အခမဲ့ မွေးစာရင်း မှတ်ပုံတင် ရက်သတ္တပတ် ယူနီဆက်ဖ် အကူအညီဖြင့် မြန်မာအစိုးရ စတင် အကောင်အထည်ဖော်

အခမဲ့ မွေးစာရင်း မှတ်ပုံတင် ရက်သတ္တပတ် ယူနီဆက်ဖ် အကူအညီဖြင့် မြန်မာအစိုးရ စတင် အကောင်အထည်ဖော်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်နှင့် ကယားပြည်နယ်တို့တွင် မွေးစာရင်းပြုစုခြင်း ရက်သတ္တပတ် (Birth Registration Week) စတင် အကောင်အထည်ဖော်ရာတွင် ယူနီဆက် (UNICEF) က မြန်မာအစိုးရကို ထောက်ပံ့ကူညီနေသည်။ UNICEF မှ သတင်းထုတ်ပြန်ချက်အရ ဤလှုပ်ရှားမှုက ဖော်ပြပါ ဒေသသုံးခုတွင် နေထိုင်နေသည့် မွေးစာရင်း မဝင်သေးသော ၅ နှစ်အောက် ကလေးမှန်သမျှကို မြန်မာနိုင်ငံ၏ မည်သည့်နေရာ တွင် မွေးဖွားခဲ့ပြီး မည်သည့်တိုင်းရင်းသား မည်သည့် ဘာသာရေး လူမှုရေးနောက်ခံ ရှိခဲ့သည်ဖြစ်စေ မွေးဖွားမှု အထောက်အထား (မွေးစာရင်း) များ အခမဲ့ ထုတ်ပေးမည်ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကလေးသူငယ်ပေါင်း ၁၀၀,၀၀၀ ခန့်မှာ ၎င်းတို့၏ မွေးဖွားမှုကို ပထမဆုံးအကြိမ် မှတ်ပုံတင် ခံရဖွယ်ရှိနေသည်။

နိုင်ငံတော် မွေးစာရင်းမှတ်ပုံတင် အစီအစဉ်မှာ UNICEF ၏ နည်းပညာပိုင်း ကူညီထောက်ပံ့မှုနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်သည့် အလုပ်တစ်ခုပင် ဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မကြာသေးမီ နှစ်များအတွင်း မွေးစာရင်းမှတ်ပုံတင်မှု နှုန်းများတွင် သိသိသာသာ တိုးတက်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် မွေးစာရင်းအထောက် အထား ရရှိသည့် ကလေးသူငယ် အရေအတွက် သိသိသာသာ တိုးမြင့်လာခဲ့ရာတွင် ပြည်နယ် ၃ ခု၌ ယခင်ခေတ် အချိန်များထက်စာလျှင် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ရာ လွှမ်းခြုံအကျုံးဝင် မွေးစာရင်းပြုစုနိုင်မှု နှုန်းမှာ မွန်ပြည်နယ်တွင် ၂၀ ရာခိုင်နှုန်း၊ မကွေးတွင် ၄၁ ရာခိုင်နှုန်းနှင့် လွှမ်းခြုံအကျုံးဝင်မှု အနိမ့်ဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် ၃၀၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။

သို့ရာတွင် ၅ နှစ်အောက် ကလေးသူငယ် ၁ ဒသမ ၆သန်းခန့် (တစ်နည်းအားဖြင့်) ၁၀ ယောက်တွင် ၃ ယောက်နှုန်းမှာ မှတ်ပုံမတင်ရသေးဘဲ ရှိနေသည်။

“ကလေးသူငယ်ထု တစ်ရပ်လုံးရဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် မွေးစာရင်းမှတ်ပုံတင် ပြုစုတာက အရေးကြီးတဲ့ ပထမခြေလှမ်းတစ်ရပ်ပါ။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုအတွက် မှန်လည်းမှန်ကန်၊ အရေးလည်းကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ကလေးသူငယ်တွေကို ကလေးလုပ်သားအဖြစ် အဓမ္မခိုင်းစေခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့တွေထဲကို ကလေးစစ်သားအဖြစ် အတင်းအကျပ် သွတ်သွင်းခြင်းနှင့်  လူကုန်ကူးခြင်းများမှ ကာကွယ်ပြီး တရားရေးစနစ်ရဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်မှုကို ခံစားခွင့်ရ ရန်အတွက်လည်း ကလေးသူငယ် တစ်ယောက်ရဲ့ အသက်အရွယ်ကို မှန်မှန်ကန်ကန် သိဖို့ လိုအပ်ပါတယ်’’ ဟု UNICEF ၏ လက်ထောက်မြန်မာပြည်ကိုယ်စားလှယ် ရှာလီနီ ဘာဟူဂူနာက ပြောကြားသည်။
 
ဤလှုပ်ရှားမှုကို မေ ၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မြို့နယ်ပေါင်း ၄၀ လွှမ်းခြုံအကျုံးဝင်ကာ မေလ ၈ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags