဖြစ်တဲ့အတွက် ကမ္ဘာတည်သရွေ့ မြန်မာပြည် ရှိနေရပါမယ်။ မြန်မာပြည်ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ ရှိနေမှာဖြစ်သလို ပြည်ခိုင်ဖြိုးပါတီ ရှိနေသမျှ အမျိုးဂုဏ်၊ ဇာတိဂုဏ် မညှိုးနွမ်းစေရ မြန်မာပြည်နယ်နိမိတ်မပြောင်းလဲစေရ ပြည်ပနိုင်ငံများရဲ့ ဗိုလ်ကျစိုးမိုးမှုမခံစေရ လို့ လေးနက်စွာ အာမခံပါတယ်” ဟု ဦးပိုက်ထွေးကဆိုသည်။

ယင်းအပြင် ဦးပိုက်ထွေးက “ကျွန်တော်တို့ပါတီကိုယ်စားလှယ်များကလည်း လွှတ်တော်တွင်းမှာရှိတဲ့ အင်အားနဲ့ ပြည်ပရဲ့ ဗိုလ်ကျစွက်ဖက်မှုကို ကာကွယ်နေကြပါတယ်။ နိုင်ငံသား မဟုတ်သူတွေ နယ်မြေ လုလာမှာကို တားဆီးနေကြပါတယ်” ဟု ဆိုသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရုပ်မြင်သံကြားမှ တဆင့်ပါတီ၏ မူဝါဒ ၊ သဘောထား ၊လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီက ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏  ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူများခင်ဗျား......

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေး ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ပါတီ ဖြစ်သလို ဒီမိုကရေစီအရေးနဲ့ ပြည်သူ့ အခွင့်အရေးများကို စည်းစနစ်ကျနစွာ အလေးထားဖော်ဆောင်ပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် တိုးတက်မြင့်မားရေး အတွက် ထိန်းသိမ်း စောင့်ရှောက်နေတဲ့ပါတီလည်း ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဖော်ဆောင်လိုတဲ့ အတွက် ''၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ'' မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲဆန္ဒရှင် ပြည်သူများရဲ့ အဆုံးအဖြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ခံယူသွားမှာ ဖြစ်ပါကြောင်း ဦးစွာတင်ပြလိုပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား......

ကျွန်တော်တို့ပါတီဟာ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးမှာ မှန်ကန်တဲ့မူဝါဒများနဲ့အညီ လက်ရှိ အခြေအနေများနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းစဉ်များကို ယခင်ကရရှိခဲ့တဲ့ အတွေ့အကြုံကောင်းများ အပေါ် အခြေခံပြီး ပြည်သူ့အကျိုးကို ကျရာနေရာက ထမ်းဆောင်နေတဲ့ပါတီ ဖြစ်ပါတယ်။ အမိ နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့ကို အမျိုးသားရေး တာဝန်အဖြစ် ခံယူပါတယ်။ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အစဉ်ထာဝရရပ်တည်နိုင်ရေးအတွက် ပြည်သူတို့ရဲ့ ဆန္ဒသဘောထားများကို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ အသင့်ရှိနေ ပါတယ်။

ကျွန်တော်တို့ပါတီ နိုင်ငံတော်တာဝန်ယူခဲ့စဉ်အခါကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနဲ့ ဒီမိုကရေစီရေး စတဲ့ကဏ္ဍအသီးသီးမှာ တိုးတက်မှုတွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တာကို ပြည်သူအားလုံး သိရှိခံစားခဲ့ရပြီး ဖြစ်ပါတယ်။

မဲဆန္ဒရှင် ပြည်သူများခင်ဗျား......

ယနေ့အချိန်အခါဟာ ကျွန်တော်တို့ပါတီအစိုးရလက်ထက်က အုတ်မြစ် ချပေးခဲ့တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အဆင့်ဆင့် တိုးတက်ခိုင်မာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု ဆက်လက်တိုးတက်ရေး၊ ပြည်သူများရဲ့လူမှုစီးပွားဘဝ ပိုမိုမြှင့်တင်နိုင်ရေးတို့ကို မျက်ခြည်မပြတ် ဆောင်ရွက်ရမယ့်အချိန် ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့် ပြည်ပ စွက်ဖက်မှုများကိုလည်း စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်အခြေခံအားတွေနဲ့ တွန်းလှန်ရမယ့်အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီအနေနဲ့ မဲဆန္ဒရှင်ပြည်သူများနဲ့လက်တွဲပြီး စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ တိုင်းရင်းသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်ရေး၊ အနာဂတ်ဘဝ သာယာဖြောင့်ဖြူးရေးတို့ကို အထူးအလေးပေး ဆောင်ရွက်လို ပါတယ်။ မဲဆန္ဒရှင် ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသားရေးကို ရှေးရှုပြီး ရွေးချယ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား.....

ဖြတ်သန်းလာခဲ့တဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်မှာ ပြည်သူများအနေနဲ့ ပြည်သူ့အကျိုး သယ်ပိုးနိုင်မယ့်သူ၊ အမျိုးသားအကျိုးစီးပွား ဆောင်ရွက်နိုင်မယ့်သူများကိုသာ သုံးသပ်ဆုံးဖြတ်ပြီး ပြည်သူ့ကိုယ်စားလှယ် အဖြစ် ဆန္ဒမဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီလိုရွေးချယ်ရာမှာ လူမှန်၊ နေရာမှန် ဖြစ်အောင် လူတော်လူကောင်းများကို ရွေးချယ်ပေးနိုင်မှသာ မိမိတို့ရဲ့ မျှော်လင့်ချက်ပြည့်ဝနိုင်ပြီး မိမိတို့ ရွေးချယ်မှုအတွက်လည်း အမြဲတမ်းဂုဏ်ယူ နေနိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် များဟာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး သက်ဆိုင်ရာနယ်မြေဒေသရဲ့ အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်စွမ်းရှိသူများဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းရဲ့ အရည် အချင်းနဲ့ ကိုယ်စားပြုတဲ့ပါတီရဲ့ မူဝါဒများကို ဆန်းစစ်လေ့လာဖို့လိုပါတယ်။ အနာဂတ်ကာလအတွက် ပစ္စုပ္ပန်နဲ့ အတိတ်ကာလဆောင်ရွက်ချက်များကိုလည်း နှိုင်းယှဉ်လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။ မိမိဒေသ အကျိုးကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကိုယ်စားလှယ်က အပြောနဲ့မဟုတ်၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်ဆိုတာ ပြည်သူများကိုယ်တိုင် သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ စနစ်တစ်ခုနဲ့တစ်ခု၊ အစိုးရတစ်ဖွဲ့နဲ့တစ်ဖွဲ့အတွင်း ပြောင်းလဲမှုများကို နှိုင်းယှဉ် လေ့လာသုံးသပ်ပြီး ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတဲ့ ဂတိစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းစွာဖြင့် ကိုယ့်နိုင်ငံတည်တံ့ ခိုင်မြဲရေးနဲ့ ကိုယ့်နိုင်ငံသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းဆုံး သယ်ပိုး ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းများကိုသာ မှန်ကန်စွာရွေးချယ်ပေးကြပါလို့ မေတ္တာရပ်ခံအပ် ပါတယ်။

ကျွန်တော်တို့ပါတီအနေနဲ့ ပါတီရဲ့မှန်ကန်တဲ့မူဝါဒများကို မှတ်ကျောက်တင်ခံနိုင်သလို အကောင်အထည် ဖော် ဆောင်ရွက်ဖို့အတွက်လည်း မျိုးဆက်သစ်များနဲ့ ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လုပ်နည်း လုပ်ဟန်၊ စဉ်းစားတွေးခေါ်မှုအသစ်များနဲ့ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်မယ့် အရည်အချင်း ပြည့်ဝတဲ့ မျိုးဆက်သစ်ကိုယ်စားလှယ်လောင်း များကို ရွေးချယ်ထားပြီးဖြစ်ပါတယ်။

ပြည်သူက ယုံကြည်လို့ ရွေးချယ်တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ပါတီ ကိုယ်စားလှယ်များကလည်း လွှတ်တော် တွင်းမှာရှိတဲ့ အင်အားနဲ့ ပြည်ပရဲ့ ဗိုလ်ကျစွက်ဖက်မှုကို ကာကွယ်နေကြပါတယ်။ နိုင်ငံသား မဟုတ်သူတွေ နယ်မြေ လုလာမှာကို တားဆီးနေကြပါတယ်။ ပြည်သူ့စီးပွားဘဝအတွက် မတရားတဲ့ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုတိုက်ပွဲဝင် နေကြပါတယ်။ ပြည်သူ့ဘဝ လုံခြုံအေးချမ်းရေး အတွက် အကြမ်းဖက်မှုကို အမြစ်ဖြတ်ဖို့ တောင်းဆိုနေကြပါတယ်။ အလားတူ ပါတီအနေဖြင့်လည်း လွှတ်တော်ပြင်ပကနေ ပြည်သူ့အကျိုးအတွက် ထောက်ပြပြောဆိုလျက်ရှိတဲ့အပြင် ပါတီရဲ့ သဘောထား ကြေညာချက်များ ထုတ်ပြန်ပေးလျက်ရှိတာကိုလည်း ပြည်သူ အားလုံးအသိဖြစ်ပါတယ်။

ယခုအခါ ကျွန်တော်တို့ပါတီရဲ့ ဆောင်ရွက်ချက်များအပေါ် ပြည်သူများ နားလည်သဘောပေါက်လာပြီး ကျွန်တော်တို့ ပါတီကို ယုံကြည်အားကိုးမှုအပြည့်နဲ့ ပါတီဝင်အသစ်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ အများအပြား ဝင်ရောက်လျက်ရှိပါတယ်။ ယခုလို ယုံကြည်အားပေးထောက်ခံမှုများကို လာမယ့် ရွေးကောက်ပွဲများဆီအထိ သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက်ဆိုလျှင် ''မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များနှင့်မဆို လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်''။ ပြည်သူ့ ကောင်းကျိုး သယ်ပိုးဆောင်ရွက်တဲ့နေရာမှာ ရန်သူမရှိ၊ မိတ်ဆွေသာရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားပါတယ်။ လုပ်အားပြိုင်ခြင်း၊ မျိုးချစ်စိတ်ပြိုင်ခြင်း၊ ပြည်သူ့အပေါ် သစ္စာတရားပြိုင်ခြင်းတို့ဖြင့်သာ နည်းလမ်းတကျ ဆောင်ရွက် လျက်ရှိကြောင်း ထပ်လောင်းတင်ပြအပ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား......

