တစ်ရက်တစ်မှု ချမှတ်သော်လည်း လယ်သမား တစ်ရာကျော် တိုင်းမြေယာစီမံခန့်ခွဲ ကော်မတီအထိ တက်မည်ဟုဆို

တစ်ရက်တစ်မှု ချမှတ်သော်လည်း လယ်သမား တစ်ရာကျော် တိုင်းမြေယာစီမံခန့်ခွဲ ကော်မတီအထိ တက်မည်ဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ လယ်သမား တစ်ရာကျော်က သိမ်းဆည်းခံရသော လယ်မြေများတွင် ပြန်လည် စိုက်ပျိုးခဲ့သည့်အတွက် တစ်ရက်တစ်မှုဖြင့် ၂၂ မှုအထိ တရားစွဲဆိုခြင်း ခံရသော်လည်း မိမိပိုင်လယ်မြေများ ပြန်လည်ရရှိရန် တိုင်းမြေယာ စီမံခန်ခွဲရေး ကော်မတီသို့ ထပ်မံတိုင်ကြားသွားမည်ဟု လယ်သမားများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အသိမ်းခံရတဲ့ လယ်မြေတွေမှာ ပြန်စိုက်ပျိုးလို့ တရားစွဲတာပါ။ တစ်ရက်ထွန်ရင် တစ်မှုနှုန်း ၂၂ ရက်ထွန်တော့ ၂၂ မှုနဲ့ ထောင် ၂၂ လ ချမှတ်လိုက်တယ်” ဟု လယ်သမား ဦးမျိုးသန့်က ပြောသည်။

နေပြည်တော် ကောင်စီရှိ လယ်ဝေးမြို့နယ် Excellent စားသောက်ဆိုင်တွင် ယနေ့ ညနေ လေးနာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောသည်။ ကျေးရွာ မြေယာ စီမံခန့်ခွဲရေး ကော်မတီက လယ်သမားများကို အနိုင်ပေးခဲ့သော်လည်း မြို့နယ်နှင့်ခရိုင်က လယ်သမားများကို အရှုံးဟု ကြေညာခဲ့သည်ဟု လယ်သမားများက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ သဲပုဒ်မ ကျေးရွာအုပ်စုမှ လယ်သမား ၅၇ ဦး နှင့် ဈေးကုန် အုပ်စုမှ ၅၁ ဦး တစ်ရက်တစ်မှုဖြင့် ၅ မှုမှ ၂၂ မှုအထိ တရားစွဲဆိုခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ တရားစွဲဆိုရာတွင် လယ်သမား ခေါင်ဆောင်တစ်ဦးက ထောင် ၁၉ လနှင့် နောက်တစ်ဦးက ထောင် ၂၂ လ ထောင်ဒဏ် ချမှတ်ခဲ့သည်။

ထိုအပြင် ကျန်လယ်သမားတစ်ရာကျော်အား တစ်ရက်လျှင် တစ်မှုသတ်မှတ်ပြီ်း တစ်မှုလျှင် တစ်ရက် ဒဏ်ငွေငါးရာကျပ်ဖြင့် ၅ မှုမှ ၂၂ မှုအထိ အသီးသီးသတ်မှတ်ပြီး ကျောက်ပန်းတောင်းမြို့နယ် တရားရုံးက ၂၀၁၅ ဇန်နဝါရီလက အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

စုစုပေါင်း လယ်သမား တစ်ရာကျော်တွင် လယ်မြေဧက ၂၀၀ ကျော် သိမ်းယူခြင်းခံရပြီး လယ်မြေများ ကျေးရွာနှင့် ပေငါးရာကျော်အကွာတွင် တည်ရှိကြသည်ဟု လယ်သမားများက ပြောသည်။

“အခုလယ်တွေမှာ နှမ်းစိုက်ထားတယ်။ ဒါနဲ့ဆိုရင် လေးသီးရှိပြီပေါ့။ လယ်သမားတွေက ပြန်စိုက်တာ။ မစိုက်နဲ့လို့ လာမတားဘူး။ ခုချိန်ထိလည်း မတားဘူး။ သီးနှံတော့ လယ်သမားတွေက သိမ်းကြတာ” ဟု လယ်သမား ဦးစောဝင်းက ပြောသည်။

လယ်သမားများကို မြို့နယ် သမဝါယမ အဖွဲ့အစည်းကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့အစည်းကလည်း ပိုင်ဆိုင်မှု အထောက်အထားကို တရားရုံးတွင် တင်ပြနိုင်ခြင်းမရှိဟု ဆိုသည်။ တရားရုံးက အမိန့်ချရာတွင် မြေယာပိုင်ဆိုင်မှုကို အမိန့်သတ်မှတ်ခြင်းမဟုတ်ဘဲ အပြိုင်အဆိုင် ထွန်ယက် စိုက်ပျိုး သည့်အတွက် ချမှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လယ်သမားများက ၁၉၇၇-၇၈ ပါတီကောင်စီ လက်ထက်က စတင်သိမ်းဆည်းခံရခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အစောပိုင်းတွင် မိမိပိုင် လယ်ယာမြေများကို ပြန်လည်ရရှိရန် ကျေးရွာမြေယာစီမံခန့်ခွဲရေးကော်မတီထံ တောင်းခံခဲ့သည်ဟု လယ်သမားများက ပြောသည်။

“ကျေးရွာ စီမံခန့်ခွဲရေးကော်မတီက လယ်သမားများကို ပြန်ပေးရန် အနိုင်ရရှိခဲ့တယ်။ သို့သော် မြို့နယ်က အိတ်ပိတ်စာကလေးနဲ့ လယ်သမားတွေ မနိုင်ဘူးဆိုပြီး ပြန်လာတယ်။ ခရိုင်ကလည်း ဘာမှမစစ်ဆေးဘဲ အိတ်ပိတ်စာနဲ့ ရှုံးတယ်ဆိုပြီး ပြန်လာတယ်။ ခု တိုင်းအထိ တင်ထားတယ်” ဟု လယ်သမား ဦးမျိုးသန့်က ပြောသည်။

လယ်သမားနှစ်ဦး ထောင်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ညောင်ဦးခရိုင်တရားရုံးသို့ အယူခံတင်သွင်းထားပြီး တစ်ပတ်အကြာတွင် အဖြေသိရမည်ဟု လယ်သမားများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly