သတင်း ပြည်တွင်းသတင်း အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် အွန်လိုင်း လေယာဉ်လက်မှတ် အဝယ်ခက်
အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့် အွန်လိုင်း လေယာဉ်လက်မှတ် အဝယ်ခက် Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 03 2007 19:36 - မြန်မာစံတော်ချိန်

နအဖ စစ်အစိုးရပိုင် တခုတည်းသော ပုဂံဆိုင်ဘာမှ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ပြည်ပလေကြောင်းလိုင်း အွန်လိုင်း ကြိုတင်လက်မှတ် ဝယ်ယူရာတွင် ကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့နေရသည်။

ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ စစ်အစိုးရက အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လက်မှတ်များ အင်တာနက်မှတဆင့် အွန်လိုင်းဖြင့် ကြိုတင် မှာယူခြင်းများကို FAX (တယ်လီဖုန်းဖြင့် မိတ္တူပို့စနစ်) ဖြင့် အစားထိုး လုပ်ကိုင်နေရသည်။

“အခု လောလောဆယ် ကျမတို့ဘက်မှာ အင်တာနက်တွေ မရဘူး။ တော်တော်ကြာပြီ အမရေ။ စက်တွေက သုံးလို့မရဘူး ဖြစ်နေတယ်။ လက်မှတ်တွေကိုတော့ အခက်အခဲ မရှိအောင် ကျမတို့ အတတ်နိုင်ဆုံး FAX တွေ့နဲ့ ထိုးပေးနေပါတယ်။ အဆင်ပြေအောင်လို့ လုပ်နေရပါတယ်။ ဒါပေမယ့်လို့ နဲနဲတော့ အခက်အခဲ ရှိနေတာပေါ့နော်” ဟု ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်က လေယာဉ် ကြိုတင် ဝယ်ယူနိုင်သည့် ဌာန Ticket Reservation Center ရှိ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း မရမ်းကုန်း မြို့ရှိ ၈ မိုင်လမ်းဆုံမှ Shopping Centre တွင် ဖွင့်ထားသော အင်တာနက် ကဖေးဆိုင်မှ ဝန်ထမ်း တဦးကလည်း ယခုလို ပြောဆိုသည်။

“ဒီမှာက အင်တာနက်နဲ့ Games တွဲပြီး ဖွင့်ထားတယ်။ အင်တာနက် မရပေမယ်လို့ Games က ဆက်ဖွင့်ထားတယ်။ အင်တာနက် သုံးတဲ့သူ မရှိတော့ ငွေမဝင်ဘူးပေါ့။ အခုလို အခြေအနေမျိုးဆိုတော့ ပိတ်ထားတာနဲ့ တူတယ်” ဟု ပြောသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ခြင်းသည် လတ်တလော ဖြစ်ပွားနေသည့် စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နှင့် သူတို့ ကျောထောက် နောက်ခံ ပြုနေသော အဖွဲ့အစည်းများက အကြမ်းဖက် နှိမ်နှင်းသည့် သတင်း၊ ဓာတ်ပု၊ံ ဗွီဒီယို မှတ်တမ်းများကို ပြည်ပသို့ ထုတ်လွင့်နေခြင်းကို ပစ်မှတ်ထားသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အင်တာနက် သုံးစွဲသူများက ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက်ရခြင်းသည် Maintenance ခေါ် ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည့်အတွက် ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် ပုဂံဆိုင်ဘာမှ ဝန်ထမ်းတဦးက ယခုလို ပြောသည်။

“ကျနော်တို့ လောလောဆယ် အင်တာနေရှင်နယ်၊ Residence တွေ Backbone Maintenance လုပ်နေရလို့၊ အဲဒါကြောင့်မို့ လောလောဆယ် အဆင်မပြေသေးတာပါ။ လိုကယ် (ဒေသတွင်း) တော့ အဆင်ပြေပါတယ်။ oversea (ပြည်ပ) သာ အဆင်မပြေတာပါ။ ဒီလိုပါ မြန်မာပြည်ထဲက ပုဂံမေးလ်၊ ဒါပေမဲ့ MPT က ယူထားတဲ့ local ထဲက မေးလ်တော့ အဆင်ပြေပါတယ်။ အဲလိုမှ မဟုတ်ဘဲ Gmail/ Yahoo တို့ oversea mail တို့က လောလောဆယ် အဆင်ပြေအုံးမှာ မဟုတ်ပါဘူး။ ကျနော်တို့ Maintenance လုပ်တာ မပြီးသေးလို့ပါ” ဟု ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက် အချိန်ယူမယ်ဆိုတာ Maintenance လုပ်နေတဲ့ ကာလဆိုတော့ အတိအကျတော့ ပြောလို့ အဆင်မပြေဘူး ခင်ဗျ။ ဖုန်းပြောပြီးတော့ နာရီဝက် အတွင်းလည်း ကောင်းသွားနိုင်ပါတယ်။ မဟုတ်ရင် မနက်ဖြန်၊ သဘက်ခါလည်း ကောင်းသွားနိုင်ပါတယ်။ အတိအကျကိုတော့ ကျနော်တို့ အထက် လူကြီးတွေကပဲ သိမှာပါ” ဟု ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ဖြတ်တောက် လိုက်သည့်အတွက် ပြည်တွင်းရှိ မိသားစုများနှင့် ပြည်ပရောက် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ အကြား အဆက်အသွယ် ပြတ်တောက်သွားကာ၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ထိခိုက်စေနိုင်ကြောင်း အင်တာနက် ဆိုင်ပိုင်ရှင် တဦးက ယခုလို ပြောသည်။

“ဒီမှာတော့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေ ရှိတယ်လေ။ သူတို့တွေအတွက် ဒုက္ခရောက်တာတော့ ရှိတယ်။ ပြည်တွင်းတွေ အနေနဲ့ နိုင်ငံရပ်ခြားက မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်သွားတာတွေ ရှိပါတယ်” ဟု ပြောသည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved