အလုပ်သမား ၊ လယ်သမားအရေး အဓိကထားလုပ်ဆောင်သွားမည်ဟု မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မဲဆွယ်

အလုပ်သမား ၊ လယ်သမားအရေး အဓိကထားလုပ်ဆောင်သွားမည်ဟု မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မဲဆွယ်
ဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန် ၊ စက်တင်ဘာ ၁၂ ။                         ။ ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေဖြင့် အထွေထွေ အကျပ်အတည်း အခက်အခဲများနှင့်ရင်ဆိုင်နေရသည့် အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကိုဦးစားပေး လုပ်ဆောင်သွားမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်။

စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှတဆင့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီဥက္ကဋ္ဌ ဦးဇင်အောင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကိုအခြေခံကာ ပြည်သူလူထုကို လုပ်ဖော်ကိုင်ဖက် များအဖြစ် သဘောထား၍ အထွေထွေအကျပ်အတည်း အခက်အခဲများနှင့်ရင်ဆိုင်နေရသော အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

ယင်အပြင် စီးပွားရေးမူဝါဒကိုလည်း မြေယာနှင့်သယံဇာတအရင်းအနှီးများအပေါ် အခြေခံခြင်းမပြုဘဲ လူသား အရင်းအမြစ်ပေါ် အခြေခံသည့်မူဝါဒကို ကျင့်သုံးသွားမည်ဟုလည်း ဆိုသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ရုပ်မြင်သံကြားမှ တဆင့်ပါတီ၏ မူဝါဒ ၊ သဘောထား ၊လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေဖြင့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်၏ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

မိဘပြည်သူများခင်ဗျား-

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနှင့်အတူ မွေးဖွားလာခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ထိုစဉ်ကာလက ဒီမိုကရေစီတော်လှန်ရေး၏ တပ်ဦးပါတီတစ်ခုဖြစ်ပြီး ဒုတိယ အင်အားအကြီးဆုံးပါတီ ဖြစ်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ မတရားအသင်းအဖြစ် ကြေညာခံခဲ့ရပါတယ်။ မြေပေါ်၌ ကျန်ရှိခဲ့သည့် လုပ်ဖော်ကိုင်ဖက်များမှာလည်း ဒီမိုကရေစီရေးကြိုးပမ်းမှုများကို အသွင်ပုံသဏ္ဌာန် မျိုးစုံဖြင့် စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းခဲ့သည့်အတွက်လည်း အသက်သွေးချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း မြေပေါ်နိုင်ငံရေးစစ်တလင်းကြား၌ စဉ်ဆက်မပြတ် ပါဝင်ဖြတ်သန်းခဲ့ရပြီး ကြွင်းကျန်ရစ်ခဲ့သူများ ဖြစ်တဲ့အတွက် နှစ်နှစ်ဆယ်ကြာသည့်တိုင် မပြီးဆုံးနိုင်သည့် ဒီမိုကရေစီတိုက်ပွဲများ၏ မဟာဗျူဟာ နည်းဗျူဟာများကို ဆန်းစစ်ပြီး

(၁) ကျွန်တော်တို့ လေးစားတန်ဖိုးထားခဲ့ရသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြေပေါ်၌ တရားဝင်ပြန်လည်ရှင်သန်နိုင်ရန်အတွက် လည်းကောင်း၊

(၂) ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေတဲ့ မိမိတို့လုပ်ဖော် ကိုင်ဖက်များလည်း ဂုဏ်သိက္ခာရှိစွာ အမိနိုင်ငံ အတွင်းသို့ ပြန်လာနိုင်ရန်အတွက် လည်းကောင်း၊

(၃) ထောင်တွင်း၌ နှစ်ရှည်အကျဉ်းချခံနေရသော မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ ပြန်လည်လွတ်မြောက်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၌ ကိုယ်တိုင်ပါဝင်နိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်ချက်များ ချမှတ်ကာ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖြစ် တရားဝင်ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲနိုင်ခြင်း၊ မနိုင်ခြင်းထက် မိမိတို့ ဦးတည်ချက် ရည်ရွယ်ချက်များ ခရီးပေါက်မြောက်ရေးက အဓိကဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျာ-

၁၉၈၈ ခုနှစ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြိုးပမ်းမှုခေါင်းစဉ်အောက်ကနေ ဒုတိယ အကြိမ်မြောက် လွတ်လပ်ရေးကြိုးပမ်းမှု မဟာဗျူဟာခေါင်းစဉ်အောက်သို့ပါဝင်ခဲ့တဲ့အတွက် တော်လှန်ရေးဟာ ခရီးရှည်ခဲ့ပါတယ်။ ပဋိပက္ခကာလ အချိန်ကြာမြင့်သည်နှင့်အမျှ တိုင်းပြည်နှင့် ပြည်သူလူထုသာလျှင် ဝေဒနာတွေပြွန်းတီးပြီး အထိနာခဲ့ပါတယ်။ ပထမအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှုက နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့ရတဲ့အတွက် အမိမြေပေါ်ကမောင်းထုတ်ဖို့က လွယ်ပါတယ်။ ကျွန်တော်တို့ဟာ တွန်းရင်းတိုက်ရင်းချဲ့ထွင်ရင်းနဲ့ ဒီမိုကရေစီအလေ့အထတွေကို ဖော်ဆောင်မည့် နည်းဗျူဟာများကို ပြောင်းလဲခဲ့တယ်။

သူလည်းနိုင်၊ ကိုယ်လည်းနိုင်ဆိုတဲ့ သီအိုရီနည်းအတိုင်း စစ်အုပ်ချုပ်ရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အုပ်ချုပ်တာကို အမိအရဆုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး တရားဝင်ပါတီအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျာ-

ဒီကနေ့ ပြည်သူလူထုကြီးဟာ စားဝတ်နေရေးပြေလည်စေချင်တယ်။ မှန်ကန်တဲ့ မျှတတဲ့ ဥပဒေအောက်မှာ နေချင်တယ်။ တစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက အခွင့်အရေးတွေကို လိုချင်တယ်။ ဒါတွေဟာ ဒီနေ့ဒီ အချိန်မှာ ရှိသင့်ရှိထိုက် ရသင့်ရထိုက်တဲ့ အခြေအနေပါ။ ဒါတွေကို နိုင်ငံရေး သမားနှင့် ပြည်သူလူထုကြီးက လက်တွဲကြိုးပမ်းသွားရပါမယ်။

ဒီနေ့လူများစုကြီးဖြစ်တဲ့ ပြည်သူလူထုဟာ နိုင်ငံရေးပဋိပက္ခတရားတွေရဲ့ အခြေအနေအောက်မှာ မွန်းကျပ်ခဲ့ရပြီး ထိခိုက် အဆိုးရွားဆုံးခံစားခဲ့ရသူတွေဖြစ်ပါတယ်။ ပြည်သူလူထုဟာ အသံမဲ့ လူများစုကြီးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရသူတွေဖြစ်တဲ့အတွက် ယနေ့ရရှိလာပြီဖြစ်တဲ့ ပြောခွင့်ဆိုခွင့် ရှေ့ဆက်ခွင့်တွေကို ထို့ထက်ပိုပြီး ပြောခွင့်ဆိုခွင့်တွေရဖို့ ဆက်လက် ဖန်တီးယူရဦးမှာလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဟာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရား စီရင်ရေး အာဏာဆိုတဲ့ အချုပ်အခြာ အာဏာ(၃)ရပ်ကို ဥပဒေတွေနဲ့အညီ အပြန်အလှန် ထိန်းညှိထားတဲ့ စနစ်ဖြစ်တယ်။

တိုင်းပြည်ရဲ့ အချုပ်အခြာသုံးရပ်ဟာ ထွေးရောယှက်တင်ဖြစ်နေပြီး လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ညှိနှိုင်းအုပ်ချုပ်နေမယ်ဆိုရင် ဒီမိုကရေစီစနစ်က ပျက်သုဉ်းသွားနိုင်တယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ စနစ်ရဲ့အချုပ်အခြာမဏ္ဍိုင်သုံးရပ်ကို အပြန်အလှန်ထိန်းညှိပြီး မယိမ်းယိုင်အောင်အတွက် ပွင့်လင်းမြင်သာမှုကို ဖော်ပြနိုင်တဲ့ စတုတ္ထမဏ္ဍိုင်သတင်းမီဒီယာကဏ္ဍနှင့် ထောက်ကန်ပေးထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ သတင်းမီဒီယာ လွတ်လပ်ခွင့် အဟန့်အတား အတားအဆီးမှန်သမျှကို ပြည်သူလူထုနှင့်အတူ ဆန့်ကျင်သွားရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီဟာ ပြည်သူက ပြည်သူတွေကို ပြန်လည်အုပ်ချုပ်ရတဲ့ တာဝန်လွှဲအပ်မှု စနစ်သာလျှင် ဖြစ်ပါတယ်။ တာဝန်လွှဲအပ်မှုစနစ် အားကောင်းဖို့ လိုပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေ စီနိုင်ငံအချို့မှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သက်တမ်းဟာ (၄)နှစ် သတ်မှတ်ထားပြီး လွှတ်တော်နှစ်ရပ်ကို (၂)နှစ်ခြား တစ်ကြိမ် သီးခြားကျင်းပကြတာကို တွေ့ရပါတယ်။ ဒါဟာ အကြောင်းမဲ့နှစ်ကြိမ်ခွဲ ကျင်းပတာ မဟုတ်ပါဘူး။

(၂)နှစ်ခြား တစ်ကြိမ် ကျင်းပတဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ရွေးကောက်ပွဲ တွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအကြား ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကိုယ်စားလှယ် တွေ ရောက်ရှိလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ဟာ ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကို (၅)နှစ်တစ်ကြိမ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ အနိုင်ရတဲ့ပါတီကလည်း အမောဖြေ အတိတ်မေ့၊ ရှုံးတဲ့ပါတီ ကလည်း ပက်လက်လှန် ယက်ကန်ယက်ကန်နဲ့ အီလေးစွဲသွားတယ်။ မဲဆန္ဒရှင်တွေအတွက် ရွေးချယ်စရာအခွင့်အလမ်း မဖန်တီးနိုင်တဲ့အတွက် ပြင်ဖို့လိုပါတယ်။

လူတွေရေးဆွဲထားတာ ဖြစ်တဲ့အတွက် ပြုပြင်မရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ကမ္ဘာမှာမရှိဘူး။ ပါတီစုံစနစ် ရှင်သန်အားကောင်းဖို့ဆိုရင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနဲ့ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲတွေကို လွှတ်တော်သက်တမ်း ၂ နှစ် ၆ လကြာတဲ့အချိန်မှာ နောက် လွှတ်တော်သက်တမ်း အတွက် တစ်ကြိမ်စီခွဲပြီးကျင်းပဖို့ ပြည်သူလူထုနဲ့အတူ ကြိုးပမ်းသွားရမှာလည်း ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား-

မဲဆန္ဒရှင်ပြည်သူလူထုဟာ သက်ဆိုင်ရာကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်နိုင်တဲ့ အခွင့်အရေးရှိသလို တာဝန်မှပယ်ဖျက်နိုင်တဲ့အခွင့်အရေးလည်း ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း တာဝန်မှပယ်ဖျက်နိုင်တဲ့ အခွင့်အရေးရှိသော်လည်း နည်းဥပဒေတွေကို ယခင် လွှတ်တော်တွေက မပြဋ္ဌာန်းနိုင်ခဲ့သလို ယခုလွှတ်တော်ကလည်း လျစ်လျူရှုထားတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၉) ပုဒ်မ ၃၉၇ မှာ ပြည်ထောင်စု လွှတ်တော်ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်လို့ ဆိုထားပါတယ်။ ပြည်သူ့အတွက် လိုအပ်သော ဥပဒေတွေကို ပြည်သူ့ကိုယ်စား လှယ်တွေဟာ အချိန်မဆိုင်းဘဲ အကောင် အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒါတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက မေ့လျော့နေကြတယ်။

ဒီမိုကရေစီစနစ်အရ အများစုဆန္ဒက အဆုံးအဖြတ်ဖြစ်သော်လည်း လူနည်းစုရဲ့ဆန္ဒကို လည်း လျစ်လျူရှုလို့ မရတဲ့စနစ်ဖြစ်တယ်။ တန်းတူရည်တူ ပြောခွင့်၊ ဆိုခွင့်၊ ရပိုင်ခွင့်တွေအတွက် အာမခံဖို့လိုပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ ဝါဒစွဲကိုင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ပေါက်လာစေရန် နိုင်ငံရေးသမားတိုင်းက ပြည်သူလူထုကို လုပ်ဖော်ကိုင်ဖက် လို သဘောထားပြီး ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကျွန်လည်း မဟုတ်သလို သခင်လည်း မဟုတ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက် အဖြစ် ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမည့်သူတွေ ဖြစ်ပါတယ်။

ဒီကနေ့ကာလဟာ ဒီမိုကရေစီရဲ့ အသွင်ကူးပြောင်းရေး ကာလဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုများ မရှိမဖြစ်လိုအပ်ပါတယ်။ နိုင်ငံတကာမှာလည်း စနစ်တစ်ခုမှ တစ်ခုသို့ အသွင်ကူးပြောင်း နေတဲ့ကာလမှာ ယခင်စနစ်က နစ်နာဆုံးရှုံးခဲ့သူတွေရဲ့ စိတ်ခံစားမှု၊ နာကျင်မှုတွေကို ကုစားပေးဖို့အတွက် နောက်စနစ်ကို ဦးဆောင်မည့်သူတွေက တာဝန်ယူခြင်းက နောင်မဖြစ်ဖို့ အာမခံချက်ပေးခြင်းသာလျှင် ဖြစ်တယ်။

အသွင်ကူးပြောင်းကာလမှာ အနိမ့်ဆုံးအနေနဲ့ နစ်နာခဲ့သူများ (အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများ၊ တိုက်ရိုက်လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ နှစ်ရှည်အကျဉ်းချခံရသူများ)ကို ဥပဒေအရ တရားဝင် အသိအမှတ်ပြုခြင်းများ၊ ပြန်လည်ကုစားခြင်းများ လုပ်ဆောင်ဖို့ လိုပါတယ်။

ဖိလစ်ပိုင်မှာဆိုရင် လွန်ခဲ့တဲ့သုံးနှစ်ကျော် လေးနှစ်လောက်ကတည်းက ပြန်လည်ကုစားရေး ဥပဒေဖြစ်တဲ့ နစ်နာမှုများအတွက် ကုစားရေးအစီအစဉ်ကို လွှတ်တော်က ဥပဒေပြဋ္ဌာန်းခဲ့တာမျိုး ရှိပါတယ်။ အခြား အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ တရားမျှတအောင် ဆောင်ရွက်ဆွေးနွေး တာဝန်ယူ ဆောင်ရွက်ခဲ့ကြတာလည်း တွေ့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက နိုင်ငံရေးခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များလည်း ဒါကို ကြိုးပမ်းဖို့ လိုပါတယ်။မိမိတို့ကလည်း တတ်နိုင်တဲ့ဘက်က ပုံပေါ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တာဝန်သိ၊ တာဝန်ရှိတဲ့ နိုင်ငံရေးသမားတိုင်း၊ ပါတီတိုင်းဟာ နိုင်ငံရေး အကြောင်းအကျိုးနဲ့ အတိတ်သမိုင်းရဲ့ နာကျင်မှုတွေကို တာဝန်သိသိကုစားပေးဖို့ရာ နိုင်ငံရေး တာဝန်ရှိတယ်လို့ မိမိတို့အနေနဲ့ ယုံကြည်တိုက်တွန်းလိုပါတယ်။

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ပြည်သူနဲ့ နိုင်ငံရေးသမားတိုင်းဟာ မတရားမှု၊ နစ်နာမှုများ ကို လျစ်လျူမရှုဘဲ ကုစားပေးဖို့နဲ့ နောင်လူ့အဖွဲ့အစည်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ထပ်မံ မပေါ်ပေါက်အောင်ရယ် မိမိတို့ လူ့အဖွဲ့အစည်းဟာအခြား လူ့အဖွဲ့အစည်းများကို တာဝန်ယူမှုရှိတဲ့ စံနှုန်း၊ တန်ဖိုးတွေ၊ ပြဿနာ ဖြေရှင်း နည်းတွေအတွက် စံနမူနာများ မှန်မှန်ကန်ကန်် ထူထောင်ဖို့ လိုပါတယ်။ (ဒါဟာ ကလဲ့စားချေလိုရေး မဟုတ်ဘူး)တာဝန်ယူဆောင်ရွက်ရေး ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအောက်မှာ အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှု ကို လေးစား တန်ဖိုးထားတတ်တဲ့ အလေ့အထ ရှိတဲ့ ယဉ်ကျေးတဲ့နိုင်ငံတွေမှာ မရှိမဖြစ် ဖော်ဆောင်ရတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုလျှော့ချ ရမယ်ဆိုတာ ကိုလည်း တာဝန်ရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံရေး ခေါင်းဆောင်တိုင်းက တာဝန်ယူဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာလည်း တရားမျှတမှုရှိရမယ်။ စီးပွားရေးမှာလည်း တရားမျှတမှုရှိရမယ်။ လူမှု ရေးမှာလည်း တရားမျှတမှုရှိဖို့လိုပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် ခေါင်းနှင့်ပန်းလို့ဆိုရမည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြည်သူတစ်ရပ်လုံး၏ မျှော်လင့် ချက်ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် တရားမျှတမှုကို လေးစားတန်ဖိုး ထားတတ်တဲ့ လွှတ်တော်တွေ၊ အစိုးရတွေ ကသာလျှင် ဦးဆောင်နိုင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုများအတွက် လည်း ဆက်လက် ကြိုးပမ်း သွားရမှာလည်း ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရာများဟာ ကျွန်တော်တို့ပါတီရဲ့ ဆက်လက် ဆောင်ရွက်သွားမည့် ရည်ရွယ်ချက် ဦးတည်ချက်များ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမို အထောက်အကူဖြစ်ခြင်းက နိုင်ငံရေးဖြစ်စဉ် ပဋိပက္ခများ၊ ပြဿနာများကို ပိုမုုိပြေလည်စေပြီး ကောင်းမွန်တဲ့ အသီးအပွင့်များရလာမှာ ဖြစ်ပါတယ်။ ဒါတွေကို ဆွေးနွေးအဖြေရှာခြင်း၊ တာဝန်ယူဆောင်ရွက်ခြင်းကသာ အမျိုးသားသင့်မြတ်ရေးအောက်မှာ လုပ်ရမယ့် နိုင်ငံရေးတာဝန်အဖြစ် မိမိတို့အနေနဲ့ ခံယူထားသလို တာဝန်ရှိသူတွေ လည်းလုပ်ဆောင်ဖို့ ဦးတည်ချက်ထားဖို့ လိုတာကို စဉ်ဆက်မပြတ် တိုက်တွန်း နှိုးဆော်နေမှာဖြစ်တယ်။

ဒီကနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပြဿနာဟာ အနာဂတ်မှာ ကျင့်သုံးရမည့် ဒီမိုကရေစီအတွက် သဘောမတူညီမှုမျှသာလျှင် ဖြစ်တယ်။ တစ်ပြိုင်တည်း မှာထည့်စဉ်းစားရမယ့် တိုင်းရင်းသားလူမျိုးစုများအရေး၊ လက်နက်ကိုင်တိုင်းရင်းသား လူမျိုးစုများရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဘယ်ပုံဘယ်နည်းဖြေရှင်းရမယ်။ ဖက်ဒရယ်စနစ်ကို ဘယ်လိုတည်ဆောက်ကြမယ်။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘယ်လိုရပ်တည်မလဲ၊ ရှေ့ဆက်မလဲဆိုတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်။

ဒီမိုကရေစီနောက်ကို ဦးတည်အကောင်အထည်ဖော်နေတာဖြစ်တဲ့ အတွက် ပြည်သူလူထုပါဝင်မှုနှင့် နိုင်ငံရေးဦးဆောင်မှုတို့ဟာ ဟန်ချက်ညီညီဖြစ်မှသာ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

မူဝါဒလမ်းစဉ်။ ကျွန်ုပ်တို့သည် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကိုအခြေခံကာ ပြည်သူလူထုကို လုပ်ဖော်ကိုင်ဖက် များအဖြစ် သဘောထား၍ အထွေထွေအကျပ်အတည်း အခက်အခဲများနှင့်ရင်ဆိုင်နေရသော အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားများကို လက်ဆုပ်လက်ကိုင်ပြုပြီး အရည်အသွေးကောင်းတဲ့ ကုန်ထုတ် စက်ကိရိယာများကို ဦးစားပေးခြင်း၊ အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်ကုန်တွေကို အဓိကဦးစားပေးခြင်း၊ နယ်ပယ်အသီးသီးမှ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်အတတ် ပညာရှင်လူတော်များကို ဦးစားပေးခြင်းဆိုတဲ့ မူဝါဒများကို ပေါင်းစည်းကာ လူတော်လူကောင်းဝါဒကို မိမိတို့ပါတီ၏ အဓိကမူဝါဒများအဖြစ် ကျင့်သုံးသွားမှာဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍ။ စျေးကွက်စီးပွားရေးကို ပီပြင်စွာ ကျင့်သုံးသွားမယ်။ တိုင်းပြည်ရဲ့ စီးပွားရေးစနစ်ကို မြေယာနှင့်သယံဇာတ အရင်းအနှီးများအပေါ် အခြေခံခြင်းမဟုတ်ဘဲ လူသားအရင်းအမြစ်ပေါ်ကို အခြေခံတဲ့မူဝါဒကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။ လူသားအရင်းအမြစ်အပေါ်မှာ အခြေခံထားတဲ့အတွက် စီးပွားရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့လူတော်တွေကို ဦးစားပေးဆောင်ရွက်စေရမယ်။ မြေယာနှင့် သယံဇာတ အငြင်းပွားမှုတွေကို ချုပ်ငြိမ်းစေပြီး လူသားတွေရဲ့ တန်ဖိုးကို မြှင့်တင်ပေးမှာဖြစ်တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းသွားစေပြီး တိုင်းပြည်စီးပွားရေးတွေကို ဖွံ့ဖြိုးတိုးတက်စေရမယ်။

စက်မှုကဏ္ဍမှာလည်း အရည်အသွေးကို ဦးစားပေးတဲ့မူဝါဒ ချမှတ်ပါတယ်။

လယ်ယာကဏ္ဍ။ လယ်ယာမြေမှန်သမျှကို လယ်လုပ်သူ နိုင်ငံသားများကပင် ပိုင်ဆိုင်ရ မယ်။ သီးနှံထုတ်လုပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပြီး အထွက်နှုန်းတိုးတဲ့ မူဝါဒချမှတ် အကောင်အထည်ဖော်ရမယ်။ ပြည်တွင်း ပြည်ပ စျေးကွက်များကို လက်ဝါးကြီးအုပ်အမြတ်ထုတ်ခြင်းများကို ကာကွယ်နိုင်ရန်အတွက် တောင်သူ လယ်သမားများ ကိုယ်တိုင်ပိုင်ဆိုင်တဲ့ ဘဏ်စနစ်ကို ထူထောင်ခွင့်ပေးရမယ်။ လယ်သမားသမဂ္ဂများ၊ အစည်းအရုံးများကို တရားဝင် အသိအမှတ်ပြုပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် အသိအမှတ်ပြုရမယ်။

ပညာရေးကဏ္ဍ။ စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ပေးတဲ့ ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးရမယ်။ သင်ထောက်ကူပစ္စည်း အပြည့်အစုံနှင့် လက်တွေ့လေ့ကျင့်ပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်တဲ့ ပညာရေး စနစ်ဖြစ်ရမယ်။ ဘက်စုံပညာရေးဖြစ်တဲ့အတွက် ကန့်သတ် တားမြစ်ထားတဲ့ မူဝါဒအားလုံးကို ပယ်ဖျက်ရမယ်။ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေ တရားဝင်ထူထောင်ခွင့်ပြုရမယ်။ မသင်မနေရ အခမဲ့ပညာရေးစနစ် ပြဋ္ဌာန်းရမယ်။

လူငယ်မူဝါဒ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အရည်အချင်းရှိလျှင် ရှိသည့်အလျောက် လူကြီးလူငယ်မခွဲခြားဘဲ ပါတီလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့်ရှိရမယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက အာဏာအရှိဆုံးဖြစ်ပါတယ်။ ဒါတွေကို မေ့လျော့မနေဖို့ ပြည်သူ့အာဏာဟာ ၅ နှစ်လျှင် တစ်ကြိမ်တည်းကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတစ်ခုတည်းမဟုတ်ဘဲ နှစ်ကြိမ်ခွဲကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်ဆိုရင် ကျွန်တော်တို့ ပါတီကိုမဲပေးပါ။

ပြည်သူတွေဟာ မဲဆန္ဒပေးပြီး ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့် ရှိသလို တာဝန်မှရုပ်သိမ်းနိုင်တဲ့ အခွင့်အရေး ရှိတာကို အမြန်ဆုံး အကောင်အထည်ပေါ်လာစေချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပါတီကို မဲပေးပါ။

နိုင်ငံရေးမှာလည်း တရားမျှတမှုရှိရမယ်။ စီးပွားရေးမှာလည်း တရားမျှတမှုရှိရမယ်။ လူမှုရေးမှာလည်း တရားမျှတမှုရှိရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီကို မဲပေးပါ။ ပြည်သူ လူထုကြီးကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားကာ ပြည်သူလူထုကြီးနှင့်အတူ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလကို ကျော်ဖြတ်သွားမှာ ဖြစ်တဲ့အကြောင်း အဓိဋ္ဌာန်ပြု၍ ကတိသစ္စာပြုအပ်ပါတယ်။

 

Mizzima Weekly