ရန်ကုန်တိုင်းအစိုးရ ဦးစီးလုပ်ဆောင်နေသည့် ဘတ်စ်ကားကုမ္ပဏီများ အရှုံးပေါ်

ရန်ကုန်တိုင်းအစိုးရ ဦးစီးလုပ်ဆောင်နေသည့် ဘတ်စ်ကားကုမ္ပဏီများ အရှုံးပေါ်

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ။       ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှုံမှုဖြင့် လည်ပတ်နေသည့် ဘတ်စ်ကားလိုင်း အများပိုင်ကုမ္ပဏီ နှစ်ခုသည် အမြတ်ငွေရရှိမှုမရှိဘဲ အရှုံးပေါ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က လွှတ်တော်၌ ပြောဆိုခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတ္တမပုံမှန်အစည်း အဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းရာ၌  စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 “ယာဉ်အသစ်များအရင်းမကျေမီကာလတွင် ငွေကြေးအကျိုးအမြတ်များ ရရှိမှုမရှိသေးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ငွေကြေးအကျိုးအမြတ်ရရှိမှုမရှိသေးပါ” ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (YBPC)နှင့် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီလီမိတက်(YUPT)ကုမ္ပဏီ နှစ်ခုတို့၏ လုပ်ငန်းလုပ်ကိုင်မှုများတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် တရုတ်နိုင်ငံအစိုးရနှင့် အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဘတ်စ်ကားသစ် အစီးရေ (၁၀၀၀) ဝယ်ယူခဲ့ရာ ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်ငွေ ၇၀ ဘီလီယံ သုံးစွဲခဲ့သော်လည်း လုံလောက်မှု မရှိ သဖြင့် ဧရာဝတီဘဏ်မှ  ကျပ်ငွေ ၈ ဘီလီယံ ချေးယူခဲ့ရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကားသစ်အစီးရေ(၁၀၀၀) အား YBPC နှင့် YUPT ကုမ္ပဏီ နှစ်ခုအား အစီးရေ ၅၀၀ စီ ခွဲဝေပေးပြီး ယင်းကားဝယ်သည့်ကုန်ကျငွေ ကျပ် ၇၈ ဘီလီယံကို ကုမ္ပဏီနှစ်ခုမှ ခွဲဝေတာဝန်ယူ ခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု စာရင်းစစ်ချုပ်က လွှတ်တေ်ာ၌ ပြောဆိုခဲ့သည်။

အဆိုပါ ကုမ္ပဏီများအား စစ်ဆေးရာတွင် ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) သည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၄၉.၃၄၄ သန်း ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၀၉၂.၅၂၀ သန်း ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉၃၈.၉၃၉ သန်း အရှုံးပေါ်ခဲ့ပြီး ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်(YUPT) သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅.၅၄၁ သန်း အမြတ်ရရှိခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၆၀၃.၀၇၉ သန်း အရှုံးပေါ်ခဲ့သည်ကို တွေ့ရှိရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာအရသိရသည်။

“ဆုံးရှုံးမှု နည်းပါးရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟု စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယခင် မထသ စနစ်ကို ဖျက်သိမ်းပြီး ရန်ကုန်ဘတ်စ်ကားစနစ်(YBS) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြောင်းလဲခဲ့သည်။ စတင်ပြေးဆွဲစဉ်ကာလက ယာဉ်လိုင်းပေါင်း ၆၀ ခန့်သာရှိသော်လည်း လက်ရှိအချိန်တွင် ယာဉ်လိုင်းပေါင်း ၁၀၀ နီးပါးခန့် ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်ဘတ်(စ်)ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်(YBPC) လက်အောက်တွင် ယာဉ်လိုင်းနံပါတ် (၃၇) ပြေးဆွဲနေပြီး ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီ၊ ထောက်ကြန့် ၊ ဝါယာလက် ၊ လှည်းကူးမြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲပေးနေသည်။

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီလီမိတက်(YUPT)ကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းနံပါတ် ၅၈ ၊ ၃၆ ၊ ၂၈ ၊၂၄၊ ၄ စသည့် လိုင်းပေါင်း ၂၀ ကျော်ရှိပြီး ယခင် မထသ မှ ပြောင်းလဲဖွဲ့စည်းထားသည့် ကုမ္ပဏီလည်းဖြစ်သည်။

       

 

Mizzima Weekly