အပြစ်ရှိ ဝန်ထမ်းများကို တိုင်းရင်းသားဒေသများသို့ ပြောင်းရွှေ့ခန့်ထားမှု ဒေသခံများ မနှစ်မြို့

အပြစ်ရှိ ဝန်ထမ်းများကို တိုင်းရင်းသားဒေသများသို့ ပြောင်းရွှေ့ခန့်ထားမှု ဒေသခံများ မနှစ်မြို့
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ လဟယ်မြို့ကို ၂၀၁၆ စက်တင်ဘာလက တွေ့ရပုံ  (ဓာတ်ပုံ - နန်းတင်ထွေး)

နေပြည်တော်(စက်တင်ဘာ ၂ဝရက်၊ ၂၀၁၈ခုနှစ်)။ ။ ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ကချင်၊ ကယား၊ ရခိုင်နှင့် ချင်းကဲ့သို့သော ပြည်နယ်များသို့ ပိုမို အရည်အချင်းရှိသည့် နိုင်ငံဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးရမည့်အစား အပြစ်ရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ခန့်ထားခြင်းမှာ မဖြစ်သင့်ကြောင်း အဆိုပါ ပြည်နယ်များမှ လွှတ်တော်အမတ်များက ပြောဆိုကြသည်။

နိုင်ငံ့ဝန်ထမ်းအများစုမှာ ဝေးလံခေါင်သီသည့် တိုင်းရင်းသားဒေသများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် အပြစ်ရှိသည့် ဝန်ထမ်းများကို အပြစ်ပေး၊ အရေးယူသည့်အနေဖြင့် အဆိုပါ ဒေသများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခြင်းအပေါ် ဒေသခံများအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း လွှတ်တော်အမတ်များက ပြောသည်။

“တဘောင်လိုလို စကားပုံလို ထွက်နေတာက ‘သွားလေရော့ လဟယ်’ ပေါ့။ ‘မတောက်တခေါက် ကယားရောက်’ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဝမ်းနည်းတယ်။ ငိုချင်တယ်။ ကယားကို ရောက်လာတဲ့ ဝန်ထမ်းအချင်းချင်း နှုတ်ဆက်ရင်တောင် မင်္ဂလာပါလို့ မနှုတ်ဆက်ဘူး။ ဟေ့ကောင် မင်းဘာနဲ့ ထိလဲ ဟေ့ဆိုပြီး အဲဒီလောက်အထိ အခြေအနေဆိုးနေတာက အခုထက်ထိပဲ။ ပြီးခဲ့တဲ့ ဥပဒေကြမ်းကော်မတီ အစည်းအဝေးတခုမှာ ရဲမှူးကြီး တယောက်က ရဲဝန်ထမ်းတွေ အလုပ်မလုပ်လို့ ချင်းပြည်နယ် အထိ ပို့ပစ်လိုက်တယ်လို့ ပြောတော့ Heart ကို ထိသွားတာပဲ” ဟု ကယားပြည်နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်စည်သူက ပြောသည်။

“ကျမတို့ ပြည်နယ် ၃ခုက (ဝန်ထမ်းတွေကို)အပြစ်ပေးတဲ့နေရာ မဟုတ်သလို ထောင်လည်း မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အပြစ်ပေးခံရသည့် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ကျနေရသည့်အထဲ ထိုသို့ ပြောင်းရွှေ့တာဝန်ပေးခံရခြင်းကြောင့် တက်တက်ကြွကြွ မရှိတော့ဘဲ လုပ်ငန်းစွမ်းဆောင်ရည် လျော့ကျလာမည်ဖြစ်ကာ ၎င်းတာဝန်ကျသည့် ဒေသမှာ တိုးတက်နိုင်ခြေ မရှိသလောက် နည်းပါးလာမည်ဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် စွမ်းဆောင်မှု မြင့်တင်ပေးနိုင်မည့် ဝန်ထမ်းများကိုသာ ရောက်လာစေချင်ကြောင်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်းက ပြောသည်။

“အခုလောလောဆယ်မှာတော့ ချင်းတို့၊ ရခိုင်တို့၊ ကယားတို့ကို အပြစ်ရှိတဲ့လူတွေပဲ ပြစ်ဒဏ်အနေနဲ့ ပို့တယ်ဆိုတော့ ကျမတို့ အထူးသဖြင့် မဖွွံ့ဖြိုးသေးတဲ့ နယ်မြေတွေက ပိုပြီးတော့မှ တိုးတက်မယ့်လမ်းက မရှိဘူးပေါ့။ အဲ့ဒါတွေ နောက်ပိုင်း ပြုပြင်ပေးရင်တော့ ကောင်းမှာပဲ” ဟု ဒေါ်နီရွှေလျန်းက မဇ္ဈိမကို ပြောသည်။

လူဦးရေ ၁၇၀၀၀ ခန့်ရှိပြီး ကိုးနှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူ တစ်ဦးတယောက်မျှ မရှိသည်အထိ ပညာရေးတွင် နိမ့်ကျနေသော ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးတို့မှာ အထက်ပါအတိုင်း အပြစ်ပေးခံရသူများ ဖြစ်သည်ဟု ခေါင်လန်ဖူးမြို့နယ် အမတ် ဦးအာမိုးဆီက ပြောဆိုသည်။

“သူ့ဝန်ကြီးဌာနအနေနဲ့ အရေးယူတာကတော့ ကျနော်တို့ မပြောလိုဘူးပေါ့။ ဒါပေမယ့် အရေးယူပြီး နေပြည်တော်မှာလည်း နေခိုင်းလို့ရတာပဲ။ ဝန်ကြီးရုံးမှာလည်း တွဲခိုင်းလို့ရတာပဲ။ ခေါင်လန်ဖူး ပို့တယ်ဆိုတာ့ သူ့အနေနဲ့တော့ ကောင်းပေမယ့် ဟိုက ပြည်သူတွေအနေနဲ့ ကြည့်လိုက်ရင်တော့ တော်တော်စိတ်မကောင်းစရာ၊ စဉ်းစားစရာလည်း ဖြစ်သွားတာပေါ့။ တဖက်မှာ နစ်နာနိုင်တာတွေ အများကြီး ရှိတယ်။ ကျေးလက်နဲ့ မြို့ပြ ခွဲခြားလိုက်သလို ဖြစ်သွားတာပေါ့” ဟု ၎င်းက ယူဆသည်။

လက်ရှိတွင် အဆိုပါ ကိစ္စအပေါ် လွှတ်တော်တွင် မေးခွန်းမေးမြန်းထားသည်ဟုလည်း ဦးအာမိုးဆီက ပြောကြားသည်။

အဆိုပါ အပြစ်ရှိသည့် ဝန်ထမ်းများကို ဌာနတွင်း ပြောင်းရွှေ့တာဝန်ပေးအပ်မှုသည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများတွင် သီးခြား ပြဌာန်းထားခြင်း မရှိဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ စီမံခန့်ခွဲနေခြင်း ဖြစ်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

“ဌာနတွင်း အပြစ်ရှိလို့ ပြောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြဌာန်းထားတာ မရှိဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲခွင့်နည်းလမ်းအရ ဆောင်ရွက်ခွင့် ရှိနေတာ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ဦးကျော်စိုးက ပြန်လည်ဖြေကြားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အမတ် ဦးအောင်သောင်းရွှေကမူ NLD ဦးဆောင်သည့် အစိုးရအနေဖြင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုတွင် များစွာ အားနည်းချက် ရှိနေသည်ဟု ဝေဖန်ပြောဆိုသည်။

“ပြည်မကနေပြီးတော့ တခုခု အဂတိ လိုက်စားတာပဲ ဖြစ်ဖြစ်၊ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်တာပဲ ဖြစ်ဖြစ် ပယ်နယ်တီ ထိပြီးတော့ နယ်စပ်ဒေသတွေကိုပဲ ပို့တာပဲ။ ကျနော်တို့ဆီက မတူကွဲပြားတဲ့ လူမျိုးတွေနဲ့ စုစည်းထားတဲ့အတွက် Diversity Management ကို တော်တော်လေးသိဖို့ လိုပါတယ်။ ကျနော်အနေနဲ့ ပြောချင်တာက အစိုးရအနေနဲ့ HR Management, Diversity Management, Change Management တို့ကို တော်တော်လုပ်ယူရဦးမယ်လို့ မြင်တယ်” ဟု ဦးအောင်သောင်းရွှေက ပြောကြားသည်။

ထိုသို့ အပြစ်ရှိ ဝန်ထမ်းများကို ပြောင်းရွှေ့တာဝန်ပေးမှုကြောင့် တိုင်းရင်းသားဒေသများတွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် အဂတိလိုက်စားခြင်းတို့ ဖြစ်ပေါ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

 

 

Mizzima Weekly