၂၀၁၅ နှစ်ကုန်တွင် လျှပ်စစ်ရထား နှစ်စီး ကမ်းနားလမ်း၌ စတင် ပြေးဆွဲမည်

၂၀၁၅ နှစ်ကုန်တွင် လျှပ်စစ်ရထား နှစ်စီး ကမ်းနားလမ်း၌ စတင် ပြေးဆွဲမည်
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျောက် RBE လူစီးရထား စတင်ပြေးဆွဲခြင်း အခမ်းအနားဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ဘူတာတွင် ဒီဇင်ဘာလ ရ ရက် နံနက်ပိုင်းက ကျင်းပနေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ ပန်းဆိုးတန်းကမ်းနားမှ အလုံကမ်းနားထိ ပြေးဆွဲနေသည့် မီးရထားလမ်းတွင် လျှပ်စစ်ရထား နှစ်စီးကို ၂၀၁၅ခုနှစ် အကုန်တွင် စတင်ပြေးဆွဲတော့မည်ဟု မေလ ၁၂ ရက် ယုဇနဂါးဒင်းဟိုတယ်တွင် ပြုလုပ်သည့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း လူထုတွေ့ဆုံပွဲ မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

"မီးရထားတွဲ နှစ်တွဲရောက်နေပါပြီ လိုအပ်တဲ့ လျှပ်စစ်ကိုလည်း စွမ်းအား ဝန်ကြီးဌာနနဲ့ ညှိနှိုင်းရရှိ ထားပြီးပါပြီ၊ နှစ်ကုန်မှာ ဆွဲနိုင်ပါမယ်" ဟု ၎င်းက ဆိုသည်။

ကမ်းနားလမ်းတွင် ပြေးဆွဲမည့် မီးရထားအမျိုးအစားမှာ ဒီဇယ်နှင့် လျှပ်စစ် နှစ်မျိုးသုံး DMU (Diesel Multiple Units) ရထားများဖြစ်ပြီး ဂျပန်နိုင်ငံမှ ဝယ်ယူထားခြင်း ဖြစ်သည်။ လျှပ်စစ်ရရှိနိုင်မှု အကန့်အသတ် ရှိနိုင်သဖြင့် နှစ်မျိုးသုံး ရထားများကို အသုံးပြုခြင်းလည်း ဖြစ်သည်ဟု မြန်မာ့ မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာက ဆိုသည်။

လျှပ်စစ် ရထား ပြေးဆွဲနိုင်ရန် ကြိုတင်ပြင် ဆင်မှုအဖြစ် မြန်မာ့ မီးရထားက မြို့ပတ်လမ်း ဧရိယာများအတွင်း ခုံးကျော်တံတား ကိုးစင်းအထိ ဆောက်လုပ်မည်ဟုလည်း ဦးထွန်းအောင်သင်းက ဆိုထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၅ ရုံ၊ ဓာတ်ငွေ့သုံးစက်ရုံ ၁၇ ရုံနှင့် ကျောက်မီးသွေးသုံး တစ်ရုံ စုစု ပေါင်း ၄၃ ရုံ မှ ဓာတ်အား ၄,၉၈၇ မဂ္ဂါဝပ်အထိ ထုတ်လုပ်နေပြီး ယင်းပမာဏ၏ ၃၈ ရာခိုင်နှုန်းခန့်ကိုသာ အသုံးချနိုင်သေးသည်ဟု လျှပ်စစ် ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လျှပ်စစ်ရထားအပြင် ရန်ကုန်မြို့ပတ်လမ်းအတွင်း ထပ်မံတိုးချဲ့ပြေးဆွဲရန် ဂျပန်နိုင်ငံမှ မှာယူထားသည့် ရထားတွဲဆိုင်း  ၃၂ ခုလည်း မေလ ၁၂ ရက်တွင် ရောက်ရှိနေပြီဖြစ်သည်ဟု ဦးထွန်းအောင်သင်းက ပြောသည်။

နှစ်ကုန်ပိုင်းတွင် ပြေးဆွဲမည်ဟုသာ သတ်မှတ်ထားပြီး လျှပ်စစ်ရထားပြေးစွဲမည့် အချိန်စာရင်းနှင့် မည်သို့ ပြေးဆွဲပေးမည်ကိုမူ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။

ရန်ကုန်မြို့ပတ် ရထား လမ်းများတွင် ရိုးရိုးရထား ကိုးစီး၊ လေအေးပေးစက် တပ်ဆင်ထားသည့် ရထား လေးစီးဖြင့် ပြည်သူ တစ်သိန်းခွဲခန့်ကို နေ့စဉ် စုစုပေါင်းခေါက်ရေ ၁၂၅ ကြိမ် အထိ ပြေးဆွဲပို့ ဆောင်ပေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly