စားဝတ်နေရေးပြေလည်စေဖို့ ဦးစားပေးလုပ်ဆောင်မည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ မဲဆွယ်

စားဝတ်နေရေးပြေလည်စေဖို့ ဦးစားပေးလုပ်ဆောင်မည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ မဲဆွယ်
 Photo - MOI

ရန်ကုန်၊ စက်တင်ဘာ ၁၄ ။       ။ ပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေရန်ဦးစားပေးလုပ်ဆောင်မည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက မဲဆွယ်စည်းရုံးလိုက်သည်။

စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် ရုပ်မြင်သံကြားမှတဆင့် ၄င်းတို့ပါတီ၏ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်း စဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ အဓိကမူဝါဒကတော့ တိုင်းသူ ပြည်သား (စားဝတ်နေရေး)ပြေလည်ဖို့ပဲ။ ဒုတိယအဆင့်အနေနဲ့ တိုင်းပြည်ချမ်းသာအောင် စည်းကမ်းရှိရှိ လုပ်မယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်” ဟု ၄င်းကဆိုသည်။

ထို့အပြင် ခေတ်အဆက်ဆက် လယ်သမားထုကြီးကို လျစ်လျူရှုမှုများခဲ့သောကြောင့် လယ်သမားများသည် လယ်စိုက်ရင်းမွဲ၊ အလုပ်သမားများသည် အလုပ်လုပ်ရင်း ကြွေးပိနေကြကြောင်းလည်း ဦးကျော်စွာစိုးက ဆက်ပြောသည်။

ထို့ကြောင့် လယ်သမားများ၏ စား၊ ဝတ်၊ နေ၊ ရေး အခက်အခဲ၊ အကျပ်အတည်းများကို လွှတ်တော်တွင် တင်ပြ နိုင်ရန်အတွက် လယ်သမားပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲရောက်ရန် လိုအပ်နေကြောင်း လည်း ဆိုသည်။

“ အများပြည်သူအတွက် စားဝတ်နေရေးပြေလည်ပြီး ငြိမ်းချမ်းဖို့က တာဝန်ယူပါမယ်၊ တာဝန်ခံပါမယ် ဆိုတဲ့ ခင်ဗျားတို့ရွေးချယ်မယ့် ကိုယ်စားလှယ်တွေရဲ့ တာဝန်ပဲဖြစ်တယ်” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကပြောသည်။

 ထို့ကြောင့် မည်သည့်ပါတီ၊ မည်သည့်ကိုယ်စားလှယ်ကိုပဲရွေးချယ်သည်ဖြစ်စေ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲမထားဘဲ ကိုယ့်ရပ်၊ ကိုယ့်ရွာကို ဉာဏ်ရှိရှိမှန်မှန်ကန်ကန်တိုးတက်အောင်လုပ်ပေးမည့် လူပုဂ္ဂိုလ်ကို ရွေးချယ်ကြရန် တိုက်တွန်းလိုက်သည်။

လယ်သမားပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်မှ ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စရင်းတင်သွင်းထားပြီးအဆိုပါမဲဆန္ဒနယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အပါအဝင်ပါတီ ၇ ခုနှင့် တစ်သီးပုဂ္ဂလ တစ်ဦး ပါဝင်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးမဲဆန္ဒနယ်တစ်ခုလည်းဖြစ်သည်။

အဆိုပါဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားရပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျာ-

ကျွန်တော်ကတော့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ လယ်သမားပါတီအနေဖြင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်မှ ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်လူဦးရေရဲ့ ရဝ ရာခိုင်နှုန်းဟာ တောင်သူ လယ်သမားအများစု ဖြစ်ကြပါတယ်။ တောင်သူလယ်သမား အားလုံးဟာ လူထုအင်အားကြီးပြီး ဆင်းရဲကြပါတယ်။ ကျွန်တော်တို့အမိမြန်မာနိုင်ငံကြီး ဟာ စိုက်ပျိုးရေးကိုအခြေခံထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

ရှေးနှစ်ပေါင်းများစွာကတည်းက ဗမာလယ်သမားလည်း ဆင်းရဲတာပဲ၊ ကချင်၊ ရှမ်း၊ မွန်၊ ကယား၊ ရခိုင် စတဲ့ တိုင်းရင်းသားလယ်သမားအားလုံး ဆင်းရဲခဲ့ကြရပါတယ်။

ဆင်းရဲတော့ လယ်သမားတွေက လူရာမဝင်ဘူးပေါ့။ စာပေကဏ္ဍမှာ လည်း အားနည်းတော့ အနှိမ်ခံရတဲ့ လူထုလူတန်းစားကြီးတစ်ရပ် ဖြစ်နေပါတယ်။

ဒါပေမယ့် ဘယ်လောက်ပဲအားနည်းနည်း တိုင်းပြည်နဲ့လူမျိုး စားဖို့သောက်ဖို့ အတွက် ရွှံ့တော နွံတောထဲမှာ မမောနိုင်မပန်းနိုင်ဘဲ ပင်ပန်းကြီးစွာ စိုက်ပျိုး ကျွေးမွေးလာတာကို တိုင်းသူပြည်သား အားလုံး အသိအမှတ်ပြုပေးရတော့မယ့် အချိန်ကာလတစ်ခု ရောက်ရှိနေပါပြီ။

စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စတဲ့ သီးနှံတွေကို ကြိုးစားပမ်းစား စိုက်ပျိုးနေသော် ငြားလည်း ရာသီဥတုဖောက်ပြန်ရင် ရှုံး၊ နိုင်ငံခြားစျေးကွက်မရှိရင် ရှုံး၊ ရေကြီး ရင် အရင်းပြုတ်၊ မိုးခေါင်ရင် ငုတ်တုတ်မေ့ဆိုတဲ့ဘဝတွေကို ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် ကြိုးစားပြီး စိုက်ပျိုးကျွေးမွေးနေတာ အံ့သြဖို့ကောင်းတဲ့ လူတန်းစားတစ်ရပ်ပါ။

တချို့ပညာတတ်တွေဆိုရင် ဆရာဝန်နဲ့ အင်ဂျင်နီယာဘွဲ့တွေ ယူထားပြီး ဆေးမကု၊ တိုက်မဆောက်ဘဲ မင်္ဂလာစျေးထဲမှာ စျေးရောင်းတဲ့သူ၊ အိမ်ပွဲစား၊ ကားပွဲစားလုပ်တဲ့သူ၊ နိုင်ငံခြားကို သွားပြီး သူများတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ သူတွေ မိမိအတွက် တွက်ခြေကိုက်မယ့်လုပ်ငန်းတွေပြောင်းပြီး လုပ်ကိုင်ကုန်ကြပါတယ်။

ဆင်းရဲသားတောင်သူလယ်သမားကြီးများဟာ ဒါတွေမသိလို့၊ မလုပ် တတ်လို့မဟုတ်ပါဘူး။ အမိမြေနဲ့ အမိရေကိုချစ်လို့ မိမိတစ်ဘဝလုံး လုပ်လာတဲ့ အလုပ်ကို တန်ဖိုးထားလို့ ရှုံးချင်လည်းရှုံး၊ ကြွေးတင်ချင်လည်း တင်ပါစေတော့ ဆိုပြီး အလွန်ပင်ပန်းတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ပြီး တိုင်းပြည်ကို အလုပ်အကျွေး ပြုနေတဲ့ လူတန်းစားကြီးရဲ့ စေတနာ၊ မေတ္တာကို အသိအမှတ်ပြုစေလိုပါတယ်။

ကျွန်တော်တို့ လယ်သမားပါတီကြီးဟာ ဆင်းရဲသားပါတီကြီးပါ။ လူအများစုဟာ ဆင်းရဲကြပါတယ်။ ဆင်းရဲချင်လို့ ဆင်းရဲသွားတာ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က လယ်သမားထုကို လျစ်လျူရှုမှုများခဲ့တာကြောင့် လယ်သမားက လယ်စိုက်ရင်းမွဲတယ်၊ အလုပ်သမားက အလုပ်လုပ်ရင်းကြွေးပိ တယ်။ ကျွန်တော်တို့ လူမျိုးတွေ အလုပ်မလုပ်ဘဲ အိပ်နေတဲ့သူတွေ မဟုတ်ပါ ဘူး။ အလုပ်လုပ်ရင်းနဲ့ မွဲကုန်ကြတာပါ။ မြန်မာတွေပျင်းလို့၊ ဖျင်းလို့ မဟုတ်ဘူးဆိုတာ ယုံလိုက်ပါ။

တိုင်းပြည်ဟာ လယ်သမားထုကို စောင့်ရှောက်ရမယ့်အချိန် ဖြစ်နေပါပြီ။ မစောင့်ရှောက်နိုင်ဘူးဆိုရင် ဘုရားပန်းတောင် နိုင်ငံခြားက မှာသွင်းနေရတဲ့ အခြေအနေရောက်နေပါပြီ။ လယ်သမားတို့ရဲ့ ဝင်ငွေဟာ စိုက်ပျိုးရေးက တစ်ခုတည်းမဟုတ်ဘဲ မွေးမြူရေးပါတွဲပြီး လုပ်နိုင်အောင် ကူညီဖို့လုပ်ရမှာ ဖြစ်တယ်။

လယ်သမားတွေရဲ့ ဘဝအမှန်၊ လယ်သမားတွေရဲ့ အခက်အခဲ၊ သူတို့ရဲ့ အကျပ်အတည်းကို လွှတ်တော်ထဲမှာ တင်ပြနိုင်ဖို့ လယ်သမားကိုယ်စားလှယ် တော်ကြီးတွေ လွှတ်တော်ထဲ ရောက်ဖို့လိုတယ်။

နိုင်ငံရေးဆိုတာ သိပ္ပံနည်းကျလုပ်ဆောင်ပြီး လက်တွေ့ဆန်တာကို ပြောတာပါ။ ဒါကြောင့် Political Science လို့ခေါ်တဲ့ နိုင်ငံရေးသိပ္ပံ ဆိုတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပေါ်လာတာပါ။ လယ်သမား ကိုယ်စားလှယ်တို့ အားမငယ် ပါနဲ့။ နိုင်ငံရေးဟာ ဘယ်လောက်လက်တွေ့ဆန်လဲဆိုရင် ဗိုလ်ချုပ်ကြီးရဲ့ စကားလည်း စားပွဲပေါ်တင်၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ပညာတတ်ကြီး တွေရဲ့ စကားလည်း စားပွဲပေါ်တင်၊ အလုပ်သမား၊ လယ်သမား၊ အနုပညာ သမား၊ အခြေခံလူတန်းစား စတဲ့လူတွေရဲ့စကားတွေကို စားပွဲပေါ်တင် ရောသမမွှေစဉ်းစားပြီး အဖြေထုတ်တာကို နိုင်ငံရေးသိပ္ပံလို့ ခေါ်ပါတယ်။ လက်တွေ့တကယ်ဆန်ပြီး အဖြေထုတ်နိုင်ပါတယ်ဆိုတာ ယုံကြည်စေလိုပါတယ်။

ဒါကြောင့် တောင်သူလယ်သမား ပြည်သူအပေါင်းတို့ ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အဓိကပုဂ္ဂိုလ်တွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့လိုတယ်။

ကျွန်တော် ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကလည်း အခုအောက်ခြေ ကျေးရွာ၊ ရပ်ကွက်တွေမှာ အရင်တုန်းက အလှူလုပ်လည်းအတူတူ၊ ခရီးသွား ဘုရားဖူးထွက်လည်း အတူတူ၊ တစ်ရွာတည်းသားချင်းတွေဟာ အခုတော့ တံဆိပ်တွေမတူတော့ စိတ်တွေမတူတော့ဘူး။ တံဆိပ်တွေကွဲတော့ စိတ်တွေ ကွဲကုန်ကြပြီး ငါ့လူနိုင်ရင်ပြီးရော၊ ငါ့ဘက်ကသာရင်ပြီးရော ဆိုပြီး မျက်စိမှိတ် ပြီး မဲထည့်ပစ်တော့ အမှန်တရားနဲ့ မျှတခြင်းတွေ ကွယ်ပျောက် ကုန်ကြပါတယ်။ တံဆိပ်တွေ၊ ပါတီတွေ မကြည့်ကြတော့ဘဲနဲ့ တို့ရပ်ရွာအတွက်၊ တို့မြို့နယ်အတွက် အမှန်တကယ် စောင့်ရှောက်နိုင်မယ့်ပုဂ္ဂိုလ်၊ တကယ်အနစ်နာခံပြီး တိုးတက် အောင် လုပ်ပေးမယ့်ပုဂ္ဂိုလ်မျိုးကို မဲပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်တော်တို့ တစ်တိုင်းပြည်လုံး တာဝန်ယူမှု၊ တာဝန်ခံမှု အလေ့အကျင့်ရှိဖို့ လိုအပ်နေပါတယ်။ အုပ်ချုပ်တဲ့ လူတန်းစားရော၊ အအုပ်ချုပ်ခံရတဲ့ပြည်သူရော ဒီအချက်ဟာ သိပ်အရေးကြီးပါတယ်။ အုပ်ချုပ်တဲ့အဖွဲ့အစည်းကလည်း စည်းကမ်းရှိဖို့လိုပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် စည်းမဲ့ကမ်းမဲ့ လုပ်တဲ့လူတွေ အများကြီးတွေ့ရပါတယ်။ အမှိုက်ကို ပစ်ချင်တဲ့နေရာမှာ ပစ် တယ်၊ ကွမ်းတံတွေးကိုထွေးချင်တဲ့နေရာမှာ ထွေးတယ်၊ တယ်လီဖုန်းထဲ ဖေ့ဘွတ် ပေါ်ကနေ ဆဲချင်တဲ့လူကို ဆဲတယ်၊ ကားကိုမောင်းချင်သလိုမောင်းတာတွေ အများကြီးတွေ့ရပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် တွေးစရာတွေ နှစ်မျိုးရှိလာပါတယ်။

(၁) ဒီလိုလူမျိုးတွေရှိလို့ တိုင်းပြည်မတိုးတက်တာလား။

(၂) တိုင်းပြည်မတိုးတက်လို့ ဒီလိုလူမျိုးတွေရှိတာလား။

ဒီလိုလူမျိုးတွေရှိလို့ တိုင်းပြည်မတိုးတက်ရင် တိုင်းသူပြည်သားရဲ့ တာဝန် ပဲ။ တိုင်းပြည်မတိုးတက်လို့ ဒီလိုလူမျိုးတွေရှိတာဆိုရင် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရရဲ့တာဝန်ပဲ။

ကျွန်တော်ကတော့ အစိုးရအဆက်ဆက်ရဲ့ တာဝန်ပဲလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူက အစိုးရတွေကို ထိန်းကျောင်းဆုံးမလို့မရပါဘူး။ အစိုးရကသာ ပြည်သူကို ထိန်းကျောင်းလမ်းပြဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေကို လိမ္မာဖို့၊ ပြည်သူတွေပျော်ရွှင်ဝမ်းဝဖို့၊ ပြည်သူ တွေ စည်းကမ်းရှိဖို့၊ တိုင်းပြည် ဂုဏ်တက်ဖို့အတွက် ပြည်သူကိုထိန်းကျောင်းပြီး လမ်းပြနိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေပဲ လိုပါတယ်။

သူတို့ကတိုင်းပြည်ရဲ့ အိမ်ဦးခန်းမှာနေပြီး စီမံခန့်ခွဲမယ့်လူတွေပါ။ ကျွန်တွေမဟုတ်ပါဘူး။ ကျွန်လို့ပြောပြီး ကျွန်လုပ်ချင်ရင်တော့ ဒီနေရာကို လုံးဝမလာပါနဲ့လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။

တိုင်းသူပြည်သားတို့ ပွင့်ပွင့်လင်းလင်းပြောမှ သဘောပေါက်မယ့် လူတန်းစား တိုင်းပြည်မှာ အလွန်များနေတဲ့ ကာလဖြစ်တယ်။

ကျွန်တော် တရားဟောစည်းရုံးရေးဆင်းတုန်းက စင်မြင့်ပေါ်ကနေ အားကြိုးမာန်တက် လယ်သမားတို့ ခင်ဗျားတို့ဆင်းရဲနေတာကနေ လွတ်မြောက် ဖို့ ပိုပြီးအားသွန်ခွန်စိုက် အလုပ်ကိုလုပ်ကြရမယ် လို့ဟောတော့ အောက်က ပရိသတ်က တုတ်တုတ်တောင်မလှုပ်ဘူး။

ဒါနဲ့ကျွန်တော်က ပုံသဏ္ဌာန်ပြောင်းပြီး ကျွန်တော်တို့လယ်သမား ပါတီကြီး သာ ရွေးကောက်ပွဲမှာအနိုင်ရရင် လယ်သမားတွေ ဘာမှမပင်ပန်းဘဲ နိုင်ငံခြား အကူအညီတွေလည်းရပြီး ခင်ဗျားတို့ဘာမှသိမ်မလုပ်ရဘဲနဲ့ ချမ်းသာသွားမယ်လို့ လည်းပြောရော လက်ခုပ်တွေ တဖြောင်းဖြောင်းနဲ့အားရဝမ်းသာ သြဘာပေး ကြတယ်။

ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ဘာမှမလုပ်ဘဲနဲ့ အချောင်ကြီးပွားလိုတဲ့ ပြည်သူနဲ့၊ တိုင်းပြည်အာဏာကို လိမ်ယူမယ့်ပုဂ္ဂိုလ်နဲ့တွေ့မှ ဒုက္ခလှလှကြီး ရောက်ကုန်ပါလိမ့်မယ် ဆိုတာ ထင်ထင်ရှားရှားကြီး တွေ့မြင်နေပါ တယ်။ တိုင်းသူပြည်သားများကို ပြောချင်တာက ကိုယ့်ကိုအုပ်ချုပ်မယ့်၊ ကိုယ့်ကိုစီမံခန့်ခွဲမယ့်လူကို ပြီးပြီးရော မရွေးလိုက်ပါနဲ့။ စဉ်းစားပါ။

ကိုယ့်ကိုယ်ကိုယ်လည်း ဉာဏ်ရှိတဲ့သူ၊ တာဝန်ရှိတဲ့သူတစ်ယောက် ဖြစ်အောင်လည်း ပြင်ဆင်ထားရမယ်။ ကိုယ်ဉာဏ်မရှိရင် ဉာဏ်မရှိတဲ့သူပဲ ရွေးမိမှာပဲ၊ ကိုယ်ဉာဏ်ရှိရင် ဉာဏ်ရှိတဲ့သူကို ရွေးမိမှာပဲ၊ ဘယ်အရာမဆို ကိုယ်နဲ့ တန်ရာတန်ရာပဲရမယ်ဆိုတာ မြဲမြဲမှတ်ထားစေလိုပါတယ်။

ကျွန်တော်တို့ ပြည်သူပြည်သားတွေဟာ နိုင်ငံရေးကို စိတ်ဝင်စားနေ ကြရတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတာကလည်း စားဝတ်နေရေး အတွက် စိတ်ပူနေကြလို့ပဲ။ လောကကြီးထဲလာတာ လူသားအားလုံးဟာ အေးအေးချမ်းချမ်း နေဖို့၊ စားဖို့၊ ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်း သွားဖို့ဆိုရင် မမှားပါဘူး။ စားဝတ်နေရေးပြေလည်ဖို့က အဓိကပဲ။

အများပြည်သူအတွက် စားဝတ် နေရေးပြေလည်ပြီး ငြိမ်းချမ်းဖို့က တာဝန်ယူပါမယ်၊ တာဝန်ခံပါမယ် ဆိုတဲ့ ခင်ဗျားတို့ရွေးချယ်မယ့် ကိုယ်စားလှယ်တွေရဲ့ တာဝန်ပဲ ဖြစ်တယ်။

ဘယ်ပါတီက ကိုယ်စားလှယ်ကို ရွေးချယ်ရွေးချယ် ကိုယ့်မြို့၊ ကိုယ့်တိုင်း၊ ကိုယ့်ဒေသကို ဉာဏ်ရှိရှိနဲ့ မှန်မှန်ကန်ကန် တိုးတက်အောင်လုပ်ပေးမယ့် လူပုဂ္ဂိုလ်မျိုးကို ရွေးချယ်ကြပါ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေနဲ့ ရွေးလို့ အမှားဖြစ်ခဲ့ရင် တစ်မြို့နယ်လုံး နာမှာဖြစ်တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ အဓိကမူဝါဒကတော့ တိုင်းသူပြည်သား (စားဝတ်နေရေး)ပြေလည်ဖို့ပဲ။ ဒုတိယအဆင့်အနေနဲ့ တိုင်းပြည်ချမ်းသာအောင် စည်းကမ်းရှိရှိလုပ်မယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်။ မငြိမ်းချမ်းရင် ငြိမ်းချမ်းပြီးသား ပြည်သူတွေပါ သောကရောက်ကြရပါတယ်။

ကျွန်တော်က ကျွန်တော့်ပါတီကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင် တွေကို အမြဲမှာကြားတဲ့ စကားကတော့ ပါတီအရေးထက် ပြည်သူ့အရေးကိုသာ ဦးစားပေးပါ။ ပြည်သူ့အရေးကို ဦးစားပေးရင် ပြည်သူအားကိုးတဲ့ ပါတီ မလွဲဧကန်ဖြစ်လာလိမ့်မယ်လို့ အမြဲမှာကြားပါတယ်။

ကျွန်တော်တို့ပါတီမှာ ပါတီခေါင်းဆောင်တွေကို အမြဲမှာကြားတဲ့ စကားကတော့-

-မယားထက် မရီးကို အကဲမပိုနဲ့ ဆိုတာပါ။
-မယားရှိလို့ မရီးရှိတာပါ။
-ပြည်သူရှိလို့ ပါတီဖြစ်လာတာပါ။
-ပြည်သူထက် ပါတီကို အကဲမပိုပါနဲ့လို့။
-မယားထက်မရီးကို အကဲပိုတော့ အဆဲခံရမယ်။
-ပြည်သူထက် ပါတီကို အကဲပိုတော့ အကွဲခံရမယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

 

Mizzima Weekly