အနာဂတ် နိုင်ငံတော် တည်ဆောက်ရန် စိန်ခေါ်မှုများရှိနေခြင်းကြောင့် NLD ကို မဲဆက်ပေးပါဟုဆို

အနာဂတ် နိုင်ငံတော် တည်ဆောက်ရန် စိန်ခေါ်မှုများရှိနေခြင်းကြောင့် NLD ကို မဲဆက်ပေးပါဟုဆို
ဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ။         ။ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးစားနေသော်လည်း စိန်ခေါ်မှုများ ကျန်ရှိနေခြင်းကြောင့် NLD ကိုယ်စားလှယ်များကို မဲဆက်ပေးပါဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

စက်တင်ဘာ ၁၀ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှတဆင့် NLD ပါတီ၏ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီဒုတိယဥက္ကဋ္ဌ-၂ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခုဆိုရင် အနာဂတ် နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ် ဆိုတာ အခိုင်အမာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ပန်းတိုင်ရောက်အောင် လျှောက်လှမ်း ရဦးမယ့် ခရီးဟာ ရှည်လျားပြီး စိန်ခေါ်မှုများစွာလည်း ကျန်ရှိနေသေးတာကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်များကို တာဝန်ပေးအပ်ပါလို့ မေတ္တာရပ်ခံခြင်းလည်းဖြစ်ပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင် က ဆိုသည်။

NLD ပါတီ အစိုးရတာဝန်ယူခဲ့သည့် အချိန်ကာလအတွင်း၌ ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းကိစ္စကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအစိုးရအပေါ် ဖိအားပေးပြောဆိုနေမှုများရှိနေပြီး မြန်မာစစ်ဖက် အရာရှိကြီးတစ်ချို့ အရေးယူပိတ်ဆို့ခံခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်းက ကိစ္စရပ်များအပေါ် လျစ်လျူရှုသည်ဟု ဆိုကာ NLD ပါတီခေါင်းဆောင်ဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ ပေးအပ်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များလည်း ပြန်လည်ရုပ်သိမ်းခံရသည်။

ယင်းအပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်မှုကိစ္စရပ်များတွင်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်၌ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး အဖွဲ့နှစ်ဖွဲ့သာ လက်မှတ်ထိုးနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး အမှန်တကယ်တိုက်ပွဲများဖြစ်နေသည့် မြန်မာပြည်မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့်မူ လက်မှတ်ရေးထိုးနိုင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးပေ။

သို့သော်လည်း လွတ်လပ်ခြင်း ၊ တူညီသောအခွင့်အလမ်းများရရှိခြင်း နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိခြင်း တို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရေးကို ဦးတည် ဆောင်ရွက်မည်ဟု NLD က မဲဆွယ်ကတိပေးထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD က  တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမယ့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေး ၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး စသည့်များ ဆောင်ရွက်ပေးမည်ဟု မဲဆွယ်ကတိပေးခဲ့သည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ (၁၃) နေရာ စလုံးကို NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ လစ်လပ်နေရာများမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသား လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွွေးကောက်ပွဲတွင်  ပြုစုထားသည့် စာရင်းများအရ အဆိုပါ လစ်လပ်မဲဆန္ဒနယ် နေရာများတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ၈ သိန်းကျော်ခန့် ရှိနေသည်။

ယခုကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်အတွင်း ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်၏ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံသူ၊ နိုင်ငံသားများနဲ့ အတူတကွစုပေါင်းပြီး တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်တွန်းလှန်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ-၂ ဖြစ်သူ ကျွန်တော် ဒေါက်တာဇော်မြင့်မောင်က ပြည်သူလူထုကြီးရဲ့ ကျေးဇူးတရားကို အမြဲအောက်မေ့သတိရလျက် တိုင်းရင်းသားပြည်သူအများ စိတ်လက်ကြည်သာ ရှိနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာတွင် ပါရှိတဲ့အတိုင်း အဖွဲ့ချုပ်ကြီးဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာပြီး လူထုလူတန်းစားအလွှာ အသီးသီးမှ ပြည်သူတို့ကို ကိုယ်စားပြုတဲ့ အဖွဲ့ချုပ်ကြီးအဖြစ် ရပ်တည်ခဲ့တာ အနှစ် ၃ဝ ရှိပြီဖြစ်ကြောင်း ပြည်သူ တစ်ရပ်လုံး အသိပင် ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ချိန်မှစပြီး ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတို့မှာလည်း ပြည်သူလူထုရဲ့ ထောက်ခံ တာဝန်ပေးမှုရရှိခဲ့တဲ့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့မှာ ဦးဆောင် တာဝန်ယူခွင့်ရခဲ့ပါတယ်။ ဒီအတွက် ပြည်ထောင်စု တစ်ဝန်းလုံးက ပြည်သူများကို ကျေးဇူး တင်ကြောင်းနဲ့ ၂ဝ၁၅ ခုနှစ်ကတည်းက ပေးထားခဲ့တဲ့ ဦးတည်ရည်မှန်းချက်များအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းလျက် ရှိပါတယ်။

''ပြောင်းလဲချိန်တန်ပြီ''ဆိုတဲ့ နှိုးဆော်သံနဲ့ စတင်ခဲ့တဲ့ အဖွဲ့ချုပ်ကြီး ဟာ မိမိရဲ့ ပေးထားခဲ့တဲ့ ကတိကဝတ်များကို ဖြည့်ဆည်းဆောင် ရွက်ဖို့အတွက် အချိန်အခါ၊ အခြေအနေနဲ့လျော် ညီစွာ ''ပြည်သူနဲ့ အတူ'' ''စုပေါင်းအင်အား'' ဆိုတဲ့ အနှစ်သာရ ရှိတဲ့ လမ်းညွှန်မှုများနဲ့ အတူ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူလူထုကြီးခင်ဗျာ။

ရွေးကောက်ပွဲကြေညာစာတမ်းမှာ အဖွဲ့ချုပ်ရဲ့ ဦးတည်ဆောင် ရွက်မယ်လို့ ပြည်ထောင်စုသား မိဘ၊ ညီအစ်ကိုမောင်နှမများကို တင်ပြထားခဲ့တဲ့ ဦးတည်ချက် လေးခုကို ပြန်လည်ပြီး အသိပေးလိုပါတယ်-

- တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

- တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေ ထိုင်ရေးကို အာမခံချက်ပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး

- ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမယ့် အုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်လာရေး

- လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်ပါတယ်။

ပထမဦးတည်ချက်နဲ့ကိုက်ညီစွာ တိုင်းရင်းသားအားလုံး လက်တွဲ မဖြုတ်စတမ်း စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်တ့့ံခိုင်မြဲရေး အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ် (၆)ရပ်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကိုအခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ များမှတစ်ဆင့် ပြည်သူ့ဘဝ လုံခြုံအေး ချမ်းစေမည်။

လွတ်လပ်ခြင်း၊ တူညီသောအခွင့်အလမ်းများရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိခြင်းတို့နှင့်ပြည့်စုံသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်ဆောင်ရွက်မည်။

ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသော စီမံချက်များ ချမှတ်ဆောင်ရွက်မည်။

သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှရရှိလာသည့် အကျိုး အမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက် မျှတစွာ ခွဲဝေခံစားခွင့် ရှိစေရမည်။

တိုင်းရင်းသားများအချင်းချင်းအကြား ဖြစ်ပေါ်သော ပြဿနာများကို အပြန်အလှန်လေးစားမှုဖြင့် စားပွဲဝိုင်းဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။

ဒီလုပ်ငန်းစဉ်တွေကို အဖွဲ့ချုပ်ကြီးဦးဆောင်တဲ့ အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ (တတိယ)အကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယ(၂၁)ရာစုပင်လုံကနေ ပြည်ထောင်စုသဘောတူညီချက် ၃၇ ချက်ကို အစိတ်အပိုင်း(၁)အနေနဲ့ရရှိခဲ့ပြီး တတိယ(၂၁)ရာစု ပင်လုံကနေ ပြည်ထောင်စု သဘောတူညီချက် (၁၄) ချက်ကို ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုမျိုးကို ဆက်လက်ရှင်သန်အားကောင်းအောင် ဆောင်ရွက် နိုင်ဖို့အတွက် အဖွဲ့ချုပ်ကို ဆက်လက်ထောက်ခံ တာဝန်ပေးအပ်ဖို့ လေးစားစွာ တောင်းခံအပ်ပါတယ်။

အခုဆိုရင် အနာဂတ်နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုတာ အခိုင်အမာအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ပန်းတိုင်ရောက်အောင် လျှောက်လှမ်းရဦးမယ့် ခရီးဟာ ရှည်လျားပြီး စိန်ခေါ်မှုများစွာလည်း ကျန်ရှိနေသေးတာကြောင့် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်များကို တာဝန်ပေးအပ်ပါလို့ မေတ္တာရပ်ခံခြင်းလည်း ဖြစ်ပါတယ်။

အနာဂတ်ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ အတွက် အဖွဲ့ချုပ်ကြီးအနေနဲ့ ဆက်လက်ဆောင်ရွက်လိုပါတယ်။ ဒီလိုဆောင်ရွက်နိုင်တဲ့ ပါတီအဖြစ်ရပ်တည်နိုင်ဖို့အတွက် ပါတီစည်းကမ်းထိန်း သိမ်းရေးအဖွဲ့အဆင့်ဆင့်နဲ့ လုပ်ထုံးလုပ်နည်းများ၊ ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒသဘောတရားများနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး ကျရောက်လာမယ့်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင် အောင် စဉ်ဆက်မပြတ် အားထုတ်လျက်ရှိပါကြောင်းကိုလည်း ဒီနေရာကနေ အသိပေး တင်ပြလိုပါတယ်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လွတ်လပ်မှု၊ လုံခြုံမှုရှိစေရန် ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေးနိုင်မယ့် အုပ်ချုပ်မှုစနစ်တစ်ရပ်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ပါ တယ်။ တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးမဏ္ဍိုင် ထူထောင်ရန် လုပ်ငန်း စဉ် (၆)ရပ်ကို အတိအလင်း သတ်မှတ်တင်ပြထားပြီး ဖြစ်ပါတယ်။ ယခုအခါမှာ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို အတည်ပြုပြ ဋ္ဌာန်းပြီး အထောက်အကူ ပေးရေးအဖွဲ့ကို ဖွဲ့စည်းလျက် တရားစီရင်ရေးစနစ် အရည်အသွေးမြှင့်တင်ဖို့၊ ပြည်သူကို ဖြောင့်မတ်မှန် ကန်စွာ စောင့်ရှောက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိနေ တာကိုလည်း အသိပေး တင်ပြလိုပါတယ်။

နိုင်ငံစီးပွားရေးအတွက်လည်း ပြည်သူ့ဘဏ္ဍာငွေကို စနစ်တကျ အမြော်အမြင်ရှိရှိ သုံးစွဲရေးတို့မှာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနဲ့ အညီ ပွင့်လင်းမြင်သာတဲ့ စီမံခန့်ခွဲမှု စနစ်ပေါ်ပေါက် လာရေး၊ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေး၊ စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနဲ့ တောင်သူလယ် သမားများအပါအဝင် ပြည်သူများရဲ့ရင်းနှီးငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ငွေရေးကြေးရေးစနစ် ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်နေပါတယ်။

မိမိတို့အစိုးရ နှစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်သူလူထုထံ အစီရင်ခံတင်ပြချင် ပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နှစ်ခွဲကာလအတွင်းမှာ လုပ်ငန်း ပေါင်း ၄၁၃ ခု၊ ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂ ဘီလီယံ ဆောင်ရွက်နိုင် ခဲ့ပါတယ်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအနေဖြင့် လုပ်ငန်းပေါင်း ၂၃၆ ခု၊ ငွေတန်ဖိုး ကျပ် ၆၄ဝဝ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍအနေဖြင့် တိုက်နယ်ဆေးရုံ ၁၁ ရုံ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း ၁၈ ခုနှင့် တိုင်းရင်းဆေးရုံ ၁၆ ရုံ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ပြည်သူလူထုကို အရည် အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ ပါဝင်သည့် Tablet အလုံးပေါင်း ၂ဝဝဝဝ ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ ထို့အပြင် တိုက်နယ်ဆရာဝန် ၇၃၅ ဦးနှင့် မြို့နယ်ဆရာဝန် ၃၃ဝ တို့အား ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားရရှိရေးအနေဖြင့် နှစ်စဉ် ဓာတ်အား တိုးတက်သုံးစွဲမှုမှာ ၁၄ ရာခိုင်နှုန်းခန့်ရှိပြီး ၂ဝ၂ဝ ပြည့်နှစ်မှာ ခန့်မှန်းဓာတ်အားသုံးစွဲမှု ၄၅၃၁ မဂ္ဂါဝပ်ရှိလာမှာ ဖြစ်ပါတယ်။ နှစ်နှစ်ခွဲကာလအတွင်းမှာ ၅၅၆ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်ပေးနိုင် ခဲ့ပါတယ်။ လိုအပ်သော ဓာတ်အားအပြည့် အဝရရှိရေးအတွက် ဓာတ်အားပို့လွှတ်လိုင်းအသစ် ၅ဝဝ ကေဗွီ ၁၄၃ ဒသမ ၇ မိုင် တည်ဆောက်ခြင်းနှင့် ဓာတ်အားခွဲရုံကြီးများ၊ ဓာတ် အားပေး စက်ရုံအမျိုးမျိုးနှင့် စီမံကိန်းများကို အလုံအလောက်ရရှိဖို့ စီမံဆောင် ရွက်ပြီး ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေဖြင့် ကျေးလက် မီးလင်းရေးမှာ ၃၈၄၃ ရွာ မီးလင်းပေး နိုင်ခဲ့ပြီး ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ယခုအခါ ကျေးရွာ အားလုံး ၅၂ ဒသမ ၇ ရာခိုင်နှုန်း လျှပ်စစ်သုံးစွဲလာနိုင်ပြီ ဖြစ်ပါတယ်။

ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၄၈၄၂ ခန်း အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝင်ငွေနည်းဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၉၃၆၄ ခန်း ရောင်းချ ပေးခဲ့ပါတယ်။ နိုင်ငံတော် အတွက် လုပ်သက်တစ်လျှောက်လုံး အင်အားစိုက်ထုတ်၍ တာဝန် ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများကို အေးအေးဆေးဆေး နဲ့ အငြိမ်းစားယူနိုင်ဖို့ ဝန်ထမ်းအိမ်ရာတွေကို ဦးစားပေးစီစဉ်ဆောင်ရွက်နေပါတယ်။

သဘာဝဘေးနှင့်ပတ်သက်၍ ယခင်က သဘာဝဘေးဖြင့် သေဆုံးသူကို တစ်သိန်းထောက်ပံ့ခဲ့ရာမှ ယခုအခါ သုံးသိန်း၊ ဒဏ်ရာရရှိသူကို တစ်သောင်းမှ သုံးသောင်းအထိ ထောက်ပံ့ပေး ခဲ့ရာမှ ယခုအခါ ငါးသောင်း၊ သဘာဝဘေးကြောင့် အဆောက်အအုံများ ပျက်စီးခဲ့လျှင် ပျက်စီးမှုကိုမူတည်၍ တိုးမြှင့်ထောက်ပံ့ပေးလျက် ရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးနဲ့ ဆန်ရိက္ခာကို လူတစ်ယောက်လျှင် တစ်ဘူးနှုန်းဖြင့် ခုနစ်ရက်စာ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းစဉ်များမှာ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၄ဝရ၄ ရွာ၊ အသေးစား ဓာတ်အားစနစ်ဖြင့် ၂၆ ရွာ စုစုပေါင်းကျေးရွာ ၄၁ဝဝ ကိုု မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ခြေ ၂ ဒသမ ၃ သိန်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။ ကျေးလက်ရေပေးဝေရေးလုပ်ငန်းအနေဖြင့် ရွာပေါင်း ၅၈၈၆ ရွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူဦးရေ ၃၃ ဒသမ ၂၇ သိန်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။

စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်းပေါင်း ၁၄၉၇ တွင်း တူးဖော်ပေးခဲ့ပြီး ၇၄၈၅ ဧက အကျိုးပြုနိုင်ခဲ့ပါတယ်။ သောက်သုံးရေရရှိရေးအတွက်် စက်ရေတွင်းပေါင်း ၃၉ဝ တူးဖော်ပေးခဲ့ပြီး လူဦးရေ ၇၈ဝဝဝ ကို အကျိုးပြုနိုင်ခဲ့ပါတယ်။ မြစ်ရေတင် စီမံကိန်းအနေဖြင့် စီမံကိန်းပေါင်း ၁၃ ခု ဖော်ဆောင်နိုင်ခဲ့ပြီး ဧက ၇၄၅ဝ အကျိုး ပြုနိုင်ခဲ့ပါတယ်။

ကျေးလက်ကုန်ထုတ်လမ်း အနေ ဖြင့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်မှာ ၂၂၁ မိုင် လျာထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက် အသက်မွေးဝမ်းကျောင်း သင်တန်း ၁၈၁၁ ကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ လူဦးရေ ၄၇၂ဝဝ သင်တန်းဆင်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ တောင်သူများကို စိုက်ပျိုးရေးအလေ့ အကျင့်ကောင်းဖြစ်သည့် GAP လုပ်ငန်းများ ပြန့်ပွားရေးကိုလည်း ၅၈၁၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး လူဦးရေ ၃၇၄၈၁၄ ဦးကို သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍအနေဖြင့် နိုင်လွန်ကတ္တရာလမ်း မိုင်ပေါင်း ၁၃ဝဝ၊ ကတ္တရာလမ်း မိုင်ပေါင်း ၄၈ဝ၊ ကွန်ကရစ်လမ်း ၃၂၅ မိုင်နှင့် ဆောက်လုပ်ဆဲ ပေ ၁၈ဝ တံတား ၃၁ စင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

လယ်ယာမြေပြဿနာများ တရားမျှတစွာဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် ရရှိရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေတာကို သတိပြုမိမယ်လို့ ယုံကြည် ပါတယ်။

ပညာရေးကဏ္ဍမှာ ပညာသင်ယူမှုဟာ မွေးဖွားတဲ့နေ့ကစပြီး ဘဝတစ်လျှောက်လုံး ဖြစ်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ လူ့ဘဝ တစ်လျှောက်လုံး ပညာသင်ယူနိုင်မယ့်အခွင့် အလမ်းများရရှိစေရေးနဲ့ အကျိုးရှိတဲ့ပညာရပ်များ တတ်မြောက်ကြရန် ဆောင်ရွက်သွား မယ်ဆိုတဲ့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပြည်သူကို တင်ပြခဲ့တဲ့ အတိုင်း အဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ သိသာထင်ရှားစွာ တိုးမြှင့်အသုံးပြုခဲ့ တာကိုလည်း အသိပေးတင်ပြလိုပါတယ်။

ပညာရေးကဏ္ဍမှာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်က ၁၅၃၃ ဘီလီယံ သုံးစွဲခဲ့ရာမှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်မှာ ၂၁၇၆ ဘီလီယံအထိ တိုးမြှင့် သုံးစွဲဖို့ လျာထားပြီး ဖြစ်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာလည်း ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်က ၇၇၈ ဘီလီယံသုံးစွဲခဲ့ရာမှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်မှာ ၁၁၅၁ ဘီလီယံအထိ တိုးမြှင့်သုံးစွဲဖို့ လျာထားပြီးဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်သုံးစွဲခဲ့တဲ့အတွက် ကျေးလက်ဒေသ ကျောင်းနေနှုန်း သိသိသာသာ တိုးတက်လာပြီး ကုလသမဂ္ဂက ဦးတည်ထားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ မူလတန်းကျောင်း နေနှုန်း ၉၁ ရာခိုင်နှုန်းထက် ပိုမိုခဲ့ပါတယ်။ ကျောင်းပေါင်း ၁၅၄၄ ကျောင်းကို တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အခြေခံပညာအလယ်တန်းကျောင်း တက်ရောက်မှုနှုန်း ၇၁ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံးစာတတ်မြောက်မှုနှုန်း ၉၇ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ်။

