အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေ့အကြုံများနှင့် မြန်မာအတွက် အသုံးဝင်မည့်အချက်များ ဆွေးနွေး

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေ့အကြုံများနှင့် မြန်မာအတွက် အသုံးဝင်မည့်အချက်များ ဆွေးနွေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

နေပြည်တော်(စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၈ခုနှစ်)။           ။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေ့အကြုံများနှင့် မြန်မာနိုင်ငံအတွက် အသုံးဝင်မည့် အချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် စက်တင်ဘာ ၁ဝရက်၊ ညနေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vikram Misri ၊ IDEA မှ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ Mr. Sumit Bisariya ၊ Indian Administrative Service မှ ဒါရိုက်တာ Mr.Shakti Sinha နှင့် မြန်မာနိုင်ငံဘက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခံရုံး အဖွဲ့ဝင်ဟောင်း ဦးမြသိန်းနှင့် ရန်ကုန်တက္ကသိုလ်၊ ဥပဒေဘာသာရပ် ပါမောက္ခ ဒေါ်ခင်မာရည်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vikram Misri က “အိန္ဒိယဖွဲ့စည်းပုံမှာဆိုရင် အပိုဒ် ၄၅၀ လောက်ပါပါတယ်။ နှစ် ၇၀ အမှာပြင်ဆင်ချက် အကြိမ် ၁၀၀ ကျော်ရှိခဲ့ပါ တယ်။ ပြောင်းလွယ်ပြင်လွယ် ရှိကြောင်းကို ပြောချင်တာပါ။ အိန္ဒိယဖွဲ့စည်းပုံမှာ အပိုင် ၄၅၀ ထဲမှာ ဖယ်ဒရယ်ဆို တဲ့ စကားလုံးတစ်လုံးမှ မပါဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက လက်တွေ့မှာ ဖယ်ဒရယ်အဖြစ်ဆုံး ပါ။ အိန္ဒိယဖွဲ့စညး်ပုံကြမ်းဥပဒေဟာ အကြိမ်များစွာပြင်ဆင်ခဲ့တယ်။ ဒီအချက်ကိုကြည့်ရင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြောင်းလွယ်ပြင်လွယ်ရှိတာကို တွေ့နိုင်တယ်” ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံကို ပြင်ဆင်းနည်း ၃နည်းဖြင့်ပြင်ဆင်နိုင်ပြီး အချို့အချက်များကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ပေါင်း၏ ဆန္ဒမဲ သုံးပုံနှစ်ပုံဖြင့် ပြင်ဆင်နိုင်သည့်အပြင် ပြည်နယ်လွှတ်တော်များ၏ ရာနှုန်းတစ်ဝက်ကျော်ဖြင့်လည်း ပြင်ဆင်နိုင်ကြောင်းလည်း သံအမတ်ကြီးက ရှင်းပြသည်။

“တတိယနည်းလမ်းကတော့ တစ်ချို့ကလည်းအံ့သြကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သာမန်မဲအများစုနဲ့ ပြင်နိုင် တယ်။ ဥပမာ- လစာတိုးတာမျိုး။ ပြည်နယ်တွေကအထက်လွှတ်တော်ကို ဖျက်သိမ်းတာမျိုးဆိုရင် ရိုးရိုးမဲအများစု နဲ့လုပ်လို့ရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်သည် များစွာ အရေးကြီးပြီး ပြောင်းလွယ်၊ ပြင်လွယ်ဖြစ်ရန် လိုအပ်သည်ဟု လည်း Mr. Sumit Bisariya က ဆွေးနွေးသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြင်ရခက်ဖို့လည်းလိုတယ်။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့လည်းလိုတယ်။ ဒါမှ မ တူညီ ပြောင်းလဲနေတဲ့ခေတ်အသီးသီးမှာ လူ့အဖွဲ့အစည်းက လိုက်ပြောင်းလဲနိုင်မှာ”  ဟု ၎င်းက ဆိုသည်။

သို့သော် “သိပ်ပြီး ပြောင်းလွယ်၊ ပြင်လွယ် ဖြစ်သွားရင်လည်း မကောင်းဘူး။ အဓိပ္ပာယ် မရှိဘူး ဖြစ်သွားတတ်တယ်။ ခဏ ခဏ ပြင်ရင် ပုံမှန်ဥပဒေလို ဖြစ်သွားတယ်။ အာဏာရှိတဲ့သူတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရမယ်လို့ မရှိတော့ဘူး။ သူတို့ အာဏာတည်မြဲရေးအတွက် အလွဲသုံးတာတွေ ဖြစ်လာတယ်။ သူတို့ရည်ရွယ်ချက်အတွက် ဖွဲ့စည်းပုံတွေပြင်ဆင်တဲ့နည်းလမ်းတွေ သုံးတာမျိုး။ ဥရောပဒီမိုကရေစီတွေမှာ ဒီအတိုင်းပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တယ်။ သူတို့အာဏာ တည်မြဲအောင်၊ ဒီမိုကရေစီလမ်းကြောင်း မသွားနိုင်အောင် ပြင်ဆင်တာတွေ၊ လုပ်လာတာတွေ တွေ့နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိရခြင်းကြောင့် နောင်တစ်ချိန်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်နယ်ထောင်စုနိုင်ငံထူထောင်ရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိသည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်ဖြစ်သူ၊ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဆွေးနွေးပွဲအပြီးတွင် ပြောသည်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် နမ့်ဆန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထူးကလည်း “သူတို့ဆီမှာ ပြည်နယ်တွေ ဖွဲ့စည်းခွင့် ရှိတယ်။ အရင်တုန်းက ၁၄ပြည်နယ်ကနေ အခု ၂၉ပြည်နယ် ရှိလာတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ နိုင်ငံအတွက် အများကြီး အထောက်အကူဖြစ်စေတယ်ဆိုတာကို သွားတွေ့ရတယ်။ နောက်တစ်ခုက လူနည်းစုအပေါ်မှာ သူတို့(အိန္ဒိယ)က အများကြီး လုပ်ဆောင်ပေးတယ် ဆိုတာလည်း တွေ့ရတယ်။ နောက်ထပ် တစ်ခုက ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေ ကြားထဲမှာ အာဏာခွဲဝေမှုတွေ၊ အခွန်ခွဲဝေမှုတွေ၊ သယံဇာတခွဲဝေမှုအပိုင်းတွေကလည်း အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်” ဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို အိန္ဒိယသံရုံးနှင့် IDEA တို့ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး Mizzima Media က မီဒီယာပါတနာ အဖြစ် ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Weekly