သတင်း ကြားဖြတ်နှင့် သတင်းအကျဉ်း မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး
မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး Print E-mail
မဇ္ဈိမသတင်းဌာန   
သောကြာနေ့၊ ဇွန်လ 13 2008 14:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ပတ္တမြားမြေ မိုးကုတ်မြို့တွင် ယမန်နေ့ နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုရာမှ လူ ၂၂ ဦးသေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။

ကြာသပတေး နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြား ထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီးသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ အရှေ့ပိုင်း အရပ်များဖြစ်သော ရေကြီး မြေပြိုမှုကြောင့် လူ ၂၂ ဦး မိုးကုတ် ဆေးရုံတွင် သေဆုံးခဲ့ပြီးဖြစ်ကာ လူ ၈ ဦး ပျောက်ဆုံးလျှက် ရှိသည်။

လေးပေဇေ။ တောင်နီ၊ သဲဖြူဝိုင်း၊ အုန်းကိုင်း၊ လယ်ဦး၊ အရပ်များတွင် ရေကြီး မြေပြိုမှု အများဆုံး ဖြစ်ပွါးခဲ့သည်။

မိုးများ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပြီး အရပ်သားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကောက်ခံကာ အိမ်ပြို သေဆုံးရသော မိသားစုများကို လှူဒါန်းရန် ပြင်ဆင်နေကြသည်။

ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါး ပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။

ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။

(ထပ်မံရရှိထားသော အချက်အလက်များဖြင့် ဖြည့်စွက် တင်ပြထားသည်။)
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved