လွှတ်တော်အမတ်များကို ဂုဏ်သိက္ခာနှင့်အညီ နေစရာစီစဉ်ပေးရန် တောင်းဆို

လွှတ်တော်အမတ်များကို ဂုဏ်သိက္ခာနှင့်အညီ နေစရာစီစဉ်ပေးရန် တောင်းဆို
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ လွှတ်တော်အမတ်များ၏ ဂုဏ်သိက္ခာကို ရှေးရှုပြီး နေစရာအဆောင် စီစဉ်ပေးရန် အမတ်တစ်ဦးက တောင်းဆိုလိုက်သည်။

“မိဘမဲ့ ကလေးများလို စည်ပင်တည်းခိုဆောင်မှာ အခန်းငှားဘဝနဲ့ ရေရှည်အပ်နှံမထားသင့်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ရှေးရှုပြီး လွှတ်တော်ကိုယ်စားလှယ် အဆောင်များ ဖြစ်ပေါ်လာနိုင်ရေး လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပြီး စတင်ဆောင်ရွက်ရန် လိုအပ်နေပြီ” ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောသည်။

စက်တင်ဘာ ၁၂ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ် ဦးဖေသန်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ဟာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ လွှတ်တော်ကြီးမှာ တာဝန်ထမ်းဆောင်နေရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို စည်ပင်တည်းခိုဆောင်မှာ အခန်းငှားနေရခြင်းဟာ ‘အမြင်မတော် ဆင်တော်နဲ့ ခလောက်’ ဆိုသလို ကြည့်မကောင်းပါဘူး” ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ စည်ပင်ဧည့်ရိပ်သာတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များ နေထိုင်ကြပြီး တည်းခိုစရိတ်အဖြစ် တစ်ရက်လျှင် ၅,၂၅၀ ကျပ်နှုန်း(ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း အပါအဝင်) ပေးချေပြီး တည်းခိုကြရခြင်း ဖြစ်သည်။

လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာလှမိုးက “အခန်းခနဲ့ ပက်သက်တဲ့ကိစ္စကတော့ ကျနော်တို့ လွှတ်တော်အခွင့်အရေးကော်မတီအနေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသေးပါဘူး။ ကျနော်တို့ လွှတ်တော်အခွင့်အရေးကော်မတီအနေနဲ့ကတော့ အဓိက ဒီလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေထဲမှာ ပါတဲ့အခွင့်အရေးတွေကို စောင့်ရှောက်ပေးနေခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များကမူ အဆိုပါ စည်ပင်ဧည့်ရိပ်သာတွင် နေထိုင်ကြခြင်း မရှိဘဲ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ၎င်းတို့ ပါတီဌာနချုပ် အတွင်း တည်းခိုဆောင်များတွင်သာ နေထိုင်ကြသည်။

ဦးဖေသန်းက “အခုဆို အိမ်ရှင်က အိမ်ငှားကို လွှတ်တော်အစည်းအဝေးပြီးရင် တစ်ရက်ပိုနေရင် တစ်ရက်စာ ပေးရမယ်လို့ နို့တစ်စာ ထုတ်ထားတာကြောင့် လွှတ်တော်အစည်းအဝေးကို တစ်ရက်ကြိုလာလို့မရ၊ တစ်ရက် နောက်ကျ ထွက်သွားလို့မရ အခက်အခဲ ကြုံတွေ့နေရပါတယ်” ဟုလည်း ပြောကြားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များသည် စရိတ်နှင့် အဆောင်အယောင်အဖြစ် တစ်လလျှင် လစာ ၁ဝသိန်းကျပ် ရရှိပြီး လွှတ်တော်အစည်းအဝေးကျင်းပသည့် နေ့ရက်များတွင် နေ့တွက်စရိတ်အဖြစ် တစ်ရက်လျှင် ကျပ်နှစ်သောင်း ရရှိသည်။

ထို့ပြင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှ လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ကြို/ပို့ ဖယ်ရီယာဉ်များ စီစဉ်ပေးထားပြီး တချို့ အမတ်များက ကိုယ်ပိုင်ကားများဖြင့် အစည်းအဝေး တက်ရောက်ကြသည်။

 

Mizzima Weekly