လက်မှတ်မထိုးရသေးသည့်အဖွဲ့များ NCA တွင် ပါဝင်လာရေး ထည့်သွင်းဆွေးနွေးမည်

လက်မှတ်မထိုးရသေးသည့်အဖွဲ့များ NCA တွင် ပါဝင်လာရေး ထည့်သွင်းဆွေးနွေးမည်
 ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး(KNU)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ။            ။ တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး (NCA-S EAO) နောက်ဆုံးနေ့တွင် လက်မှတ် မရေးထိုးရ သေးသည့် အဖွဲ့များ NCA တွင်ပါဝင်လာရေးထည့် သွင်းဆွေးနွေး မည် ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏၂၄ ကြိမ်မြောက် အစည်းအဝေးတွင် ရရှိလာသောဘုံသဘောတူညီချက်များအပေါ်မူတည်၍ ယခုပြုလုပ်နေသည့် NCA – S  EAO ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးနေကြခြင်းလည်းဖြစ်သည်။

ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲ စတုထ္ထနေ့ဖြစ်သည့် နောက်ဆုံးနေ့တွင် သဘာပတိများဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နှင့် ကျာခွန်ဆာတို့က ပစ်ခတ််တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စရပ်များ တင်ပြခြင်းနှင့် ဆွေးနွေးခြင်း၊ NCA-S EAO ၏ လုပ်ငန်းလမ်းညွှန် ကိစ္စနှင့် NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့်မဟာမိတ်များ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်သည်။

“ ကျွန်တော်တို့အချင်းချင်းကြားထဲမှာ မတူကွဲပြားခြင်းကို အားလုံး လက်ခံပြီး ညီညွှတ်မှုရှာဖွေကြတာကို ပြတာပါပဲ။ ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာ ညီညွတ်နေတယ်ဆိုရင် ကျွန်တော်တို့မျှော်မှန်းထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုရရှိအောင် ကြိုးပမ်း ကြတဲ့ နေရာမှာ လွယ်ကူ ချောမွေ့သွားမှာပဲ ဖြစ်ပါတယ်” ဟု တတိယ ကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံ သဘာပတိဖြစ်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ချင်းစီမှ ဦးဆောင်ဆွေးနွေးသူအသီးသီးတွင် မတူညီသော အခြေခံ နားလည်မှု နှင့် နက်ရှိုင်းသည့်ကွာဟမှုများ ရှိနေသည့်အတွက် အပြုသဘောဆောင်ဆွေးနွေးပေးကြရန်လည်း ၄င်းကတိုက်တွန်းလိုက်သည်။

ထို့အပြင် နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘောတူညီမှုမရှိ၍ နိုင်ငံရေးဆွေးနွေးပွဲများမှာ တု့ံဆိုင်းနေသော အခက်အခဲများကိုလည်းကြိုးစား အဖြေရှာကြရန်လည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကဆိုသည်။

ထိပ်သီးအစည်းအဝေးတွင်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတတိယအစည်းအဝေးအပေါ် ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးကိစ္စ၊ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

 

 

Mizzima Weekly