အင်းလေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသား ဟိုတယ်ဆောက်မည့် အစီအစဉ် ပျက်နိုင်ဖွယ်ရှိ

အင်းလေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသား ဟိုတယ်ဆောက်မည့် အစီအစဉ် ပျက်နိုင်ဖွယ်ရှိ

နေပြည်တော်(စက်တင်ဘာ ၂၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသအတွင်း ဦးထွန်းနိုင်ရွှေ(Myanmar Naing Group Co, Ltd)က ဟိုတယ်ဆောက်လုပ်မည့် မြေဧက (၉၀)အား ဒေသခံများ၏ တောင်းဆိုချက်အတိုင်း ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်သင့်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လွှတ်တော်သို့ အစီရင်ခံလိုက်သည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏သားဖြစ်သူ ဦးထွန်းနိုင်ရွှေမှ အင်းလေးကန်ဒေသအတွင်းရှိ မိုင်းသောက်ကျေးရွာအုပ်စု၊ သကြားစက်ကွင်းအတွင်း ကွင်းအမှတ်(၃၇)၊ မြေဧက(၉၀)ပေါ်တွင် ဟိုတယ်တည်ဆောက်ရန် မြေလွတ်မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိရေး လျှောက်ထားမှုအပေါ် ဟိုတယ်ဆောက်လုပ်ခြင်းကို တားမြစ်ပေးပါရန်နှင့် ဘေးမဲ့တောဧရိယာအဖြစ် ပြန်လည်သတ်မှတ်ပေးပါရန် အင်းလေးဒေသခံ လူဦးရေ သုံးသောင်းခန့်က လွှတ်တော်နှင့်အစိုးရထံ တင်ပြခဲ့ခြင်းအပေါ် အစိုးရက အောက်ပါအတိုင်း ပြန်ကြားလာခြင်း ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဦးအုန်းဝင်းကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ယခုလ(၈)ရက် ရက်စွဲဖြင့် အမျိုးသားလွှတ်တော်ရုံးသို့ ပေးပို့ထားသည့် စာတွင် “အင်းလေးဒေသခံ ပြည်သူများမှ  ဟိုတယ်ဆောက်လုပ်ခြင်းကို တားမြစ်ပေးပါရန်နှင့် ဘေးမဲ့တော ဧရိယာအဖြစ် ပြန်လည်သတ်မှတ်ပေးပါရန် တင်ပြလာခြင်းနှင့်ပတ်သက်၍  Myanmar Naing Group Co,Ltd သို့ ပယ်ဖျက်ပေးခဲ့သည့် မြေ(၉၀)ဧကအား ဘေးမဲ့တောမြေအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး သက်ဆိုင်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနှင့် ဒေသခံများ၏ ထောက်ခံချက်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည် ဆိုပါက သင့်လျော်မည် ဖြစ်ပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်” ဟု ပါရှိသည်။

အဆိုပါ မြေနေရာသည် သဘာဝကာကွယ်တောများသာဖြစ်ပြီး ဟိုတယ်ဆောက်၍ မရကြောင်း၊ ဒေသခံများက နေအိမ်များ တဲများ ဆောက်လုပ်ရာတွင်ပင် တရားစွဲခံရလေ့ရှိကြောင်း၊ ထိုသို့ ဟိုတယ်ဆောက်လုပ်မည့်အစီအစဉ်ကို ဒေသခံများက လက်မခံကြောင်းနှင့် ဦးသန်းရွှေ၏ သားဖြစ်ခြင်းကြောင့် ကန့်ကွက်နေခြင်း မဟုတ်ကြောင်း ညောင်ရွှေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ဦး(ခ) ဦးနေမျိုးက မဇ္ဈိမကို ပြောသည်။

“ဦးသန်းရွှေရဲ့သားဆိုတာ အခုနောက်ပိုင်းမှ သိရတာဗျ။ အရင်ကတည်းက ကျနော်တို့က လူကိုမကြည့်ပါဘူး။ မူနဲ့ ကန့်ကွက်တာ။ တည့်တည့်ပြောရမယ်ဆို ကျနော့အဖေ၊ အမေလာလုပ်၊ ဒေါ်အောင်ဆန်းစုကြည်လာလုပ်လည်း ကျနော်တို့က ကန့်ကွက်မှာပဲ” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်လည်းဖြစ်သူ ၎င်းက ပြောသည်။

၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အဆိုပါ မြေဧက (၉၀)အား ဘေးမဲ့တောမြေမှ ပယ်ဖျက်ရန် သဘောတူကြောင်း ဆုံးဖြတ်၍ မတ်လ ၁ဝရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု အစိုးရ၏ လွှတ်တော်သို့ ပြန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် ရက်စွဲသည် တပ်မတော်အစိုးရက ဦးသိန်းစိန်အစိုးရထံ အာဏာလွှဲပြောင်းမည့် ရက်ပိုင်းအလိုတွင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က သစ်တောဝန်ကြီးအဖြစ် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က တာဝန်ယူခဲ့သည်။

Save The Inle Lake အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်လတ်က “အဓိက ကန့်ကွက်ရတဲ့ အကြောင်းကတော့ ဧက (၉၀)နေရာကြီးကို စက်ယန္တယားတွေနဲ့ တူးထုတ်ပြီး ဟိုတယ်အကြီးကြီး ဆောက်လိုက်ရင် အဲ့ဒီ တောရိုင်းကြီးက ပျောက်ကွယ်သွားမယ်။ နောက် အရှေ့ဘက် တောင်ပေါ်ကနေ ကျဆင်းလာတဲ့ နုံးတွေ စီးဆင်းလာရင် အင်းလေးကန် တိမ်ကောစေနိုင်တယ်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဒေသခံတချို့ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုထက် ဦးထွန်းနိုင်ရွှေ(Myanmar Naing Group Co, Ltd)မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏သား ဖြစ်သည့်အတွက် ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။

အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဖြစ်သူ အသက်(၇၅)နှစ်အရွယ် ဦးသက်ထွန်းကလည်း “ဒေသခံတွေ သဘောထားကတော့ ကန့်ကွက်တယ်။ နောက်ပြီးတော့ ဒီဟာကို ဘေးမဲ့တောထဲ ပြန်သတ်မှတ်ပေးဖို့ပေါ့။ ဒါပေမယ့် တစ်ဖက်က အင်အားစုကလည်း ငွေနဲ့ခင်းပြီးတော့ လိုက်စည်းရုံးတာပေါ့ဗျာ။ တစ်ရွာဝင်၊ တစ်ရွာထွက်ပြီး မင်းတို့ရွာအတွက် ဘာလုပ်ပေးမယ်၊ ဘာလုပ်ပေးမယ်ဆိုပြီး အဲ့လို အပိုင်းတွေလည်း ရှိတယ်ဗျ” ဟု ပြောသည်။

Myanmar Naing Group Co, Ltd မှ ဒေသခံများကို ကျောင်းဆောက်ပေးမည်၊ လမ်းဖောက်ပေးမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရအောင် လုပ်ပေးမည် စသဖြင့် စည်းရုံးမှုများ ရှိနေခြင်းကြောင့် ဒေသခံ အင်းသားများအကြား ထောက်ခံသူများနှင့် ကန့်ကွက်သူများဟူ၍ နှစ်ခြမ်းကွဲနေကြောင်း  ပြည်သူ့လွှတ်တော်အမတ် ဦးနေမျိုးက ပြောပြသည်။

Myanmar Naing Group Co, Ltd က ဟိုတယ်ဆောက်လုပ်ရန် လျာထားသည့် အဆိုပါ မြေဧက(၉၀)သည် အင်းလေးကန်၏ ပင်မထိန်းသိမ်းရေးနယ်မြေ၊ ကြားခံနယ်မြေနှင့် သဘာဝကျွန်းမျောရိုင်းတောများအတွင်း ကျရောက်ခြင်း၊ ရေပျော်ငှက်များနှင့် ငါးသားပေါက်ကျက်စားရာ သဘာဝရေဝပ်ဒေသ ဂေဟစနစ် တစ်ခုဖြစ်ပြီး အင်းလေးကန်၏ အရှေ့ဘက်တောင််တန်း ရေဝေတောများမှ အင်လေးကန်အတွင်းသို့ စီးဝင်လာသောရေများအား သဘာဝ နုံးတာတမံသဖွယ် တည်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မှတ််ချက်ပြုထားသည်။

ထို့ကြောင့် အဆိုပါ မြေဧက (၉၀)အား ဘေးမဲ့တောအဖြစ် ပြန်လည်သတ်မှတ်မည်ဆိုပါက အင်းလေးကန် ရေရှည်တည်တံ့ရေး၊ ရေဝပ်ဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ၊ အင်းလေးကန် ဇီဝအဝန်း နယ်မြေဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး ဒေသခံပြည်သူများမှလည်း ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ပါဝင်လာနိုင်ကြောင်း စိစစ်တွေ့ရှိရသည်ဟုလည်း ဝန်ကြီးဌာန၏ ပြန်ကြားစာတွင် ပါရှိသည်။

အဆိုပါ မြေဧက(၉၀)တွင် ယခုလက်ရှိ ဟိုတယ်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ အခြေခံ အဆောက်အဦ အနည်းငယ်သာ ဆောက်လုပ်ထားကြောင်း သိရသည်။

 

Mizzima Weekly