ယနေ့သင်ကြားပေးနေတဲ့ ဆရာ ဆရာမများရဲ့ ၉၆ ဒသမ ၄ ရာခိုင်နှုန်းအထိ အရည်အသွေးမြှင့်သင်တန်းများ တက်ရောက်ပြီးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခင်က မြန်မာစာအဖွဲ့နေရာမှာ ယခုအခါ ''မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကား ဦးစီးဌာန''ဆိုတာ ဖွဲ့စည်းပြီး ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့လျက် သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့သတ်မှတ်စံနှုန်းတွေအရ တိုင်းရင်းသား ဘာသာစကား သင်ကြားနေပြီဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေးမှာလည်း အမျိုးသား ပညာရေးဥပဒေအရ ဖြေလျှော့မှုများပေးပြီး တက္ကသိုလ်အလိုက် အကြံပြုအဖွဲ့များမှာ ကျောင်းသားများ ပါဝင်ခွင့်ရရှိလာပြီ ဖြစ်ပါတယ်။

လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးရေးလုပ်ငန်းများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်မယ်လို့ ပြည်သူ တွေကို အသိပေးကြေညာခဲ့တဲ့အတိုင်း ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဥပဒေကို ပြင်ဆင်ပြီးဖြစ်ပါတယ်။ ဤဥပဒေသည် နိုင်ငံတကာစံနှုန်း များနှင့်အညီ ရေးဆွဲထားသောဥပဒေဖြစ်ပါတယ်။ မူးယစ်ဆေးစွဲတဲ့ လူငယ်များအတွက် အနာဂတ်ဘဝ ပြန်လည်ထူထောင်ရေးကို စတင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူလူထုကြီးခင်ဗျာ။

ကျွန်တော်တို့ပါတီအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားပေါင်းစုံပြည်သူတစ်ရပ်လုံးဟာ အစိုးရများကိုထိန်းကျောင်း နိုင်တဲ့ ပြည်သူလူထုဖြစ်စေဖို့နဲ့ ပြည်သူ လူထုရဲ့ ထိန်းကျောင်းမှုကိုခံယူလိုတဲ့ အစိုးရများ ပေါ်ထွက် လာရေး ဦးတည်ကြိုးပမ်းအကောင် အထည်ဖော်ဆောင် ရွက်နေပါတယ်။

ကမ္ဘာကြီးရဲ့အခြေအနေ၊ နိုင်ငံရဲ့လိုအပ်ချက်၊ ပြည်သူများရဲ့ဆန္ဒ၊ မျှော်လင့်ချက် တွေကို အစဉ်တစိုက် သတိပြုလေ့လာပြီး သင်ယူကာ ပါတီနဲ့ ပါတီတာဝန်ရှိသူတွေရဲ့ အရည်အသွေးကို အဆက်မပြတ်မြှင့် တင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အစိုးရ အနေဖြင့်လည်း Myanmar Sustainable Development Plan ရေးဆွဲပြီးဖြစ် ပါကြောင်း အသိပေးလိုပါတယ်။

ပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းရတဲ့ဖြစ်စဉ်မှာ စိန်ခေါ်မှုပေါင်း များစွာလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အားကောင်းတဲ့ အစိုးရတစ်ရပ်အဖြစ် ရပ်တည် နိုင်ဖို့ အပြန်အလှန်လေးစားမှုကို တန်ဖိုးထားတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ ပြည်သူတို့ရဲ့ ပကတိဘဝ အခြေအနေနဲ့ လိုအပ်ချက်များကို အလေးထား တဲ့မူဝါဒများနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရေးတော်ပုံကြီးရဲ့ ကနဦးအစက သန္ဓေတည်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံ့တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်ဖို့ ပြည်သူ တို့ရဲ့ ရွေးချယ်တာဝန်ပေးအပ်မှုကို လေးစားယုံကြည်စွာ ခံယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားအပ်ပါတယ်

ကျေးဇူးတင်ပါတယ်။

Mizzima Weekly