သတင်း ပြည်တွင်းသတင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲမည်မဟုတ်ဟု KNPP က ပြောကြား
လက်နက်နှင့် ငြိမ်းချမ်းရေး လဲမည်မဟုတ်ဟု KNPP က ပြောကြား Print E-mail
သန်းထိုက်ဦး   
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 20:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များသည် စစ်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် စီစဉ်လျက်ရှိသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း KNPP က ငြင်းဆိုလိုက်သည်။

လွန်ခဲ့သည့် ၅ ရက်ခန့်က ပြည်တွင်းပြည်ပတွင် KNPP ပါတီမှ စစ်ဦးစီးချုပ် ဘီထူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်မည်ဟူသညိ့ သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
 
“အဲဒီလို ဆောင်ရွက်မှုမျိုးတွေ ကျနော်တို့ဆီမှာ ဘာမှ မရှိဘူး” ဟု  ပါတီအတွင်းရေးမှူး ၂ ဦးခူးရယ်က မဇ္ဈိမကို ပြောသည်။
 
သူက ဆက်ပြီး “နအဖ စစ်အစိုးရက တဆင့်စကား တဆင့်နား ဒီလိုပဲ သတင်းဖြန့်ချိတာပါ။ သူတို့ တပ်စခန်း အသီးသီးတွေကို သတင်းပို့ပြီးတော့ ဒေသခံ လူထုတွေကို ရှင်းလင်းဟောပြောလိုက်ပြီးတော့ သတင်းဖြန့်ချိတယ်။ အဲဒီနည်းတွေ သူတို့လုပ်တာပါ။ ကျနော်တို့မှာ အချက်အလက်တွေ ရှိပါတယ်” ဟု ပြောသည်။
 
အလားတူ နအဖက ဝါဒဖြန့်ခဲ့သည်အပေါ် ကရင်နီပြည် တပ်မတော်ကလည်း ယခုလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကျေညာခဲ့သေးသည်။
 
ဦးခူးရယ်က ကျေညာချက်နှင့်ပတ်သက်ပြီး “ရည်ရွယ်ချက်ကတော့ နအဖ ကနေ ဒီလိုဝါဒဖြန့်ချိနေတဲ့ ကိစ္စဟာ မဟုတ်မမှန်တဲ့ အကြောင်း၊ ဒါကို ကျနော်တို့ ရှင်းလင်းချက်ထုတ်တဲ့ သဘောပါနော်” ဟု ပြောသည်။  
 
ကျေညာချက်ထဲတွင် ကရင်နီအမျိုးသားတိုင်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိရေး၊ အမျိုးသားဘဝ လွတ်မြောက်ရေးနှင့် တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ မဆုတ်မနစ်သော စိတ်"ာတ်ဖြင့် အာဏာရှင် စစ်အုပ်စု အဆက်ဆက်ကို ဆက်လက်၍ ခုခံတော်လှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအားလုံးနှင့် ကရင်နီလူမှုအသင်းအဖွဲ့များ အားလုံးသို့ ရှင်းလင်းစွာ အသိပေး ထုတ်ပြန်ကျေညာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved