ကချင်ရောက် နော်ဝေ သံအမတ်ကို တိုက်ပွဲအခြေအနေတင်ပြခဲ့

ကချင်ရောက် နော်ဝေ သံအမတ်ကို တိုက်ပွဲအခြေအနေတင်ပြခဲ့
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဗဟိုရုံးတွင် နော်ဝေသံအမတ် အဖွဲ့နှင့် KSDP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အဖွဲ့တို့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - KSDP)

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး Ms Ann Ollestad နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ပါတီ ခေါင်းဆောင် ဒေါက်တာတူဂျာနှင့် မေလ ၁၀ ရက်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအေခြေအနေနှင့် ပါတီ၏ လှုပ်ရှားမှုများကို တင်ပြခဲ့သည်ဟု KSDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ KSDP ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နော်ဝေးသံအမတ်အနေဖြင့် လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ၊ ပါတီ၏ ပေါ်လစီနှင့် လုပ်ဆောင်ချက်များကို မေးမြန်းခဲ့သဖြင့် ကချင်ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် နှစ်ဖက် ယုံကြည်မှု ထိခိုက်ပြီး အဟန့်အတားဖြစ်စေကြောင်း တင်ပြခဲ့သည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

“လတ်တလော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ UPWC တို့ ဆွေးနွေးနေကြတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆက်လက် ကြိုးစားနေတုန်းဖြစ်ပါတယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်မှာ ဖြစ်တယ်ပေါ့။ ဒီရွေးကောက်ပွဲ မတိုင်ခင် အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်အောင် သမ္မတကြီး အစိုးရ အနေနဲ့လည်း လိုလားနေတာ တွေ့ရှိရပါတယ်။ တိုင်းရင်းသားတွေလည်း လိုလားပါတယ်။ ဒါပေမဲ့ လတ်တလော တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အင်မတန် ထိခိုက်နစ်နာစေတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီအနေနဲ့လည်း တိုက်ပွဲတွေ မလိုလားဘူး။ တိုက်ပွဲ လုံးဝရပ်စဲနိုင်မှ အခြေအနေ ပိုမိုကောင်းမွန်လာနိုင်မှာ ဖြစ်တယ်။ အဲဒီတိုက်ပွဲတွေက ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အများကြီး အဟန့်အတားဖြစ်စေတယ် ဆိုတာတွေ ပြောပြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရန်အတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် အရေးကြီးသည်ဟု နော်ဝေးသံအမတ်အား တင်ပြခဲ့သည်ဟု သူက ပြောသည်။  
ပြီးခဲ့သည့် မေလ ၆ ရက်မှ ယနေ့ထိ လက်ရှိ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အဆိုပါ တိုက်ပွဲများ ရပ်တန့်စေလိုကြောင်း ဒေါက်တာတူးဂျာက ဆက်လက် ပြောဆိုသည်။

 “တိုက်ပွဲဖြစ်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ အမြဲတမ်း တိုက်ပွဲဖြစ်တာကို မလိုလားဘူး။ အဲဒါတော့ အမြဲတမ်း ကန့်ကွက်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲလည်း ကန့်ကွက်တယ်။ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေး လုပ်တဲ့အချိန်မှာ နောက်ဆုတ်ဆုတ်သွားတဲ့ အနေအထားမျိုးရှိနေတယ်။ ဒါကြောင့် တိုက်ပွဲက ဘာအကြောင်းကြောင့်မှ မဖြစ်သင့်ဘူး” ဟု သူက ပြောသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် KSDP ပါတီအနေဖြင့် ကချင်ပြည်နယ်ရှိ မြို့နယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အဓိကအားဖြင့် အမျိုးသမီးများကို ဦးစားပေးထားသည်ဟု သူက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ဥရောပ အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် KSDP တို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။ ကချင်ပြည်နယ်အတွင်း KSDP ပါတီ အပါအဝင် ကချင် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်ပါတီ (KNCD)၊ ကချင်ဒီမို ကရက်တစ်ပါတီ (KND)၊ ရှမ်းနီ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် လီဆူ အမျိုးသား ဖွံ့ဖြိုးရေးပါတီ (LNDP) စသည့် နိုင်ငံရေးပါတီ ငါး ခုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly