ပြည်သူ့အကျိုးအမှန်တကယ်သယ်ပိုးမည့် ပါတီကို မဲပေးရန် NDF တိုက်တွန်း

ပြည်သူ့အကျိုးအမှန်တကယ်သယ်ပိုးမည့် ပါတီကို မဲပေးရန် NDF တိုက်တွန်း

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ။         ။ လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့အကျိုးအား အမှန်တကယ် ဆောင်ရွက်ပေးမည့် ပါတီကို မဲပေးကြရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှအထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော် က ပြောဆိုလိုက်သည်။

စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှတဆင့် NDF ပါတီ၏ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်များ ကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော် က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မဲပေးတဲ့နေရာမှာလည်း ပြည်သူ့အကျိုးကို အမှန်တကယ် သယ်ပိုးမယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး အစွန်းအထင်းမရှိ၊ အပြစ်ကင်းစင်တဲ့ပါတီနဲ့ ပုဂ္ဂိုလ်တွေ ကို မဲပေးကြဖို့လိုပါတယ်” ဟု ၄င်းက ဆိုသည်။

NDF ပါတီ၏ မဲဆွယ်စည်းရုံးရေးစကားကို ရုပ်မြင်သံကြားမှတဆင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်နှင့် အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်တို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်က “စီးပွားရေးမလုပ်တတ်တဲ့ အစိုးရတွေအောက်မှာ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ မပြေမလည်ရှိနေမှာ ဖြစ်ပါတယ်။ ပါတီတွေဟာ ပြည်သူတွေကို ထိထိ ရောက်ရောက်အကျိုးပြုနိုင်မယ့်၊ ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမူဝါဒတွေ ရှိဖို့လိုပါတယ်” ဟု ထည့်သွင်းပြောဆိုထားသည်။

ယင်းအပြင် NDF ပါတီအနေဖြင့် အမျိုးသား အကျိုး စီးပွားကို ဦးထိပ်ထားပြီး တိုင်းချစ် ၊ ပြည်ချစ်၊ မျိုးချစ်စိတ်အပြည့်နဲ့ ပြည်သူ့အကျိုးအတွက် ကြိုးပမ်းထမ်းရွက်သွားမည်ဟုလည်း ကတိပေးပြောဆိုခဲ့သည်။

နိုဝင်ဘာ ၃ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာ ရှိပြီး နိုင်ငံရေးပါတီ (၂၄) ပါတီမှ ကိုယ်စားလှယ်လောင်း (၆၂) ဦး နှင့် တစ်သီးပုဂ္ဂလ(၇) ဦး စုစုပေါင်း(၆၉) ဦးဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်နှင့် အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်တို့၏ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား။

ကျွန်တော်ကတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းမောင်ဖြစ် ပါတယ်။ ပြည်သူလူထုအားလုုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ နိုင်ငံရေးလိုအပ်ချက်အရ ထွက်ပေါ်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများ ကတစ်ဆင့် လွှတ်တော် နိုင်ငံရေးလမ်းကြောင်းနဲ့သာ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ခဲ့တယ်။ အကျိုးဆက်အဖြစ် လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့ပြီး ပထမအကြိမ်လွှတ်တော်မှာ NDF ပါတီအနေနဲ့ ပြည်သူ့အကျိုးကို ထိထိရောက်ရောက်သယ်ပိုးနိုင်ခဲ့ပါတယ်။

ထင်ရှားတာတွေကို တင်ပြရရင် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကတစ်သိန်းရရှိရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း စျေးကွက်ပေါက်စျေးနဲ့အညီဖြစ်ရေး၊ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်တိုးမြှင့်ရရှိရေး၊ သီးနှံအာမခံ စနစ်ဖြစ် ပေါ်ရေး၊ အလုပ် သမားအခွင့်အရေးကာကွယ်ရေးနဲ့ ဆက်သွယ်ရေးဥပဒေကြမ်း တင်သွင်းပြီး လက်ကိုင်ဖုန်း ဆင်းကတ်တွေ စျေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရေးတွေကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်သူ့ အကျိုးကို လက်ငင်းထမ်းရွက်မယ်ဆိုတဲ့့ ကျွန်တော်တို့ပါတီရဲ့ သဘောထား၊ ခံယူချက်ကြောင့်ဖြစ်ပါတယ်။ NDF ပါတီဟာ ဥပဒေပြုရေးမှာဖြစ်စေ၊ အုပ်ချုပ်ရေးမှာဖြစ်စေ၊ လူထုနိုင်ငံရေးထဲ မှာဖြစ်စေ၊ ပြည်သူ ကို အလုပ် အကျွေးပြုဖို့ နောက်တွန့်နေမယ့်ပါတီ မဟုတ်ပါဘူး။ ပြည်သူကခိုင်းသည် ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ ပြည်သူ့ အတွက် ထမ်းရွက်မယ့်ပါတီမျိုး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားမယ်လို့ ပြတ်ပြတ် သားသားကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကျိုးစီးပွား တွေကို ဆိုလိုပါတယ်။ ဒါကြောင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ မွေးရာပါ ကိုယ်ပိုင်အမှတ် လက္ခဏာတွေနဲ့ ပြည်သူ အားလုံးရဲ့ မွေးရာပါအခွင့်အရေးတွေအပေါ် အထူးလေးစားတန်ဖိုးထားတယ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အဝလက်ခံ တဲ့ပါတီလည်း ဖြစ်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ သာယာဝပြောခြင်းရဲ့ အရသာတွေကို တိုင်းရင်းသား ပြည်သူ အားလုံး ခံစားရရှိနိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာယုံကြည်ပါတယ်။

ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်နေတဲ့ ပါတီဟာ အခု ပြည်သူ့ရှေ့မှောက်ရောက်နေပါပြီ။ အဲဒါ NDF ပါတီ ပါပဲ။ ကျွန်တော်တို့ပါတီဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ခေတ်ဦးမှာ ထပ်ကြပ်မကွာ လိုက်ပါဆောင်ရွက် ခဲ့ပါတယ်။ အချုပ်အခြာအာဏာ ထိပါးမခံရရေး၊ မြန်မာ့ပိုင်နက်နယ်မြေ ကျူးကျော်မခံရရေး၊ ဘာသာ၊ သာသနာ ကိုးကွယ်ခွင့်ကို ထိပါးစွက်ဖက်မခံရရေး စတဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုး စီးပွားအရေးတွေမှာ နိုင်ငံရေးသတိရှိရှိ မျက်ခြည်မပြတ် ဆောင် ရွက်လျက်ရှိတဲ့ ပါတီဖြစ်ပါတယ်။ ဒါကို ရဟန်းရှင်လူပြည်သူအများ သိရှိကြပြီးဖြစ် ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား။

ကျွန်တော်တို့ပါတီဟာ နိုင်ငံနဲ့ပြည်သူအကျိုးကို သယ်ပိုးတဲ့နေရာမှာ သိသာထင်ရှားတဲ့ နိုင်ငံရေးလုပ်ရပ် တွေ ရှိခဲ့တာကို အနည်းငယ် တင်ပြချင်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းက လယ်ယာမြေနဲ့ အခြားမြေများ မတရားသိမ်းဆည်း ခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်ခဲ့တဲ့ NDF လွှတ်တော် ကိုယ်စားလှယ်တွေဟာ သိမ်းဆည်းခံမြေအချို့ကို မူလပိုင်ရှင်တွေလက်ထဲ ပြန်ရအောင်လုပ်နိုင်ခဲ့ တယ်။ ဧရာဝတီ၊ ကရင်၊ ကချင်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ ဖြစ်ပါတယ်။ ဒါတွေကို လွှတ်တော်မှတ်တမ်းတွေမှာ အထင်အရှား တွေ့နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကချင် ပြည်နယ်၊ ဟူးကောင်းတောင်ကြားက မြေလွတ် မြေရိုင်းအချို့ အပါအဝင် ဖြစ်တယ်။ ဒါကြောင့် NDF ပါတီဟာ ရွေးကောက်ပွဲနီးမှ ပြည်သူ့ကြားမှာ ပေါ်လာတဲ့ပါတီမျိုး မဟုတ်ပါဘူး။ ပြည်သူ့လိုအင်ဆန္ဒနဲ့အညီ နစ်နာမှုတွေကို ဖြည့်ဆည်းဖို့ ခံယူ လုပ်ဆောင်လျက်ရှိတဲ့ပါတီဖြစ်တယ်ဆိုတာ အားလုံးသိနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်NDF ပါတီဟာ ယုံကြည်အားကိုးထိုက်တဲ့ပါတီဖြစ်ကြောင်း အတိအလင်း ရဲရဲဝံ့ဝံံ့ ပြည်သူကို ချပြပြောကြားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် NDF ပါတီဟာ နိုင်ငံနဲ့ ပြည်သူကို ဘယ်တော့မှသစ္စာမဖောက်တဲ့ ပါတီဖြစ်လို့ပါပဲ။

နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေးစကားဟာ ပြည်သူကိုညွှန်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ဘဝ လုံခြုံဖို့၊ ကျန်းမာချမ်းသာဖို့၊ ပညာကြွယ်ဝဖို့၊ ဝမ်းဝစေဖို့နဲ့ မိမိနိုင်ငံကို ချစ်မြတ်နိုးစေဖို့အတွက် နိုင်ငံရေးကို လုပ်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးရဲ့အခြေခံဟာ စားဝတ်နေရေးပါပဲ။ ပြည်သူတွေ စားဝတ်နေရေးမပြေလည်ရင် တိုင်းပြည်ရဲ့ နိုင်ငံရေး ဟာ ကျဆုံးမယ်ဆိုတာ ဧကန်မုချပါပဲ။ နိုင်ငံ့အတွက် စီးပွားရေးဟာ အလွန်အရေး ကြီးပါတယ်။ စီးပွားရေးကို ကောင်းကောင်းနားလည်ပြီး ကိုင်တွယ်တတ်တဲ့ အစိုးရတွေ အောက်မှာ ပြည်သူတွေပျော်ရွှင်ချမ်းမြေ့နေကြမှာပါ။ စီးပွားရေးရဲ့အရေးပါမှုကို နားမလည်၊ စီးပွားရေးမလုပ်တတ်တဲ့ အစိုးရတွေအောက်မှာ အုပ်ချုပ်ခံပြည်သူတွေရဲ့ စားဝတ်နေရေးဟာ မပြေမလည်ရှိနေမှာ ဖြစ်ပါတယ်။ ပါတီတွေဟာ ပြည်သူတွေကို ထိထိရောက်ရောက်အကျိုးပြုနိုင်မယ့်၊ ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမူဝါဒတွေ ရှိဖို့လိုပါတယ်။ NDF ပါတီကတော့ လူနေမှုဘဝတွေ အဆင်ပြေမှ လွတ်လပ်မှုအရသာကို ခံစားရမယ်ဆိုတဲ့ လူမှုရေးကို အခြေပြုတဲ့ လူမှု လွတ်လပ်ခွင့်ဝါဒနဲ့ စီးပွားရေးမှာ ဥပဒေတွေနဲ့ထိန်းကွပ်ပေးတဲ့ အစိုးရပုဂ္ဂလိက ရောပြွမ်း ထားတဲ့ စျေးကွက်စီးပွားရေးပုံစံကို ချမှတ်ထားပါတယ်။ ဒါဟာ ထားစရာမရှိအောင် ချမ်းသာသူတွေနဲ့ စားစရာ မရှိအောင် ဆင်းရဲသူတွေအကြား ဆင်းရဲချမ်းသာကွာဟမှု ကြီးကို ကျဉ်းကျုံ့စေဖို့ ရည်ရွယ်ချမှတ်ထားတာပဲ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား။

ကျွန်တော်ကတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးနေမင်းကျော် ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူဦးရေ ၂၆ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ အဲ့ဒီအထဲမှာ တောင်သူလယ် သမားတွေက အများစုဖြစ်ပါတယ်။ အဲ့ဒီတောင်သူတွေဟာ သဘာဝဘေးဒဏ်တွေနဲ့ စျေးကွက်အခြေအနေ တွေကြောင့် စီးပွားရေးနာလန်မထူနိုင်ဘဲ လှော်ရင်းနစ်နေကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးနိုင်တဲ့ မြေဧက သန်း ၄ဝ ကျော် ရှိပါတယ်။ ဧက ၁၉ သန်းနီးပါးကိုပဲ အခု စိုက်ပျိုးနိုင်ပါသေးတယ်။ လယ်ယာစီးပွားနဲ့ ကြီးပွားတဲ့နိုင်ငံတွေမှာလို မြေလွတ်တွေရှိသမျှ အကုန်စိုက်နိုင်မယ်ဆိုရင် ဆင်းရဲမွဲတေ မှုကို အတော်အတန်ထိန်းချုပ်နိုင်ပါလိမ့်မယ်။

သဘာဝဘေးဒဏ်တွေကတော့ နှစ်စဉ်ရှိ နေမှာပါပဲ။ ဒါတွေကို ကျော်လွှားနိုင်အောင် တောင်သူတွေအနေနဲ့ မိုးလေဝသနဲ့ ချိန်ဆ စိုက်ပျိုးတဲ့ နည်းလမ်းတွေကို သုံးဖို့လို လာပြီဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီက မိုးလေဝသနဲ့ ယှဉ်တဲ့ စိုက်ပျိုးရေးကို ကျင့်သုံးဖို့ ပထမအကြိမ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရှိရေးကိုNDF ပါတီက မူအဖြစ် ချမှတ်ထားပါတယ်။ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာလို နှစ် ၃ဝ ဂရန်နဲ့ မြေယာပိုင်ဆိုင်ခွင့်ရှိမယ်ဆိုရင် နောက်ပြီး စိုက်နိုင်တဲ့မြေဧက သန်း ၄ဝ လုံးကို ခေတ်မီနည်းပညာများနဲ့အညီ စိုက်ပျိုးထုတ်လုပ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လယ်ယာကုန်ထုတ် ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ အဆုံးတစ်နေ့မှာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ခုလို တင်ပြနေတာတွေဟာ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုး စီးပွားကို အစဉ်ဦးထိပ်ထားကြောင်း အသိပေး တင်ပြခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ မြတ်ဗုဒ္ဓ က ဟောပြောဆိုဆုံးမခဲ့တဲ့ စကားတစ်ခွန်း ကို နိုင်ငံရေးနဲ့ယှဉ်ပြီး အတုယူမှတ်သားဖို့ တင်ပြချင်ပါတယ်။ အဲ့ဒါကတော့ တစ်ဆင့် ကြားစကားနဲ့လည်း မယုံနဲ့။ အစဉ်အဆက် ယုံကြည်ခဲ့တာမို့လည်း မယုံနဲ့။ အကြီး အကဲတွေက ယုံကြည်လိုက်ပါဆိုတိုင်း လည်းမယုံနဲ့။ သူတို့ဟာ သင်တို့အကျိုး ရှိအောင် လုပ်ပေးခဲ့ဖူးသလား။ ပြော စကားသက်သက်ပဲလားဆိုတာ ခွဲခြမ်း စိတ်ဖြာပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ကြ ပါ။ မိမိ၊ သူတစ်ပါး၊ ပြည်သူအများအတွက် အကျိုးရှိရင် ယုံလိုက်ကြလို့ ဟောခဲ့ပါတယ်။ အခုမဲထည့်တဲ့နေရာမှာလည်း အထက်မှာတင်ပြခဲ့သလို ပြည်သူ့အကျိုးကို တကယ်ဆောင်ရွက်ပေးခဲ့တဲ့ပါတီလား။ ရှေ့စကား၊ နောက်စကားညီတဲ့သူတွေရော ဟုတ်ရဲ့လား၊ မဲရပြီးတဲ့နောက် ပြည်သူရှေ့မှောက် ရောက်မလာဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတဲ့ ပါတီလားဆိုတာကို သုံးသပ်ပြီး အမှန်တကယ်ပြည်သူကိုအကျိုးပြုမယ့်ပါတီနဲ့ ပြည်သူကိုလေးစားတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ယုံယုံကြည်ကြည်နဲ့ မဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

အလျဉ်းသင့်လို့ ကျွန်တော်တို့ပါတီရဲ့ လက်ငင်းနိုင်ငံရေးသဘောထားကို အကျဉ်းချုပ် တင်ပြချင်ပါတယ်။ အဲ့ဒါတွေက ငြိမ်းချမ်းရေးဆိုတာ ပြည်သူတွေ အလိုလားဆုံးကိစ္စကြီးဖြစ်လို့ ပြည်သူအားလုံးအတွက် မဖြစ်မနေ ကြိုးပမ်းရေး၊ ကုန်စျေးနှုန်း ကြီးမြင့်လာမှုကြောင့် တစ်နေ့တခြားကြီးထွားလာတဲ့ ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေး အကျပ်အတည်းကို တတ်စွမ်းသမျှ အလေးထားဆောင်ရွက် ပေးရေးနဲ့ မြန်မာ့အချုပ်အခြာ အာဏာ ထိပါးလာမှုကို ဘယ်တော့မှ လက်သင့်မခံ တု့ံပြန်ကာကွယ်ရေးစတာတွေကို တိုင်းချစ် ပြည်ချစ်၊ မျိုးချစ်စိတ်နဲ့ ဆတက်ထမ်းပိုး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြား လိုပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား။

အထွေထွေရွေးကောက်ပွဲဆိုတာ ငါးနှစ်မှတစ်ကြိမ်ကြုံရတာပါ။ ဒီမိုကရေစီ စနစ်မှာ ပြည်သူ့ဆန္ဒဟာ နိုင်ငံကို အုပ်ချုပ်ဖို့ အဆုံးအဖြတ်ဖြစ်ပါတယ်။ မဲပေးလည်း မထူးပါဘူးဆိုပြီး မပေးဘဲနေကြရင် ပြည်သူတွေဟာ မိမိတို့ကြမ္မာ မိမိတို့ ဖန်တီးခွင့်ကို မိမိတို့ကိုယ်တိုင်က လက်လွှတ်လိုက်ကြတာဖြစ် ပါလိမ့်မယ်။ ဒါကြောင့် မဲပေးကြပါ။ မဲမပေးဘူးဆိုရင် လူတစ်စုလက်ထဲမှာ ပြည်သူတွေရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ကြီးကို ဝကွက်အပ်လိုက်သလို ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို တကယ်လုပ်မယ့် နိုင်ငံရေးအစဉ်အလာနဲ့ နိုင်ငံရေးသိက္ခာရှိတဲ့ NDF ပါတီကို မဲပေးကြပါ။ အဲ့ဒီလို မဲပေးမယ်ဆိုရင် နိုင်ငံရေးနောင်တရစရာ မရှိဘူးလို့ အတိအလင်း ပြောချင်ပါတယ်။

မဲပေးတဲ့နေရာမှာလည်း ပြည်သူ့အကျိုးကို အမှန်တကယ် သယ်ပိုးမယ့် ပါတီနဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအစွန်းအထင်းမရှိ၊ အပြစ်ကင်းစင်တဲ့ပါတီနဲ့ ပုဂ္ဂိုလ်တွေ ကို မဲပေးကြဖို့လိုပါတယ်။ ဒါမှနိုင်ငံရေး အဆိုး ကျော့သံသရာကနေ လွတ်မြောက်နိုင် ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ပြည်သူ့အာဏာတည်ရာ မဲတစ်ပြားကို အလေးမထား၊ ပေါ့ပေါ့တန်တန် ယူဆပြီး၊ မစဉ်းမစားမဲထည့် မမှားကြဖို့ တိုက်တွန်းလိုပါတယ်။

NDF ပါတီဟာ ဒီမိုကရေစီကို မောင်ပိုင်စီးမယ့်၊ ရွေးကောက်ခံအာဏာရှင်ဝါဒ (Electoral dictatorship)ကို လက်မခံပါဘူး။ တစ်ပါတီစနစ်ကို မလိုလားကြတဲ့ ပြည်သူတွေဟာ လွှတ်တော်တွေထဲကို ပါတီစုံရောက် အောင် ကြိုးစားရွေးချယ်နိုင်ပါမှ ရွေးကောက်ခံအာဏာရှင်ဝါဒက လွတ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် တိုင်းရင်းသားပါတီ များအပါအဝင် လွှတ်တော်ထဲမှာ ပါတီစုံပါဝင်နိုင်စေဖို့ ရည်ရွယ်ပြီး ပထမအကြိမ် လွှတ်တော်မှာ အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် PRကို NDF ပါတီက အလေးအနက်ထား တင်သွင်းခဲ့တာဖြစ်ပါတယ်။

တစ်ပါတီ အာဏာရှင်စနစ်ဖြစ်စေ၊ ရွေးကောက်ခံ အာဏာရှင်ဝါဒဖြစ်စေ၊ တစ်ပါတီတည်းက လွှမ်းမိုးထားတဲ့အတွက် အပြန်အလှန် ထိန်းကျောင်းနိုင်ခွင့်၊ တည့်မတ်နိုင်ခွင့်၊ ဝေဖန်အကြံပြုနိုင်ခွင့်တို့ ဆုံးရှုံးတတ်ကြပါတယ်။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူ့အကျိုး စီးပွားအတွက် အထက်ပါ ချို့ယွင်းချက်တွေကို ဖယ်ရှားနိုင်ဖို့၊ ပါတီစုံ ပါဝင်ခွင့်ရနိုင်တဲ့ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် PR ကို မြန်မာနိုင်ငံမှာ ကျင့်သုံးနိုင်ရေး၊ ကျွန်တော်တို့ပါတီက ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ဆိုင်ရာဒေသအလိုက်ပြည်သူ့အကျိုးအတွက် အားကိုးရမယ့်ပုဂ္ဂိုလ်နဲ့ ပါတီကို ရွေးချယ်ပြီးမဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ NDFပါတီရဲ့ ခမောက်တံဆိပ်သင်္ကေတကို ပြည်သူတွေက ရွေးချယ်မဲပေး ပြီး တာဝန်ပေးလာမယ်ဆိုရင်၊ ကျွန်တော်တို့ NDF ပါတီဟာ အမျိုးသား အကျိုး စီးပွားကို ဦးထိပ်ထားပြီး တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်အပြည့်နဲ့ ပြည်သူ့အကျိုး အတွက် ကြိုးပမ်းထမ်းရွက်သွားမှာဖြစ်ကြောင်း ရဲရဲကြီးကတိပြုရင်း နိဂုံးချုပ် အပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

Mizzima Weekly