အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာရေလုပ်သားများကို မေ ၂၂ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံသို့ ပြန်ခေါ်မည်

အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာရေလုပ်သားများကို မေ ၂၂ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံသို့ ပြန်ခေါ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သားများကို မေလ ၂၂ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံသို့ အပြီးသတ်ပြန်လည် ခေါ်ဆောင် လာမည်ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ  ဒုတိယ ရဲမှူးကြီး ခင်မောင်လှက မဇ္ဈိမကို ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သားများကို ကယ်တင်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ်ဧပြီ ၁၅ ရက်မှ မေ ၃ ရက်အထိ သွားရောက်စိစစ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယ ရဲမှူးကြီးခင်မောင်လှက “အဲ့ဒီကိုကျွန်တော်တို့ သွားတော့  အခက်အခဲတွေ အများကြီး တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ သွားရောက်ရမယ့်ကျွန်းက လုံခြုံရေးစိတ်ချရမှု မရှိတဲ့အတွက် အင်ဒိုနီရှား အစိုးရထံက လုံခြုံရေးတောင်းခံခဲ့ရပါတယ်” ဟု ပြောသည်။

မြန်မာရေလုပ်သားများ၏ ရပိုင်ခွင့်များအတွက် အင်ဒိုနီးရှား အခြေစိုက်ရှေ့နေအဖွဲ့က သက်ဆိုင်ရာ ကုမ္ပဏီများထံမှ ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရပိုင်ခွင့်များကို ပေးအပ်မှုမရှိပါက အဆိုပါကုမ္ပဏီများကို အင်ဒိုနီးရှား နိုင်ငံဥပဒေအရ တရားစွဲဆို ပေးသွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာရေလုပ်သားများကို လူကုန်ကူးခဲ့သူများကိုလည်း အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်၍ အရေးယူ ဆောင်ရွက်ပေးသွားမည်ကြောင်းနှင့် လိုအပ်သည်များကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဒုတိယ ရဲမှူးကြီး ခင်မောင်လှက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လူကုန်ကူးခံခဲ့ရာမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကိုအောင်သိန်းကျော်က “လက်သီးနဲ့ ထိုးတာ ကန်ကျောက်တာမျိုးတွေ အနှိပ်စက်ခံခဲ့ရတာတွေ ရှိပါတယ်။ ဆယ်နှစ်လောက် ဒုက္ခခံလာခဲ့ရတာပါ” ဟု ပြောသည်။

သွားရောက် စုံစမ်းရာမှ အင်ဒိုနီရှားနိုင်ငံတွင် စုစုပေါင်း ၅၃၅ ဦး ရှိပြီး ယင်းအနက် ဂျာကာတာမြို့ရှိ  လူကုန်ကူးခံရသူ ၁၄ ဦးတွင် ကလေးတစ်ဦးမှလွဲ၍ ကျန် ၁၃ ဦးကို မြန်မာသံရုံးနှင့် International Organization for Migration (IOM) တို့ ပူးပေါင်း၍ မေ ၉ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ဖြစ်သည်။ ကလေးတစ်ဦးကို ပြန်ပို့နိုင်ရန်လည်း ညှိနှိုင်းဆောင်ရွက်နေသည်။

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သားများကို မြန်မာနိုင်ငံသား ဖြစ်/မဖြစ် စိစစ်ရာတွင်လည်း အင်ဒိုနီးရှားနိုင်ငံတွင် ကျန်ရှိနေသည့် မြန်မာရေလုပ်သားများအနက် ၂၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးရန် ထိုင်းငါးဖမ်း လှေပိုင်ရှင်၏ စရိတ်ဖြင့် စီစဉ်ဆောင်ရွက်နေပြီး ကျန် မြန်မာရေလုပ်သား ၄၉၉ ဦး အနက် ၃ ဦးမှာ မပြန်လိုသဖြင့် ကျန်သူများကို အင်ဒိုနီးရှား အစိုးရနှင့်
မြန်မာအစိုးရတို့ ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာမည် ဖြစ်သည်။ မေလ ၁၄ ရက်တွင် ၁၂၁ ဦး ဒုတိယ အသုတ်အဖြစ် ရောက်ရှိမည်ဖြစ်ပြီး ကျန်ရေလုပ်သားများကို မေ ၂၂ ရက်တွင်း အပြီးသတ် ပြန်လည်ခေါ်ဆောင်လာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly