ကယားပြည်နယ် လူထုညီလာခံတွင် မြို့နယ် ရ ခုတွင် ကြံုတွေ့နေရသည့် အခက်အခဲများကို ဒေသခံများတင်ပြ

ကယားပြည်နယ် လူထုညီလာခံတွင် မြို့နယ် ရ ခုတွင် ကြံုတွေ့နေရသည့် အခက်အခဲများကို ဒေသခံများတင်ပြ

ရန်ကုန် (မဇ္ဈိမ)။ ။ ကယားပြည်နယ် တိုင်းရင်းသားပါတီများနှင့် လူထုညီလာခံတွင် ကယားပြည်နယ် မြို့နယ် ၇ ခုမှ ဒေသခံများက ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့သည်ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က မဇ္ဈိမကို ပြောသည်။

ညီလာခံကို တိုင်းရင်းသားဒေသံပါတီ သုံးခုဖြစ်သည့် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့က မေလ ၁၁ ရက်မှ ၁၃ ရက်အထိ ကေ့ထျိုဘိုး ခန်းမဆောင်၊ ချိကယ်ကျေးရွာ၊ လွိုင်ကော်မြို့နယ်တွင် ဦးဆောင်ကျင်းပသွားမည် ဖြစ်သည်။

ဦးစောဒယ်နီယယ်က “သူတို့တင်ပြတဲ့ အခက်အခဲတွေကတော့ အများကြီးပေါ့လေ။ ပြည်နယ်တွေမှာ အရင်ပြုလုပ်ထားတဲ့ လူထုတွေ့ဆုံပွဲတွေက အသံတွေကို စုစည်းပြီး ပြည်နယ် ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးလာတာပါ” ဟု ပြောသည်။

ပြည်သူလူထုက မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ လျှပ်စစ်မီး ပြဿနာများ၊ ဆေးပစ္စည်း လိုအပ်ချက်များ၊ စာသင်ကျောင်းနှင့် ဆရာ၊ ဆရာမ လိုအပ်ချက်များ၊ တယ်လီဖုန်းဆက်သွယ်မှု လိုင်းမရရှိသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မေလ ၁၁ ကကျင်းပခဲ့သည့် လူထုညီလာခံတွင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး စာတမ်း ၁၀ စောင်ကျော် ဖတ်ကြားခဲ့သည်။ လူထုက တင်ပြလာသည့် အခက်အခဲများကို ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ထွက်ပေါ်လာမည့် ပြည်နယ် အစိုးရသစ်ထံ ပေးပို့ပေးမည်ဟုလည်း ဦးစောဒယ်နီယယ်က ဆိုသည်။

ကယားပြည်နယ်ရှိ မြို့နယ် ၇ ခုမှာ လွိုင်ကော်မြို့နယ်၊ ဘောလခဲမြို့နယ်၊ ဒီမောဆိုးမြို့နယ်၊ မယ်စပ်မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဖရူးဆိုးမြို့နယ်၊ရှားတော မြို့ နယ်တို့ဖြစ်သည်။ ကယန်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးနန်းရီကလည်း လူထုညီလာခံကို လူထုလိုလားချက်များ အကောင်အထည်ဖော်နိုင်ရန် ကျင်းပခြင်းဖြစ်ပြီး မဟာမိတ်ပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်မည့် မြို့နယ်များအရေး တိုင်ပင်ဆွေးနွေးမှု မပြုလုပ်ရသေးဟုပြောသည်။

လူထုညီလာခံကို ပါတီသုံးခုညီညွတ်ရေးနှင့် ကောင်းမွန်သောပြည်နယ် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာနိုင်ရန်၊ လူထုနိုင်ငံရေးအသိနိုးကြား လာရန်နှင့် နိုင်ငံရေးတွင် ပါဝင်လာနိုင်စေရန်၊ လူထုအသံမြင့်တင်ပေးခြင်းဖြင့် မူဝါဒများရေးဆွဲရာတွင် ထည့်သွင်းအကောင်အထည်ဖော်နိုင်ရေး ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်သည်။

ဒေသခံတိုင်းရင်းသားပါတီ သုံးခုသည် ပြည်တွင်းစစ်ရပ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက်စေရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက်သွားမည့်အပြင် ကယားပြည်နယ်ဒေသအတွင်း နိုင်ငံရေး အင်အားစုများနှင့် ပြည်သူလူထုအားလုံး ပါဝင်သော ဘုံသဘောတူညီချက် ရရှိနိုင်ရန် ညီလာခံတစ်ရပ် ကြိုးပမ်းသွားမည်ဟု ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly