|
အတိုက်အခံ လူငယ် ၁ဝ ဦးကို ပြန်လွှတ်ပေး |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
သောကြာနေ့၊ မေလ 23 2008 13:07 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ နေအိမ်များမှ လာရောက်ခေါ်ဆောင်သွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များအနက် ၁ဝ ဦးကို ယမန်နေ့က နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ၁၃ ဦးကို ယမန်နေ့က အထူးရဲများက နေအိမ်များမှလာရောက်ဖမ်းဆီးပြီး ၁ဝ ဦးကို ညဘက်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် အဖွဲ့ချုပ်ဗဟိုလူငယ်တာဝန်ခံ ကိုထွန်းဇော်ဇော်၊ အောက်မြန်မာပြည်လူငယ်တာဝန်ခံ ကိုခင်ထွန်းနှင့် တောင်ဒဂုံမှ လူငယ်ခေါင်းဆောင် တဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။
ဖမ်းဆီးခဲ့သူများကို နေရာခွဲ စစ်ဆေးမေးမြန်းခဲ့ပြီး ကိုယ်ရေးရာဇဝင်ယူကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာသော အချိန်တွင် ဆန့်ကျင်ဘက်နိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်ရန် ရှိမရှိ စစ်ဆေးမေးမြန်းခဲ့ပြီး အချို့ကိုမလွှတ်မီ မီဒီယာများသို့ ပြန်လည်ပြောပြခြင်းမပြုပါဟူသော ဝန်ခံချက်လက်မှတ် ထိုးခိုင်းခဲ့သည်။
|