ပြည်သူများအား ဆင်းရဲတွင်းမှ မြှင့်တင်ပေးရန်ဆိုသည့် နိုင်ငံရေးပါတီသစ်တစ်ခု မိတ်ဆက်

ပြည်သူများအား ဆင်းရဲတွင်းမှ မြှင့်တင်ပေးရန်ဆိုသည့် နိုင်ငံရေးပါတီသစ်တစ်ခု မိတ်ဆက်
ပါတီ ဦး​ဆောင်​တည်​​ထောင်​မည်​့ ​ဒေါ်​အေး​အေးသင်​းအား ​တွေ့ရစဉ်​။ ဓာတ်​ပုံ- ရဲနိုင်​​(​လောက်​ကိုင်​)

ရန်ကုန်၊ စက်တင်ဘာလ ၁၁  ။       ။ အခြေခံလူတန်းစားဆင်းရဲသားပြည်သူများ အဓိကပါဝင်မည်ဆိုသော နိုင်ငံရေးပါတီအား လာမည့် ၂ဝ၂ဝ ခုနှစ်၊ ရွေးကောက်ပွဲအမီ တည်ထောင်သွားမည်ဖြစ်ကြောင်း ဦးဆောင်တည်ထောင်မည့် ဒေါ်အေးအေးသင်းက ပြောသည်။

ပါတီတည်ထောင်မည့်အကြောင်းနှင့်ပတ်သက်ပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်ရှိ အမှတ် ၉ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ပါတီနာမည်ကိုတော့ “ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ” လို့ အမည်ပေးထားပါတယ်။ ဘာလို့ပေးထား လည်းဆိုတော့ တို့ပြည်သူတွေရဲ့ဘဝကို ဆင်းရဲတွင်းကနေ အမြန်ဆုံးမြှင့်တင်ပေးချင်လို့။ သူတို့ ဆင်းရဲတွင်း နစ်နေတာတွေ၊ ခံစားနေရတာတွေကို ကိုယ်တွေက မြင်တွေ့နေရတဲ့အတွက်ကြောင့် သူတို့ရဲ့ ဘဝလေးတွေကို မြှင့်တင်ပေးချင်လို့ ဒီလိုရည်ရွယ်ချက်လေးနဲ့ အစ်မအနေနဲ့ လုပ်တာပါ ”ဟု ဦးမိုက်ကယ်ကျော်မြင့်၏ ဇနီး ဒေါ်အေးအေးသင်းက ပြောသည်။

ပါတီတည်ထောင်ရန်အတွက် လက်ရှိတွင် ပါတီဝင် ၁၅ ဦးကို ရွေးချယ်ထားပြီး ယခုလအတွင်း နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်လျှောက်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ကျော်မြင့်ဆိုသူမှာ လက်ရှိတွင် အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရပြီး လွတ်မြောက်လာပါက ယခုတည်ထောင်မည့် နိုင်ငံရေးပါတီတွင် ဦးဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အေးအေးသင်းက ပြောသည်။

“ ကိုမိုက်ကယ်ကျော်မြင့်ကတော့ အခုလက်ရှိမှာတော့ အင်းစိန်ထောင်ထဲမှာပါ။ ထောင်ကျနေတာပါ။ သူက လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းတို့ကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီမှာပဲ ထောင်ချခံရတာပေါ့။ ၁ နှစ်နဲ့ ၁ဝ လချခံရတယ်။ လာမယ့် ၁၂ လပိုင်းဆိုရင်တော့ သူ့အတွက် လွတ်ရက်လေးသိပါပြီ”ဟု ဒေါ်အေးအေးသင်းက ပြောသည်။

“ အစ်ကိုတို့က နဂိုတည်းက ကျားကန်ပြီးတော့ ထောက်ပြီးတော့ ပုခုံးထမ်းတင်ပေးလိုက်တဲ့ လူတန်းစားကို ပြန်မကြည့်တဲ့အတွက် အခု ဒေါ်အေးအေးသင်းတို့ ပါတီလုပ်မယ့် အဖွဲ့အစည်းတွေကို အစ်ကို့အနေနဲ့က ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လာလေ့လာတယ်။ ဒီအထဲကိုလည်း အစ်ကိုကြိုက်နှစ်သက်ရင် ဒီပါတီမှာ ဝင်ပြီးတော့ ဦးဆောင်ပေးမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာမှ NLD ပါတီဝင် ဦးဇော်ဝင်း က ပြောသည်။

လက်ရှိတွင် ပါတီ၏ မူဝါဒနှင့် လုပ်ဆောင်သွားမည့်အကြောင်းအရာများအားလုံးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ပါတီတည်ထောင်ခွင့်ကျလာမှသာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထပ်မံအသိပေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

       

 

Mizzima Weekly