တနင်္သာရီမြစ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း အလိုမရှိကြောင်း ဒေသခံများကန့်ကွက်

By ဒီမိုးသွေး (မြိတ်)
16 September 2018
တနင်္သာရီမြစ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း အလိုမရှိကြောင်း ဒေသခံများကန့်ကွက်

တနင်္သာရီ၊ စက်တင်ဘာလ ၁၆ ။                ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စ၊ သာရဘွင်အရှေ့ကမ်းတွင် ဒေသခံ ကရင်တိုင်းရင်းသား ၆၀၀ ဦးခန့်က မြစ်ဖျားတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

တနင်္သာရီ မြစ်ဖျားပိုင်းတွင် ကုမ္ပဏီအချို့မှ ရွှေတူးဖော်ခြင်းနှင့် ရေအားလျှပ်စစ် ထုတ်ယူရန် စီစဉ်နေခြင်း ဖြစ်ပြီး၊ စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူများ ထိခိုက်ပျက်စီးမှုများ များလာနိုင်မည် ဖြစ်ခြင်းကြောင့် အလိုမရှိကြောင်း ဒေသခံ ကရင်တိုင်းရင်းသား ၆၀၀ ဦးက စက်တင်ဘာလ ၁၃ ရက်နေ့က NO Dam Campaign ပြုလုပ်ခဲ့သည်။

အဆိုပါ ရေကာတာစီမံကိန်းအတွက် တည်ဆောက်ရန် အတွက် လွန်ခဲ့သည့်နှစ်များက ကုမ္ပဏီတစ်ခုမှ လာရောက်လေ့လာဆန်းစစ်မှု ပြုထားချက်အရ နဂါးအိုင်၊ ကျောက် ခြားနှင့် ဆင်ဖြူတိုင်စသည့် ဒေသဘက်တွင် ပြုလုပ်ရန် လျာထားခဲ့ပြီး၊ စီမံကိန်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို ဒေသခံပြည်သူများနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို တိကျသေချာစွာ မသိရှိရသည့်အပြင် ချပြခြင်းလည်း မရှိကြောင်း ဒေသခံ ကရင်တိုင်းရင်းသားများထံမှ သိရသည်။

 “ရေကာတာကို ကျွန်တော်တို့ဆီ လာပြီးတော့ အတိအကျ ချပြတာမျိုး မရှိဘူး။ ဒီစီမံကိန်း ဝင်လာမယ် ဆိုတာက လည်း နိုင်ငံတကာ စံချိန်စံညွှန်းဖြစ်တဲ့ FPIC-လွတ်လပ်စွာ ကြိုတင်သတင်းသိရှိခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် ၊ အဲ့စံချိန် စံညွှန်းနဲ့ လည်း မကိုက်ညီဘူး။ ကျွန်တော်တို့ တကယ်လို့များ ဒီရေကာတာ ဖြစ်ခဲ့မယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ရဲ့ ရှေ့ဆက်ခံစားရမဲ့ ခံစားချက်တွေက ဘာတွေ ရှိနိုင်မလဲဆိုတာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဒါတွေကို အများကြီး ထိခိုက်လာနိုင်လာမည်ကို မီးမောင်း ထိုးပြနေတာပါ ” ဟု ရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ No Dam Campaigm တွင် ဦးဆောင်ပါဝင်သူ ဒေသခံ ဦးစောအဲလ်ဖရက် က ပြောသည်။

ယင်း ရေကာတာ စီမံကိန်းကို အလိုမရှိကြောင်း NO Dam Campaign ကို တနင်္သာရီမြစ်ဖျားတွင် နေထိုင်သည့် ဌာနေ၊ ကရင်တိုင်းရင်းသားပြည်သူလူထုတို့က အခွင့်အရေးဆိုင်ရာ ကြေညာခြင်းနေ့အပေါ် အခြေခံပြီး ယခုလို စည်းရုံးလှုံ့ဆော်မှုမျိုးကို တနင်္သာရီဌာနေ တိုင်းရင်းသားများ အနေဖြင့် ပထမဦးဆုံးအကြိမ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

တနင်္သာရီ မြစ်ပိုင်းတွင် မြန်မာလူမျိုးများ အပြင် ကရင်တိုင်းသားများ အများစု နေထိုင်သည့်ဒေသဖြစ်သည်။

 

Mizzima Weekly