လားရှိုးတွင် ဗုံးပေါက်ကာ ၃ နှစ်အရွယ် ကလေးသေဆုံး

လားရှိုးတွင် ဗုံးပေါက်ကာ ၃ နှစ်အရွယ် ကလေးသေဆုံး

ရန်ကုန် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းဝင်း ဝန်ထမ်းအိမ်ရာတွင် မေလ ၉ ရက် နံနက် ၁၁ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ကာ ၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး မိဘနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁) ရုံးမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ပေါက်ကွဲမှုက ၁၁ နာရီမှာ ဖြစ်တာပါ။ ၁၁ နာရီခွဲမှာ ဆေးရုံရောက်လာပါတယ်။ ဆေးရုံရောက်ချိန်မှာပဲ ကလေးလေးက သေသွားတယ်" ဟု ၎င်းက ပြောသည်။

ပေါက်ကွဲခဲ့သည့် ဗုံးမှာ တရုတ်နိုင်ငံလုပ်ဗုံးဟု ရဲတပ်ဖွဲ့က အတည်ပြုကြောင်း လားရှိုးမြို့မှ ရှေ့နေ ဦးသောင်းလွင်က မဇ္ဈိမကို ပြောသည်။ ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကမူ "ကျွန်တော်တို့က ပညာရှင်မဟုတ်တော့ ပေါက်ကွဲစေတတ်တဲ့ အရာလို့ပဲ သုံးလို့ရပါတယ်" ဟု ပြောသည်။

ပေါက်ကွဲမှုမှာ လားရှိုးမြို့ ရပ်ကွက် ၁၂၊ အဝေးပြေး ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းဝင်းရှိ  မြို့ဂုဏ်ဆောင် ကုမ္ပဏီ၏ ဝန်ထမ်းလိုင်းခန်း အခန်းအမှတ် ၁၈ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြို့ဂုဏ်ဆောင် ကုမ္ပဏီဝန်ထမ်း ဦးဝင်းအောင်၏ သားဖြစ်သူ သုံးနှစ်အရွယ် မောင်မင်းမြတ်အောင်မှာ လွန်ခဲ့သည့် သုံးရက်ခန့်က ၎င်းတို့အိမ်၏ မလှမ်းမကမ်းရှိ ရေပူစမ်းကို သွားသည့်လမ်းဘေး Silver Sky ဟိုတယ်ရှေ့ရှိ အမှိုက်ပုံမှ ၅ လက်မခန့်ရှည်သည့် အစိမ်းရောင် ပုလင်းတစ်လုံးကို ကောက်ယူခဲ့ကာ ဆော့ကစားခဲ့သည်။

မတ်လ ၉ ရက်တွင်မူ အိမ်တွင်း၌နေစဉ် ဖခင်လုပ်သူက ထိုပုလင်းဖုံးကို ဖွင့်လိုက်ရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေဦးသောင်းလွင်က သေဆုံးခဲ့သည့် ကလေးငယ်၏ မိခင် မအေးဝင်း၏ ပြောကြားချက်ကို ပြန်လည်ပြောပြသည်။

"သားမိသားဖသုံးယောက် ကိုဝင်းအောင်ရဲ့ ရင်ခွင်ထဲမှာ ကလေးက ထိုင်နေတဲ့အချိန် ကိုဝင်းအောင်က ပုလင်းအဖုံးကို ဆွဲဖြုတ်လိုက်တယ်တဲ့။ ဆွဲဖြုတ်ချိန်မှာ ပေါက်သွားပါတယ်တဲ့" ဟု ပြောသည်။

ကလေးငယ်၏ မိဘနှစ်ဦးဖြစ်သည့် ဦးဝင်းအောင် နှင့် မအေးဝင်းတို့သည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေသည်။

"ကျွန်တော်တို့ ရောက်တဲ့အချိန်ကတော့ ကိုဝင်းအောင်ကတော့ အနီးကပ်ထိတဲ့ သူဆိုတော့ စကားပြောခွင့်မရဘူး။ ဒေါ်အေးဝင်းနဲ့ပဲ စကားပြောခွင့်ရတယ်။ သူတို့က ရင်ဘတ်တို့ မျက်နှာတို့မှာ ထိခိုက်တာပါပဲခင်ဗျ။ ကိုဝင်းအောင်ကတော့ ရင်ဘတ်ရဲ့အထက်ပိုင်းတွေကိုပဲ ထိတာပါ။ ဒေါ်အေးဝင်းကတော့ ကျွန်တော်တို့နဲ့ စကားပြောနိုင်ပါတယ်။ သူတို့က ပေါက်ကွဲသံကြားတယ်လို့ပဲ ပြောပါတယ်ခင်ဗျ။ ပေါက်ကွဲတဲ့ အချိန်က တချိန်တည်းလို့ ပြောပါတယ်" ဟု ရှေ့နေ ဦးသောင်းလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly