နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဒီမိုကရေစီစနစ်သည် မှန်ကန်မှုကို အများဆန္ဒနှင့် သဘောတူညီကာ ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ပြီး မှားမှားမှန်မှန် အများဆန္ဒကို ဖော်ဆောင်ခြင်းသည် ‘ဒီမိုကရေစီ’ မဟုတ်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ စာတမ်းတွင် ထည့်သွင်း ဖတ်ကြားလိုက်သည်။
“မှားမှားမှန်မှန် အများစု ညီသည်နှင့် ‘ဤ’ ကို ‘ကျွဲ’ လို့ ဖတ်ခြင်းဟာလည်း ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ဒီလိုသာ ဆောင်ရွက်နေမယ် ဆိုရင် အဓမ္မ ဒီမိုကရေစီသာ ဖြစ်သွားပါမယ်” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက်က စာတမ်းကို ဖတ်ကြားခဲ့သည်။
နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကိုယ်စား စာတမ်း ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်မျှတသော ဒီမိုကရေစီကျင့်စဉ် ဖြစ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး တစ်ဦးကောင်း တယောက်ကောင်း ဆောင်ရွက်ခြင်းဖြင့် မရနိုင်ကြောင်းလည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ စာတမ်းတွင် ပါရှိသည်။
ဒီမိုကရေစီ ရှင်သန်ရေးအတွက် အရေးတကြီး လိုအပ်နေသည့် နိုင်ငံတော်တည်ငြိမ်ရေးအတွက် နိုင်ငံတော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ကျင်းပလျက်ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြရန်လည်း စာတမ်းတွင် ထည့်သွင်းထားသည်။
“ဒီငြိမ်းချမ်းရေးရမှသာ နိုင်ငံတော်က တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ ဒီမိုကရေစီရေး ရှင်သန်မယ်” ဟု ဗိုလ်မှူးကြီး သန်းထိုက်က စာတမ်းဖတ်ကြားပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန််ခိုင်မာရေးအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့က အပြန်အလှန် ထိန်းကျောင်းရမည်ဖြစ်ပြီး အစိုးရကစပြီး ပြည်သူလူထုအထိ ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီး သန်းထိုက်က ပြောသည်။
ယခုနှစ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်မှာ “ဒီမိုကရေစီ ရှင်သန်ရေး၊ ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး” ဟူ၍ ဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်