ရိုက်တာသတင်းသမားနှစ်ဦးကို ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်

ရိုက်တာသတင်းသမားနှစ်ဦးကို ဦးဝင်းတင်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်
ဓာတ်ပုံ-EPA

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။        ။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည့် ရိုက်တာသတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့အပါအဝင် ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဟု ထွက်ဆိုခဲ့သည့် တရားလိုပြ သက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့ကိုပါ နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ပြီး ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ရိုက်တာသတင်းထောက် ကိုဝလုံး၊ကိုကျော်စိုးဦးနှင့် ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့ကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ (၃၄) ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုပွဲတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဟာ သူတို့ဖမ်းဆီးထိန်းသိမ်းခံရတာ ကိုးလပြည့်တဲ့နေ့ဖြစ်နေတယ်။ စိတ်ထဲမှာ သူတို့ကို သတိရတယ်။ သူတို့ကိုယ်တိုင်လွတ်မြောက်လာပြီး ဒီဆုကို လက်ခံစေချင်တယ်” ဟု ရိုက်တာသတင်းထောက် ကိုဝလုံး၏ ဇနီး မပန်းအိဖြူက ဆိုသည်။

ထောင်ဒဏ်အမိန့်ချမှတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ ရိုက်တာသတင်းထောက်နှစ်ဦးစလုံးမှာ စိတ်ဒဏ်ရာ ရခဲ့သည်ဟု ၄င်းကဆက်ပြောသည်။

“သူတို့နှစ်ယောက်က လုံးဝအပြစ်မလုပ်ဘဲနဲ့ သူတို့ကိုယ်တိုင် ကိုးလလုံးလုံးကြီး မျှော်လင့်ခဲ့တာပေါ့။ အမှန်တရားကို လုပ်ခဲ့တယ်။ ဘာမှ အမှားမလုပ်ခဲ့ဘူး။ အကောင်းဆုံးဆုံးဖြတ်ချက်ရမယ်လို့ သူတို့မျှော်လင့်လာတော့ပေါ့။ တရားသူကြီး ဆုံးဖြတ်လိုက်တဲ့အပေါ်မှာတော့ စိတ်ဒဏ်ရာရတယ်” ဟု ကိုဝလုံး၏ ဇနီး မပန်းအိဖြူက ဆိုသည်။

 အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ မိသားစုဝင်များ တက်ရောက်၍ ဆုလက်ခံရရှိခဲ့ခြင်းမရှိပေ။

 ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပေဒဖြင့် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ယင်းပြစ်ဒဏ်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာများ ၊ နိုင်ငံတကာသံတမန်များက မျှတမှုမရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

ဖောင်ဒေးရှင်းအနေဖြင့် စတင်ထူထောင်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ယနေ့လက်ရှိအချိန်အထိ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား(၁) ဦး ၊ လက်ရှိနိုင်ငံရေးအကျဉ်းသား(၁၆၈) ဦး ၊ နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား (၆၇၈) ဦးတို့အတွက် ထောက်ပ့ံငွေ(၂၀၃၁) သိန်း ထောက်ပံ့ပေးအပ်ပြီး ဖြစ်သည်။

 

 

Mizzima Weekly