သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ၆ဝ ရာနှုန်း မဲထည့်မည်ဟု မဇ္ဈိမ စစ်တမ်းက ပြဆို

၆ဝ ရာနှုန်း မဲထည့်မည်ဟု မဇ္ဈိမ စစ်တမ်းက ပြဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသား ၆ဝ ရာခိုင်နှုန်းက မဲပေးရန် အစီအစဉ်ရှိပြီး ၃ဝ ရာခိုင်နှုန်းက ပေးမည်မဟုတ်ကြောင်း ပြည်တွင်းရှိ လူ ၄ ထောင်ကျော်ထံမှ မဇ္ဈိမ ကောက်ယူထားသည့် စစ်တမ်းက ပြဆိုနေသည်။

ကယားမှလွဲ၍ ပြည်နယ်/တိုင်း ၁၃ ခုရှိ ပြည်သူ ၄ ထောင်ကျော်ကို မေးမြန်းကောက်ခံထားသဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လတ်တလော ပြုလုပ်ထားသည့် မြန်မာနိုင်ငံက လွတ်လပ်သည့် သတင်းမီဒီယာထဲတွင် အကြီးမားဆုံး စစ်တမ်းကောက်ခံမှု ဖြစ်သည်။

အသက် ၂၅-၄ဝ နှစ်ကြားရှိ လူငယ်များသည် မဲပေးရန်အတွက် အများဆုံးဖြစ်ပြီး အခြားမဲပေးသူများထက် သတင်း အချက်အလက် ပိုမိုသိရှိထားကြောင်းနှင့် ကောက်ယူသူများထဲမှ  ၈၆ ရာခိုင်နှုန်းက မဲပေးရန် ကြောက်ရွံ့မှု မရှိဟု ပြောဆိုခဲ့သည်။

စစ်တမ်းအရ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ရေပန်းစား လူကြိုက်အများဆုံး ဖြစ်ပြီး၊ ဒုတိယ လူကြိုက် အများဆုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တတိယလိုက်သည်က ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဖြစ်သည်။

၆ဝ ရာခိုင်နှုန်းက မဲပေးမည်ဟူသော စစ်တမ်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာနိုင်ငံမှာ စစ်တမ်း အတွေ့အကြုံ နည်းသေးကြောင်းနှင့် မည်မျှ တိကျမည်ကို ပြောရန် ခက်ခဲကြောင်း ယခုလို ထောက်ပြပြောဆိုသည်။

“ကောက်ခံမှု မှန်တယ်၊ မမှန်ဘူးဆိုတာ နိုင်ငံတကာမှာ စစ်တမ်းကောက်ခံမှု ဆိုတာတွေက များသောအားဖြင့် အတွေ့အကြုံ ရှိပြီးသားသူတွေ လုပ်တဲ့ ပုံစံတွေကလည်း တကယ့်ကို ပြည့်စုံတဲ့ နည်းပညာတွေနဲ့၊ နောက်တခုက ရွေးကောက်ပွဲ အကြိုမှာ မဲဆွယ်စည်းရုံးမှု လွတ်လပ်မှု၊ သတင်းမီဒီယာ လွတ်လပ်မှု ရှိနေတဲ့ တိုင်းပြည်တွေမှာတော့ တော်တော် Live ဖြစ်တယ်လို့ ပြောလို့ ရပါတယ်” ဟု အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “၆ဝ ရာခိုင်နှုန်းက မဲပေးမယ် ပြောတယ်။ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာလဲ။ တောလား၊ မြို့လားဆိုတာ ကြည့်ရဦးမယ် ထင်တယ်။ ကျနော်တို့ သွားခဲ့တဲ့ ဒေသတွေကို အခြေခံပြီးတော့ ပြောရမယ်ဆိုရင် သိပ်ပြီးတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ တချို့ကျေးရွာက လူတွေဆိုရင် ရွေးကောက်ပွဲအကြောင်း သိတာ မဟုတ်ဘူး။ မြို့က လူတွေတောင်မှ ဂဃနဏ မသိဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)  က စစ်တမ်းတွင် ၆ဝ ရာခိုင်နှုန်း မဲပေးမည်ဟု ပြောဆိုသည့်အပေါ် အားရကြောင်း ပြောဆိုသည်။

“အများကြီး အားရစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အစပိုင်း စည်းရုံးရေးထွက်တုန်းက အခြေအနေနဲ့ အခုနောက်ပိုင်း အခြေအနေ မတူတော့ဘူး။ အခုနောက်ပိုင်းကျ သူတို့က မဲပေးမယ်လို့ ပြောလာကြတယ်။ အဲဒီတော့ ဒါဟာ အများကြီး ကျေနပ်စရာကောင်းတဲ့ အပြောင်းအလဲတခုပေါ့” ဟု ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက မဇ္ဈိမကို ပြောသည်။

မဇ္ဈိမစစ်တမ်းက ပြည်နယ်/တိုင်း ၁၃ ခုတွင် လူတွေ့မေးမြန်းမှု၊ တယ်လီဖုန်းဖြင့် မေးမြန်းချက်များဖြစ်ပြီး၊ ထိုအထဲမှ ၅၉ ရာခိုင်နှုန်းက ၎င်းတို့ဒေသမှ ဝင်ပြိုင်မည့် ပါတီများနှင့် တသီးပုဂ္ဂလ အမတ်လောင်းများ အကြောင်း သဲကွဲစွာ မသိသေးကြောင်း ပြောဆိုကြသည်။

“တချိန်ထဲမှာပဲ အမျိုးသားလွှတ်တော် ပေးရမယ်၊ ပြည်သူ့လွှတ်တော် ပေးရမယ်၊ တိုင်းဒေသကြီး ပေးရမယ်။ တိုင်းဒေသကြီးမှာလည်း ၁-၂ ဆိုတော့ သူတို့က ခေါင်းရှုပ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲတို့၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူထုက ကင်းကွာနေတာ ကြာပြီလေ။ ကျမတို့က တော်တော်ကြီးကို ရှင်းပြပေးခဲ့ရတယ်” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

မဇ္ဈိမက ရန်ကုန်တိုင်းတွင် ၂၃ဝ၅ ဦး၊ ဧရာဝတီ ၁၇၇၊ ပဲခူး ၉၇၊ စစ်ကိုင်း ၁ဝ၆၊ တနသာင်္ရီ ၁၊ မကွေး ၁ဝ၇၊ မန္တလေး ၅၈ဝ၊ ချင်းပြည်နယ် ၂၊ ကချင် ၃၃၂၊ ကရင် ၁ဝ၃၊ မွန် ၁၃၆၊ ရခိုင် ၂၆ဝ နှင့် ရှမ်း ၇ ဦးကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 749 guests online