"အကဲစမ်းမယ့် ၂၀၁၈ ကြားဖြတ်ခြေလှမ်း"

"အကဲစမ်းမယ့် ၂၀၁၈ ကြားဖြတ်ခြေလှမ်း"
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)ပုံစာ- မြင်းခြံမြို့၊အမှတ်(၁၈)ရပ်ကွက်၊လူထုဟစ်တိုင်ကွင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပတဲ့"USDPရဲ့ ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးလူထုတွေ့ဆုံပွဲ´´အခမ်းအနား

မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အတွက် အစမ်းစာမေးပွဲဖြစ်သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ အတန်းတင် စာမေးပွဲလည်း ဖြစ်ပါတယ်။ကျန်တဲ့ ပါတီတွေကတော့ အပျော်တမ်းစာမေးပွဲ ဝင်ဖြေသလိုပါပဲ။

လက်ရှိ NLD အစိုးရအနေနဲ့ အကြပ်အတည်း အခက်အခက်တွေနဲ့ရင်ဆိုင်နေရပါတယ်။စီးပွားရေးက အစ ဖွံ့ဖြိုးရေးအဆုံးပါပဲ။လုပ်သလောက် အလုပ်မဖြစ်တဲ့အချိန်ကာလလို့ပဲဆိုချင်ပါတယ်။ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တွေအနေနဲ့ မနားမနေ ကြိုးစားဆောင်ရွက်နေပေမယ့် ပြည်နယ်နဲ့တိုင်းက ပါတီခေါင်းဆောင် အချို့ကတော့ သိသာ ထင်သာ မြင်သာ လုပ်ဆောင်နေတာ သိပ်မတွေ့ရသလို ပြည်သူလူထုက ရွေးချယ် တင်မြောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း နင်လား ငါလား ဒေသအကျိုး၊ရပ်အကျိုး၊ရွာအကျိုး သယ်ပိုးပေးတာ မရှိတဲ့အတွက် အားမလို အားမရ ဖြစ်နေတာလည်း မြင်တွေ့ ကြားနေရပါတယ်။

မိုးလား ကဲလား ကတိစကားတွေပြောပြီး ၊မျက်နှာချိုသွေး ဖော်ရွေမှုတွေ ပြည်သူတွေရဲ့ အသည်းနှလုံးနဲ့ ယုံကြည်မှုတွေကို ယူခဲ့ကြသူတွေဟာ လက်ရှိမှာတော့ ပြည်သူရဲ့ ယုံကြည်မှုတွေ လျှော့နည်းလာတာ တွေ့ရပေမယ့် ရွေးချယ်စရာကတော့ NLD ပဲဖြစ်နေပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ USDP ကိုလည်း မယုံလို့ပါပဲ။

လမ်းတွေခင်းပေးတယ်။ တံတားတွေ ဆောက်ပေးနေတယ်။ လျှပ်စစ်မီးတွေ ရရှိအောင် လုပ်ပေးနေသော်လည်း ပြည်သူလူထု အများစုဟာ ဖိနှိပ်မှုတွေ လက်သင့်ရာစားတော်ခေါ်မှုတွေကြောင့် ဒီနေ့အချိန်ထိ USDPကို ယုံကြည်မှု မရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် ကြားဖြတ် မဲဆန္ဒနယ်တွေမှာ စည်းရုံးရေးတွေဆင်းနေကြတာပဲဖြစ်ပါတယ်။NLD ပါတီရဲ့ထိပ်သီးခေါင်းဆောင်တစ်ဦးထဲမှာ ပါဝင်တဲ့ ဒေါက်တာဇော်မြင့်မောင်၊USDPရဲ့ ထိပ်သီးခေါင်းဆောင် ဦးသန်းဌေးတို့ဟာ စည်းရုံးရေးဆင်းတာတွေ လုပ်နေပါတယ်။သူတို့အနေနဲ့ ဒါဟာ စည်းရုံးရေးဆင်းတာမဟုတ်ဘူး။ပြည်သူလူထုနဲ့တွေ့ဆုံတာ ဖြစ်တယ်လို့ ဆိုနိုု်င်၊ငြင်းနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလေးက သပိတ်ကျင်းမြို့နယ်နဲ့စဉ့်ကူးမြို့နယ် တွေမှာ ပြုလုပ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပါတီဝင်တွေနဲ့ကိုယ်စားလှယ်တွေကို ပြည်သူလူထုထံ အပ်ပါတယ်။ သူတို့ မဟုတ်တာလုပ်ရင် သူ့ထံ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ပြောဆိုခဲ့သလို ပြည်သူ့အသံ နားထောင်တဲ့ အစိုးရဖြစ်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စားဝတ်နေရေး အကြပ်အတည်း အလုပ်အကိုင် အခွင့်အလန်းရှားပါမှုတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့့ သူမျိုးကိုလိုလားနေကြပါတယ်။ လက်ရှိဖြစ်ပေါ် နေတဲ့အထားကတော့ ယုံရခက် မယုံရခက်ဖြစ်နေပါတယ်။လွှတ်တော်ထဲမှာ ထိုင်ခွင့်ရ လုပ်ခွင့်ရနေတဲ့ ကိုယ်စားလှယ်တွေတောင် ဘာမှ လုပ်ကိုင်မပေးနိုင်ဘဲနဲ့ အခုမှအရွေးခံမယ့် လွှတ်တော်ကိုယ်စားလောင်းက ဘာဖြစ် ညာဖြစ် ဟိုဟာဖြစ် ဒီဟာဖြစ် လုပ်ပေးမယ် ဖြည့်ဆည်းပေးမယ် လက်အုပ်လေးချီ ကတိတွေပေး စည်းရုံးရေးတွေဆင်းနေတော့ တစ်ချို့က ပြုံးပြီးကြည့်နေကြတယ်။ဒီပုတ်ထဲက ဒီပဲ ဆိုပြီးတော့ပေါ့။

ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းတဲ့ အချက်တွေထဲမှာ ဒါတွေပါတယ်။ပြည်သူလူထု တစ်ချို့ရဲ့ စိတ်ထဲမှာ မထူးပါဘူးကွာဆိုတဲ့စိတ်။ဘယ်သူတက်တက် ငါတို့ဘဝက ဒုံရင်း ဒုံရင်းပါပဲကွာဆိုတဲ့စိတ် ဒီစိတ်တွေကို ဖြေဖျောက် ဖုံးလွှမ်းအောင် လုပ်နိုင်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းတွေ အခြေအနေကောင်းမှာဖြစ်ပါတယ်။

အခုကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းနေတာကတော့ ပါတီဝင်တွေအများစု ဟေးလား ဝါးလား ထောက်ခံအားပေးနေသလိုဖြစ်နေပါတယ်။ပြည်သူ ဝုန်းဆိုထွက်လာပြီး အားပေးတာ မတွေ့ရသေးပါ ဘူး။ဒီလိုဖြစ်နေတာကို ပါတီတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ မှန်မှန်ကန်ကန် မြင်တတ် ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။

လူမှုကွန်ယက်မှာတက်လာတဲ့ ပုံရိပ်တွေနဲ့ ပါတီဝင်တွေက တင်ပြလာတဲ့ ဓါတ်ပုံ မှတ်တမ်းတွေကြည့်ပြီး ပီတိဖြစ် အောင်မြင်တယ်လို့ ဆုံဖြတ်ချက်ချနေရင် ဟက်တက်ကွဲဖို့သာ ပြင်ထားရမယ့်အနေအထားဖြစ်ပါတယ်။NLD အနေနဲ့ကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်မှ ၂၀၂၀ အခြေအနေကောင်းမှာဖြစ်သလို USDPအနေနဲ့ ကလည်း ကြားဖြတ်ဟာ ၂၀၂ဝရဲ့ ပွဲကြိုဖြစ်ပါတယ်။

ပြည်သူတွေရဲဲ့ လိုအပ်ချက် အခက်အခဲတွေကို အမှန်တကယ် ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်တဲ့သူတွေကိုပဲ လွှတ်တော်ထဲ ရောက်စေချင်တယ်။အောက်မေးလေးလှုပ်ပြီး အင်းမလုပ် အဲမလုပ် လွှတ်တော်ထဲ ရောက်သွား ပြီး ငုတ်တုတ်တွေမေ့နေရင်တော့ ဒုက္ခနဲ့လှလှ တွေ့မှာ မလွဲဧကန်ပါပဲ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အလျင် စလို မရွေးချယ်ဖို့လိုတယ်။ကိုယ်စားလောင်းတွေရဲ့ ကိုယ်ရေးရာဇဝင် သူတို့ရဲ့သမိုင်းကြောင်း သူ့ပတ်ဝန်ကျင် အလေ့အထတွေကို သိဖို့လိုပါတယ်။

ဒီကြားဖြတ်ဟာ ပါတီတွေရဲ့ အားစမ်းပွဲဖြစ်သလို ပြည်သူတွေရဲ့ မှန်မှန်ကန်ကန် ရွေးချယ်တတ်မှုတွေကို ပြသမယ့်ပွဲလည်း ဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ကလည်း ဝါဒမှိုင်းတွေ အယူမှိုင်းတွေ မမိဖို့လိုသလို စစ်မှန်တဲ့ ရပ်ကျိုးပြည်ပြု ကိုယ်ကျိုးမငဲ့ တွန်းတွန်းတိုက်တိုက် လုပ်နိုင်တဲ့သူကို ရွေးချယ်ကြဖို့လိုတယ်လို့ မဇ္ဈိမက တင်ပြ လိုက်ပါတယ်။

Mizzima Weekly