ကိုပါကြီးအမှုတွင် ဒုတပ်ကြပ်နှင့် တပ်သားကို တရားသေလွှတ်မိန့်ချ

ကိုပါကြီးအမှုတွင် ဒုတပ်ကြပ်နှင့် တပ်သားကို တရားသေလွှတ်မိန့်ချ
စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ကိုပါကြီးသေဆုံးခဲ့မှုအပေါ် အမှုမှန်ဖော်ထုတ်ပေးရန် ၈၈ မျိုးဆက်  ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ဟောပြောနေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ အလွတ်တန်း သတင်းထောက်ကိုပါကြီး သတ်ခံရမှုတွင် ပါဝင် ပတ်သက်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သား တစ်ယောက်ကို စစ်ဘက်တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း အမိန့်ချသည်ဟု စစ်တပ်က မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်သို့ မေ ၉ ရက်က စာပို့လိုက်ကြောင်း ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ့ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။

"သေမှုသေခင်းကို အဲ့လိုလွှတ်လိုက်တော့ ဘာကိုနားလည်ရမှန်းတောင် မသိဘူး။ ဆက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ကို တင်မယ်။ ကန့်ကွက်တယ်။ ခုလို့လုပ်တာ တပ်မတော်အပေါ် ပြည်သူရဲ့ယုံကြည်မှုကို လျှော့စေတယ်" ဟု ၎င်းက ပြောသည်။

ယင်းအမှုကို တရားရုံးမှ တရားသေလွှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံလူ့အခွင်းအရေး ကော်မရှင်၏ သုံးသပ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း နှင့် ပြန်လည်စိစစ်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ယခုတစ်ပတ်အတွင်း တင်သွားမည်ဟု ဦးရောဘတ်စန်းအောင် နှင့် ကိုပါကြီး၏ ဇနီးသည် မသန္တာက မဇ္ဈိမကို ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက ကင်းစောင့် စစ်သည်ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကိုပါကြီး အမှုတွင် ကျူးလွန်သူများကို ၂၀၀၈ဖွဲ့စည်းပုံ ဥပဒေအရ စစ်ဆေးပြီး တရားသေ လွှတ်ငြိမ်ခွင့်ပေးလိုက်သည်ဟု အမိန့်ချလိုက်ခြင်းက တပ်မတော်၏ ဥပဒေမဲ့ လုပ်ရပ်တစ်ခု ဖြစ်သည်ဟုလည်း ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက ပြောသည်။

"အမ အမျိုးသားကို ဖမ်းတုန်းက ဥပဒေအရ ဖမ်းဆီးပါလား၊ တရားရုံးမှာ စစ်ပါလား တရားစွဲပြီးမှ အမှုကိုစစ်ပြီး အရေးယူပါ ဥပဒေမဲ့ ပစ်သတ်လိုက်ကြတယ်။ နိုင်ငံသား အခွင့်ရေးဆိုတာ မရှိခဲ့ဘူး။ အဲဒီအတွက် အမိန့်ချလိုက်တာကို ကန့်ကွက်တယ်၊ ရှုံ့ချတယ်။ စာတင်သွားမယ်။ နောက်မဆုတ်ဘူး ရသလောက်ကို ကြိုးစားသွားမယ်" ဟု ၎င်းက ပြောသည်။

ယင်းအပြင် အမှုနှင့်ပတ်သက်၍ တရားရုံးမှ တရားလိုဖြစ်သူ မသန္တာအား တရားဝင် အကြောင်းကြားခြင်း မရှိ၍ ရုံးချိန်း ချိန်းဆိုထားသည့် မေ ၁၁ ရက်တွင် ကျိုက်မရော တရားရုံးသို့ သွားရောက်မည်ဟုလည်း မသန္တာက ဆိုသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ဧပြီ ၃၀ရက်တွင် ကျိုက်မရောတရားရုံး၌ သက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး မေ ၁၁ ရက်တွင် ရုံးချိန် ထပ်မံချိန်းဆိုခဲ့ခြင်းဖြစ်သည်။ ဧပြီ ၃၀ရက်ကလည်း အမှုစစ်ဆေးမည်ကို တရားရုံးက မသန္တာထံ တရားဝင်အကြောင်းမှု မရှိဘဲ ဒေသခံများမှ တစ်ဆင့်သာ ကြားသိကာ သွားခဲ့ရသည်ဟုဆိုသည်။

အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို တပ်မတော်မှ ထိန်းသိမ်းထားချိန်တွင် ကိုပါကြီးက ကင်းစောင့် စစ်သည်ထံမှ သေနတ်ကိုလုယူ ထွက်ပြေးသောကြောင့် အခြားကင်းစောင့်စစ်သည်က ပစ်ခတ်သဖြင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နှင့် အောက်တိုဘာ ၃၁ ရက်တွင် တပ်မတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ရွှေဝါချောင် ကျေးရွာအနီးတွင် မြုပ်နှံထားသည့် ကိုပါကြီး၏ အလောင်းကို နိုဝင်ဘာ ၅ ရက်တွင် တူးဖော်ကာ မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူခဲ့ပြီး နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီခန့်တွင် မော်လမြိုင်မှ ရန်ကုန်မြို့ ရေဝေးသုသာန်သို့ သယ်ဆောင်ကာ နေ့ချင်းဂူသွင်းခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို မော်လမြိုင်ဆေးရုံကြီးတွင် မှုခင်းဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးရာတွင် မေးစေ့ကိုအနီးကပ် ပစ်ထားသော ကျည်ဆံရာ၊ ရင်ဘတ်၊ နောက်ကျောနှင့် ပေါင်တွင် သေနတ် ဒဏ်ရာငါးချက်တွေ့ရှိကြောင်း ခွဲစိတ်ရာတွင် ပါဝင်သည့် မှုခင်းဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။

ကိုပါကြီး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရန် ဆန္ဒပြသည့် မန္တလေးမြို့မှ ကိုသိန်းမြင့်အောင်ကို ဧပြီ ၂၃ ရက်က အလုပ်ကြမ်းနှင့် ထောင်ခြောက်လ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly