MNDAA၊ AA၊ TNLA နှင့် ဖြစ်နေသည့် စစ်ပွဲများရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ဦးအောင်မင်း ဆို

MNDAA၊ AA၊ TNLA နှင့် ဖြစ်နေသည့် စစ်ပွဲများရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ဦးအောင်မင်း ဆို
မေ ၉ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတို့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ ကိုးကန့် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းပလောင် (TNLA) နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက မေလ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ပထမဦးဆုံး ဖြစ်နေတဲ့နေရာမှာ ပဋိပက္ခတွေ ငြိမ်းချမ်းအောင် စလုပ်ရမယ်။ ငြိမ်းချမ်းအောင် စလုပ်ဖို့ ဆိုတာ ကိုးကန့်တိုက်ပွဲကို ဘယ်သူက စတာလဲ။ သူတို့ စတယ်ဆိုရင် သူတို့ ငြိမ်းချမ်းအောင် စလုပ်။ စလုပ်ပြီး ငြိမ်းချမ်းသွားလို့ ရှိရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လုပ်လို့ရပြီ" ဟု ၎င်းက ဆိုသည်။

ဦးအောင်မင်းကို မဇ္ဈိမက စစ်ပွဲများ ရပ်သွားပါက ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုလိုခြင်း ဖြစ်သလားဟု  မေးမြန်းရာ "ဒါပေါ့ သူတို့ဘက်က စပြီး ရပ်ပေးပါ။ သူတို့ဘက်က ရပ်လိုက်ရင်ရပြီ" ဟု ထပ်မံ ပြောဆိုခဲ့သည်။

"တိုင်းရင်းသားဒေသတွေကို တပ်တွေက တက်မလာရင် တိုက်ပွဲ မဖြစ်ဘူး။ ထိုးလာရင်တော့ ဖြစ်မှာပဲ။ ကိုယ့်နေရာ ကိုယ်ပြေလည်အောင် ညှိကြရမယ်။ စစ်ပွဲရပ်ဖို့က နှစ်ဘက် လက်နက်ကိုင်တွေပေါ်မှာပဲ မူတည်တယ်" ဟု အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင် ဒေါ်ဒွဲဘူက ပြောသည်။

ဦးသိန်းစိန်အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို သတ်မှတ်ပြီးသား ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ဖြင့်သာ ရေးထိုးသွားရန် ဆုံးဖြတ်ထားသော်လည်း ယင်းအဖွဲ့ သုံးဖွဲ့နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများကို ရပ်တန့်လိုက်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ဦးအောင်မင်းက ဆိုခြင်း ဖြစ်သည်။

"တိုက်ပွဲတွေ ရပ်ရမယ်ဆိုတာ နှစ်ဘက်စလုံးက ရပ်မှ ရပ်ပါမယ်။ တစ်ဘက်တည်းက ရပ်လို့ ပြောလို့ ရပ်မှာ မဟုတ်ပါဘူး။ အားလုံးမပါလ့ို ရှိရင်၊ တစ်နိုင်ငံလုံးဆိုတာ အဓိပ္ပာယ်တော့ ပြည့်စုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည့်စုံအောင် သူတို့တွေ ဘယ်လိုထပ်ပြီး ပုံဖော်လာမလဲ ဆိုတာကို စောင့်ကြည့်ရမယ်" ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ အချက်များ ပမာဏ သဘောတူညီမှု လက်မှတ်ကို ရန်ကုန် မြန်မာ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး စင်တာတွင် NCCT နှင့် UPWC တို့က မတ်လ ၃၁ ရက်၌ လက်မှတ် ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags