လွတ်လပ်သည့် မီဒီယာများကို ပိတ်ပင်တားဆီးပါက ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းလက္ခဏာဟု SNLD ပြော

လွတ်လပ်သည့် မီဒီယာများကို ပိတ်ပင်တားဆီးပါက ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းလက္ခဏာဟု SNLD ပြော
အစိုးရသတင်းစာကလွဲပြီး ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေ တဖြည်းဖြည်း လျော့နည်းလာရာကနေ ဆိတ်သုဉ်းရတော့မယ့်အခြေအနေကို ရောက်ရှိနေပါတယ် (ဓာတ်ပုံ- လင်းဘိုဘို/အီးပီအေ)

နေပြည်တော်(စက်တင်ဘာ ၁၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန်ရေးအတွက် သတင်းမီဒီယာလွတ်လပ်ခွင့် ရှိရန် အထူးလိုအပ်ပြီး အစိုးရအနေဖြင့်လည်း သတင်းမီဒီယာများ ပြန်လည်ထွန်းကားလာအောင် မဖြစ်မနေ လုပ်ဆောင်သင့်သည်ဟု အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီ နိုင်ငံတိုင်းတွင် သတင်းမီဒီယာလွတ်လပ်ခွင့်ကို မဖြစ်မနေ ပေးအပ်ရပြီး ပြည်သူ့အသံကို လွှတ်လပ်သည့် သတင်းမီဒီယာတွေကတဆင့် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူများက သိရှိနေကြရခြင်းဖြစ်ပြီး “နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်သလား၊ ဆိတ်သုဉ်းနေသလား ဆိုတာကို သတင်းလွတ်လပ်ခွင့်နဲ့ တိုင်းတာကြည့်ရမှာ ဖြစ်ပါတယ်” ဟု SNLD က ဆိုသည်။

နေပြည်တော်ရှိ လွှတ်တော်သဘင်ဆောင်တွင် စက်တင်ဘာ ၁၅ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် စာတမ်းဖတ်ကြားစဉ် ဒီမိုကရေစီရှင်သန်ရေးအတွက် သတင်းမီဒီယာလွတ်လပ်ခွင့် အရေးကြီးကြောင်း SNLD က အလေးထား ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်တဲ့ သတင်းထုတ်ဖေါ်ရေးသားခွင့်ဟာ ဒီမိုကရေစီ ရှင်သန်ရေးအတွက် အလွန်ကို အဓိကကျပြီး အလွန်ကို အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းတွေကို နားမထောင်ချင်တော့ဘူး။ ပိတ်ပင်တားဆီးမှုတွေ လုပ်လာပြီဆိုရင် ဒါဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းရဲ့ လက္ခဏာဘဲ ဖြစ်ပါတယ်” ဟု SNLD ပါတီကိုယ်စားပြုကာ စာတမ်းဖတ်ကြားခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ပုံနှိပ်မီဒီယာလုပ်ငန်းများသည် အစိုးရသတင်းစာကလွဲပြီး ကျန်ပုံနှိပ်မီဒီယာများမှာ တဖြည်းဖြည်း လျော့နည်းလာရာကနေ ဆိတ်သုဉ်းရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းလည်း SNLD ၏ စာတမ်းတွင် ပါရှိသည်။

“ဒီနေ့ပွဲရဲ့ ဆောင်ပုဒ်ကို တကယ် အကောင်အထည်ဖေါ်ချင်ရင် မြန်မာနိုင်ငံရဲ့ သတင်း မီဒီယာ ပြန်လည်ထွန်းကားလာအောင် အစိုးရအနေနဲ့ မဖြစ်မနေ အားပေးဆောင်ရွက်သင့်ပါကြောင်း” ဒေါ်နန်းခင်စောက စာတမ်းဖတ်ကြားခဲ့သည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး” ဟူ၍ ဖြစ်သည်။

တအာင်း(ပလောင်)အမျိုးသားပါတီကလည်း ပြည်သူ့အခြေပြု ဒီိမိုကရေစီနိုင်ငံတစ်ခု အနေဖြင့် နိုင်ငံသားများ၏ စောင့်ကြည့်ထိန်းညှိပေးနိုင်မှု အခန်းကဏ္ဍအတွက် အရေးပါသည့် သတင်းအချက်အလက်များ ရယူနိုင်ရန် သတင်းမီဒီယာများမှာ အရေးပါကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ စာတမ်းတွင် ထည့်သွင်း ပြောဆိုသည်။

“စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများ၏ လွတ်လပ်မှု၊ ဘက်မလိုက်ဘဲ နိုင်ငံသားများအားလုံးထံ သတင်းမှန်ပေးပို့နိုင်မှုက နိုင်ငံသားများ၏ ဒီမိုကရေစီအပေါ် ထိန်းညှိဆောင်ရွက်ပေးနိုင်မှုအား အထောက်အကူ ဖြစ်စေသည်” ဟု တအာင်း(ပလောင်)အမျိုးသားပါတီ၏ စာတမ်းတွင် ပါရှိသည်။

 မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝအနက် အဆင့် (၁၃၇)တွင် ရပ်တည်နေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) ၏ ၂၀၁၈ အဆင့် သတ်မှတ်ချက်၌ ဖော်ပြထားပြီး ယမန်နှစ်က ထုတ်ပြန်ခဲ့သော အဆင့်သတ်မှတ်ချက်ထက် ခြောက်ဆင့် လျော့ကျခဲ့သည်ဟု RSF က ထုတ်ပြန်ထားသည်။

လက်ရှိ အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၄မှု အထိရှိပြီး သတင်းသမား ၃၈ဦး တရားရင်ဆိုင်နေရကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (အသံ - A Than) ၏ ယခုလအတွင်း ထုတ်ပြန်သည့် သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။ တရားစွဲဆိုမှုများတွင် အစိုးရဝန်ထမ်းများက တရားစွဲဆိုထားသော အမှု (၁၅)မှု၊ တပ်မတော်က တရားစွဲဆိုထားသော အမှု (၃)မှုနှင့် အခြားသူများက စွဲဆိုထားသော အမှု (၆)မှုတို့ ပါဝင်သည်။

ယခုလ ၃ရက်နေ့ကလည်း ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များဥပဒေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့သည်။

 

Mizzima Weekly