မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ပြစ်ဒဏ်များလျော့ရန် အမျိုးသားလွှတ်တော်တွင် အစီရင်ခံစာတင်

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ပြစ်ဒဏ်များလျော့ရန် အမျိုးသားလွှတ်တော်တွင် အစီရင်ခံစာတင်
ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထက်ထိမ်းမြားခြင်း ဥပဒေအပါအဝင် မျိုးစောင့်ဥပဒေလေးခုကို အမြန်ပြဋ္ဌာန်းရေးအတွက် ၂၀၁၄ အောက်တိုဘာက ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

နေပြည်တော် (မဇ္ဈိမ) ။ ။ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာ တစ်မျိုးမျိုးသို့ ကူးပြောင်းကိုးကွယ်စေမှု မပြုရဆိုသည့် ပုဒ်မကို ကျူးလွန်သည့်ပြစ်ဒဏ် ထောင်ဒဏ်ငါးနှစ်အစား နှစ်နှစ်သို့လျော့ချရန် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက  မေ ၁၁ ရက်က လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းလိုက်သည်။

“ဓားပြတိုက်မှုတို့ ရိုက်နှက်မှုတို့ လုယက်မှုတို့ကျတော့ တစ်မျိုးပေါ့၊ ဒါက လူမှုရေးပြစ်မှုပဲ၊ လူမှုရေးပြစ်မှုဆိုတော့ ထောင်ဒဏ်ငါးနှစ်ဆိုတာ များတာပေါ့၊ အမျိုးသားလွှတ်တော်က သုံးသပ်ပြီးတော့ နှစ်နှစ်လောက်ဆိုတော်ပါပြီလို့ သုံးသပ်လိုက်တာပါ။ ဒါပါပဲလွှတ်တော် နှစ်ရပ်က ကွဲလွဲခွင့်ရှိတယ်၊ လွှတ်တော်နှစ်ရပ်ထားတာကိုက နဂိုကတည်းက သဘောထားကွဲလွဲခွင့် ရှိအောင်ထားတာ၊ ဒါ သဘာဝပါပဲ၊ ကိုယ်ရဲ့ ဥပဒေကြမ်း ကော်မတီအမြင်၊ ဟိုဘက်က ကော်မတီရဲ့အမြင်၊ ကွဲလွဲရင် ပူးပေါင်းပြန်ထိုင်မယ်။ ပူးပေါင်းလို့ ညှိမရရင် ပြည်ထောင်စု လွှတ်တော်တင်မယ် မဲခွဲမယ်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၅ ရက်မြောက်တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက မြန်မ ာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များအပေါ် အစီရင်ခံစာ တွေ့ရှိချက်ကို လွှတ်တော်တွင် အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယုက တင်သွင်းလိုက်ခြင်းဖြစ်သည်။
          
“ပုဒ်မ ၃၇ တွင် ဖော်ပြထားသော ထိမ်းမြှားပေးလျှင် ထိုအရာရှိကို ခြောက်ခထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ဆိုသည့်စကားရပ်ကို ထိမ်းမြားပေးကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုအရာရှိကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ အသီးသီး အစားထိုးပြင်ဆင်သင့်ကြောင်း လေ့လာတွေ့ရှိရပါတယ်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးတင်ယုက အစီရင်ခံစာတင်သွင်းရာတွင် ပြောသည်။
          
အစီရင်ခံစာတင်သွင်းရာတွင် ဗုဒ္ဓဘာသာမဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉ ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲ (ဇ)ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် ပပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်းချမှတ်ရမည်ဟု ပြောင်းလဲရန် ဖော်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် ဥပဒေကြမ်းတွင် ပုဒ်မ၁၉ ပုဒ်မခွဲ (စ) မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမ၏ ဘာသာဝင်မိန်းမ၏ ဘာသာရေး သက်ဝင်ယုံကြည်မှုကို စကားဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ ထင်းရှားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ အမှုအရာဖြင့်ဖြစ်စေ စော်ကားခြင်းမပြုရ။ ပုဒ်မခွဲ (ဇ) မြန်မာဗုဒ္ဓဘာသာဝင် မိန်းမကွယ်လွန်သည့်အခါ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်သင်းဂြိုလ်ခြင်းကို ခွင့်ပြုရန်ဟု ပြဌာန်းထားသည်။

ပုဒ်မခွဲ (ဇ) ဗုဒ္ဓဘာသာကို စော်ကားရန်အကြံဖြင့် မိန်းမကိုးကွယ်ဝတ်ပြုသော နေရာကိုသောလည်းကောင်း အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်လည်းကောင်း ပျက်စီးရန်သို့မဟုက် ပျက်စီးနစ်နာစေရန် သို့မဟုတ် ယုတ်ညံ့စေရန် မပြုရ ပြည်သူလွှတ်တော်က အတည်ပြုထားသည်။

အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြုဆုံးဖြတ်လိုက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေငြာလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly