"ဝ" ပြည်နယ် ပေါ်ပေါက်ရေး ဆွေးနွေးချက် တစ်ခုအဖြစ်သာ ရှိမည်

"ဝ" ပြည်နယ် ပေါ်ပေါက်ရေး ဆွေးနွေးချက် တစ်ခုအဖြစ်သာ ရှိမည်

ရန်ကုန်(မဇ္ဈိမ)။ ။ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ဖြစ်လာရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထောက်ခံပေးရန် တောင်းဆိုခဲ့သည့် "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီက ယင်းသည် ဆွေးနွေးချက်တစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပါအဝင် အခြားပြင်ဆင်ချက်များ လုပ်ဆောင်ထားခြင်းမရှိ ဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ပန်ဆန်းတွင်ပြုလုပ်သော တိုင်းရင်းသားညီလာခံတွင် "ဝ" ပြည်နယ် ရရှိရေးအတွက် ထောက်ခံရန် ပြောဆိုခဲ့သော်လည်း ထိုဆွေးနွေးချက်ကို ရှေ့ဆက်လုပ်ဆောင်ရန်နှင့် ပတ်သက်၍ "ဒါက ဆွေးနွေးချက်တစ်ခု ပဲ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှပဲ ဖြစ်နိုင်မယ်ဆိုတာ အားလုံးသိတယ်လေ။ ဒါကြောင့် အားလုံးကျိုးစားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားရမှာပေါ့" ဟု ဆိုသည်။

လက်ရှိတွင် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းအဖြစ်ရှိသော "ဝ" ဒေသသည် အင်္ဂလိပ်ခေတ်လက်ထက်တွင် "ဝ" ပြည်နယ်အဖြစ် ရှိခဲ့ခြင်းကြောင့် ထိုသို့ပြန်လည်တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

"အစိုးကို တင်ပြထားတဲ့အတွက် ဒါကိုစဉ်းစားမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်မှု ပြီးစီးတဲ့အထိ ကျွန်တော်တို့က ဒီအတိုင်းပဲ ဆက်သွားပါမယ် တင်ပြတာကတော့ အရင်ကလည်း တင်ပြခဲ့တာပဲ" ဟု သူက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် လက်ရှိတွင် ရှမ်းပြည်နယ်၏ အောက်တွင် တည်ရှိသည်။ "ဝ" လူမျိုးများသည် မြန်မာနိုင်ငံနှင့် တရုတ် ယူနန် နယ်စပ်ကြားရှိ တောင်တန်းများတွင် နေထိုင်ကြသည်။ ယူနန် နယ်စပ်မှ သံလွင်မြစ်အရှေ့ဘက်ကမ်းတိုင်အောင် အနှံ့အပြားနေထိုင်ကြသည်ဟု မြန်မာ့စွယ်စုံကြမ်းတွင် ဖော်ပြထားသည်။

စွယ်စုံကျမ်း၏  ဖော်ပြချက်အရ ၁၉၇၀ ရှေ့ပိုင်းကာလများတွင် ဝဒေသ အကျယ်အဝန်းမှာ စတုရန်မိုင်း ၂၅၀၀ ကျော်ရှိသည် ဟုဖော်ပြထားသည်။

အင်္ဂလိပ်လက်ထက်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော်လည်း ၀ ပြည်နယ်သည် အင်္ဂလိပ်သိမ်းပိုက်သည့် ၁၉၆၈ မတိုင်ခင်အထိ လူခေါင်းဖြတ်ပြီး ယဇ်ပူဇော်သည့် ဓလေ့ရှိခဲ့ပြီးသော ဒေသလည်း ဖြစ်သည်။

၁၉၈၉ ဧပြီတွင်မူ ဗကပ ခေါင်းဆောင်မှုကို ပုန်ကန်ပြီး "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags