မြိတ်ရှိ တန်ဖိုးနည်းပင်လုံအိမ်ရာတွင် လူနေထိုင်ခြင်းမပြုမီ အက်ကွဲနေသော တိုက်ခန်းများတွေ့ရှိ

မြိတ်ရှိ တန်ဖိုးနည်းပင်လုံအိမ်ရာတွင် လူနေထိုင်ခြင်းမပြုမီ အက်ကွဲနေသော တိုက်ခန်းများတွေ့ရှိ

မြိတ်၊ စက်တင်ဘာ ၁၀ ။         ။ မြိတ်မြို့၊ ရေပုန်းရပ်ကွက်တွင် တိုင်းအစိုးရအဖွဲ့၏ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် သမ္မတအထူးရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် တန်ဖိုးနည်း ပင်လုံအိမ်ရာ ၇ လုံးကို စစ်ဆေးရာတွင် လူနေထိုင်ခြင်းမပြုမီ အက်ကွဲနေသော တိုက်ခန်းများကို တွေ့ရှိခဲ့ရသည်ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ သွားရောက် စစ်ဆေးစဉ် “သိန်းကမ္ဘာ” ကုမ္ပဏီမှ ဆောက်လုပ်ထားသည့် အိမ်ရာ ၂ လုံးမှာ အရည်အသွေး ညံ့ဖျင်း၍ ဆောက်လုပ်ထားသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးထံမှ သိရသည်။

“အခုက အဆောက်အအုံတွေ အများစုက ပြီးနေ ကြပါပြီ၊ မကြာမှီမှာ ပြည်သူတွေကို ပြောင်းရွေ့ နေထိုင်ဖို့က နီးနေလို့ သွားရောက်စစ်ဆေးတာပါ။ အဆောက်အအုံတွေက နံရံတွေ ကွဲအက်နေတာတွေ၊ ပြတင်းပေါက်တွေ မှာ အက်ကွဲနေတာတွေကို တွေ့ရသလို အိမ်ခန်းတွေထဲမှာလည်း ရေတွေ စိမ့်ဝင်နေပါတယ် ” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

မြိတ်မြို့တွင် နယ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်သော အစိုးရဝန်ထမ်းများနှင့် အိမ်ရာမဲ့ကျူးကျော် နေထိုင်သူများအတွက် သမ္မတအထူးရန်ပုံငွေဖြင့်  တိုင်းအစိုးရမှ ဆောက်လုပ်ပေးထားခြင်း   ဖြစ်သည်။

တန်ဖိုးနည်း ပင်လုံအိမ်ရာ (မြိတ်) သည်၊ ၆ ခန်းတွဲပါ ၄ ထပ် အဆောက်အအုံများ ဖြစ်ပြီး၊ တိုင်းအစိုးရအဖွဲ့မှ တင်ဒါစနစ်ဖြင့် အောင်မြင်ထားသည့် ကုမ္ပဏီ ၃ ခုကို လုပ်ငန်း လုပ်ပိုင်ခွင့် ပေးထားခြင်း ဖြစ်ပြီး၊ အဆောက်အအုံများကို သက်ဆိုင်ရာအဖွဲ့များမှ သွားရောက်စစ်ဆေးရာ “သိန်းကမ္ဘာ”ကုမ္ပဏီမှ ဆောက်လုပ် ထားသည့် အဆောက်အအုံ ၂ လုံးမှာ အရည်သွေး ညံ့ပြီး၊ ကြံ့ခိုင်မှု အားနည်း၍ လူနေရန် မသင့်တော်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“လူတောင် မနေသေးဘူး၊ တိုက်ခန်းတွေက ကွဲအက်နေတာ လူတွေ ဘယ်လိုနေမလဲ၊ ဒီအတိုင်းဆိုရင် လူနေဖို့ သင့်၊ မသင့်ဆိုတာ ပညာရှင်နဲ့ ထပ်ပြီး စစ်ဆေးဖို့ လိုမှာပါ။ ကုမ္ပဏီတာဝန်ခံကိုတော့ အချိန်မီ ပြန်ဆင်ပေးဖို့တော့ ပြောခဲ့တယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။

အဆိုပါ ပင်လုံအိမ်ရာ (မြိတ်) ၆ ခန်းတွဲ ၄ ထပ်၊ အဆောက်အအုံ ၇ လုံးအနက် ပထမအဦးဆုံး ဆောက်လုပ် ပြီးသည့် “သိန်းကမ္ကာ” ကုမ္ပဏီမှ အိမ်ရာ ၁ နှင့် ၂ ကို ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အပ်နှံခဲ့သည်ဟု သိရသည်။

ယင်း အဆောက်အုံ ကိစ္စနဲ့ ပတ်သက်၍ “သိန်းကမ္ဘာ” ကုမ္ပဏီတာဝန်ခံ ဦးတိုးတိုးကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အဆောက်အအုံကိစ္စနှင့်ပတ်သက်၍ ဖြေကြားမပေးနိုင်ကြောင်း၊ သိချင်ပါက ထားဝယ်တွင် လူကိုယ်တိုင်လာရောက်မေးမြန်းရန် ပြောဆိုခဲ့သည်။ ကုမ္ပဏီ၏ တာဝန်ရှိသူကို ဖုန်းနံပါတ်ကို တောင်းသော်လည်း မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

တန်ဖိုးနည်း ပင်လုံအိမ်ရာ၌ အခန်း အချို့ကို မကြာမီတွင် နေထိုင််ခွင့် ပြုတော့မည် ဖြစ်ပြီး စစ်ဆေးစဉ် ယင်းသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အခုချိန်အထိတော့ တိုင်းအစိုးရဖွဲ့၏ ရုံးသို့ အရည်သွေး မပြည့်မီတဲ့ အဆောက်အအုံနဲ့ ပတ်သက်ပြီး၊ အစီရင်ခံစာ အချက်အလက်တွေ မရောက်သေးဘူး”ဟု တိုင်းလူမှုရေးနှင့် စည််ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ပြောကြားသည်။

မြိတ်မြို့တွင် တင်ဒါစနစ်ဖြင့် တိုင်းအစိုးရအဖွဲ့မှ တန်ဖိုးနည်း ပင်လုံအိမ်ရာ အဆောက်အအုံ ၇ လုံးကို မြိတ်တော်ဝင်ပုလဲကုမ္ပဏီ၊ နောင်ရိုး မြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် သိန်းကမ္ဘာကုမ္ပဏီတို့ကို ဆောက်လုပ်ခွင့် ပေးထားခြင်း ဖြစ်သည်။

 

Mizzima Weekly