လဝက ဝန်ထမ်းတွေ လာဘ်စားရင် အချိန်မရွေး တိုင်ကြားဖို့ ဝန်ကြီး ပြော

လဝက ဝန်ထမ်းတွေ လာဘ်စားရင် အချိန်မရွေး တိုင်ကြားဖို့ ဝန်ကြီး ပြော
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၂ရက်၊ ၂၀၁ရခုနှစ်)။ ။ လဝက ဝန်ထမ်းများအနေဖြင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားပါက အချိန်မရွေး တိုင်ကြားနိုင်ကြောင်းနှင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်သည်။

“နိုင်ငံတော်အနေနဲ့လည်း အဂတိတိုက်ဖျက်ရေးလုပ်ငန်းကို အလေးထားဆောင်ရွက်နေပါတယ်။ ဝန်ထမ်းများ အလားတူ ဆောင်ရွက်တဲ့ မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစား ဆောင်ရွက်တယ်။ တံစိုးလက်ဆောင် တောင်းတယ် ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ အချိန်မရွေး ကျနော်တို့ကို တိုင်ကြားနိုင်ပါတယ်” ဟု စက်တင်ဘာ ၁၂ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်လဝက ဦးစီးမှူးသည် ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ပြီး ငွေကြေး တံစိုးလက်ဆောင် တောင်းခံခြင်းအား အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ ဘူးသီးတောင်မြို့နယ်အမတ် ဦးအောင်သောင်းရွှေ၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူဆိပ်ကျေးရွာတွင် နေထိုင်သည့် မောင်ကိုဇော်ဦး ဆိုသူသည် ယခုနှစ် မေလ ၈ရက်က နိုင်ငံသားစိစစ်ရေးကတ်ဒ်ပြား လျှောက်ထားရာတွင် မြို့နယ်လဝက ဦးစီးမှူးက ပလပ်စတစ်ထိုင်ခုံ နှစ်လုံး လှူဒါန်းရန် တောင်းခံခဲ့ကြောင်း၊ ထိုကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံလည်း တိုင်ကြားထားကြောင်း ဦးအောင်သောင်းရွှေက လွှတ်တော်တွင် ပြောသည်။

ထိုကိစ္စအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အဆိုပါ ပလပ်စတစ်ထိုင်ခုံများကို မြို့နယ် လဝက ဦးစီးမှူးက လက်ခံပြီး ရုံးတွင် ထားရှိခြင်းကြောင့် ဦးစီးမှူး၏ လုပ်ထုံးလုပ်နည်း မှားယွင်းမှုအပေါ် ဝန်ထမ်းဥပဒေဖြင့် အရေးယူထားသည်ဟု ဝန်ကြီး ဦးသိန်းဆွေက ပြန်လည် ဖြေကြားသည်။

“မြို့နယ်ဦးစီးမှူးကို နိုင်ငံ့ဝန်ထမ်းဥပဒေအရ အပြစ်ဖော်ပြ၊ မှတ်တမ်းတင် လက်မှတ်ရေးထိုးစေခဲ့ပြီးမှ စီမံခန့်ခွဲရေး နည်းလမ်းအရ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့ ရုံးအမိန့် ထုတ်ပြန်ပြီး ဒေသပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ပြီး ဖြစ်ပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

အလားတူ မဖြစ်စေရေးအတွက် ဝန်ထမ်းအဆင့်ဆင့်ကို မှာကြားထားပြီး ဌာနအနေဖြင့် အလေးထားကြပ်မတ် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

 

Mizzima Weekly