ရွေးကောက်ပွဲဆိုတာ အနိုင်နဲ့အရှုံး ဒွန်တွဲနေပါတယ်။ မည်သည့်ရလဒ်ပဲ ရပါစေ၊ ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်စွာ ထောက်ခံပေးမယ့် မဲဆန္ဒရှင်ပြည်သူ များကို ကြိုတင်ကျေးဇူးတင်ရှိပါတယ်။ ပြည်ခိုင်ဖြိုး ပါတီဟာ ပြည်သူတို့ရဲ့ ယုံကြည်ထောက်ခံမှုနဲ့ ရှင်သန်နေတာဖြစ်လို့ နိုင်ငံတော်နဲ့ ပြည်သူ့အနာဂတ် အတွက် ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ အမျိုးသားရေးကိုအစဉ်ထာဝရ ဦးထိပ်ထားတဲ့ ပါတီဖြစ်တဲ့အတွက် ကမ္ဘာတည်သရွေ့ မြန်မာပြည် ရှိနေရပါမယ်။ မြန်မာပြည်ရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ ရှိနေမှာဖြစ်သလို ပြည်ခိုင်ဖြိုးပါတီ ရှိနေသမျှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မညှိုးနွမ်းစေရ မြန်မာပြည်နယ်နိမိတ်မပြောင်းလဲစေရ ပြည်ပနိုင်ငံများရဲ့ ဗိုလ်ကျစိုးမိုးမှု မခံစေရ လို့ လေးနက်စွာ အာမခံပါတယ်။

ပြည်သူ့အတွက် စေတနာ၊ လုပ်အား၊ သစ္စာတရားနဲ့ အတွေ့ အကြုံ ပြည့်ဝရင့်ကျက်တဲ့ ကျွန်တော် တို့ပါတီကို ယုံကြည်စွာ ပူးပေါင်း လက်တွဲကြပါရန် မေတ္တာရပ်ခံအပ် ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူများခင်ဗျား....

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီများအနေနဲ့ ၎င်းတို့ရဲ့ မူဝါဒများ၊ ရည်မှန်းချက်များ၊ စွမ်းဆောင်နိုင်မှုများကို ရွေးကောက်ပွဲ ကတိကဝတ်များအဖြစ် မဲဆန္ဒရှင်ပြည်သူများထံ ကြိုတင်အသိပေး အဆုံးအဖြတ် ခံယူလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လက်တွေ့ဆောင်ရွက်နိုင်တဲ့ ကိစ္စများကိုသာ စိတ်ကောင်းစေတနာမှန်ဖြင့် ရိုးသားစွာ ကတိကဝတ်ပြုမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီအနေနဲ့-

အမျိုးသားရေးနဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်ခိုင်မာရေး ဦးစားပေးဆောင်ရွက်သွားပါမယ်။

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်ထားတဲ့အတိုင်း ရရှိခံစားစေရပါမယ်။

ကျွန်တော်တို့ပါတီ အစိုးရလက်ထက်က စတင်တည်ဆောက်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု တိုးတက် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်။

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ထူထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားပါမယ်။

နိုင်ငံတော်ရဲ့ပိုင်နက်နယ်မြေ တစ်လက်မမျှ မည်သို့သော အကြောင်းကြောင်းကြောင့်မျှ ဆုံးရှုံးလျော့ပါးခြင်း မရှိအောင် တာဝန်ယူဆောင်ရွက်သွားပါမယ်။

စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် လူမှုစီးပွားဘဝ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပေး သွားပါမယ်။

လက်ရှိဆောင်ရွက်နေတဲ့ အခွန်အကောက်ဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ဆောင်ရွက်သွားပါမယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ပိုင်ဆိုင်ကြတဲ့ မြန်မာ တို့ရဲ့ မျိုးရိုးဂုဏ်သိက္ခာ မြင့်မား တိုးတက်အောင် ဆောင်ရွက် သွားပါမယ်။

အခြေခံဥပဒေကခွင့်ပြုထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး များကို အပြည့်အဝခံစားနိုင်အောင် ဆောင်ရွက်သွားပါမယ်။

လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ ပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ကြိုးပမ်း ဆောင်ရွက်ပေးသွားပါ့မယ်လို့ ကတိကဝတ်ပြုရင်း .......

''ပြည်သူ့အနာဂတ် ပိုမိုတောက်ပဖို့ပြည်ခိုင်ဖြိုးနဲ့ လက်တွဲစို့'' လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

Mizzima Weekly