မန္တလေးတိုင်းအတွက် မဲဆန္ဒရှင်စာရင်း ဇွန် ဒုတိယပတ် ထုတ်ပြန်မည်

မန္တလေးတိုင်းအတွက် မဲဆန္ဒရှင်စာရင်း ဇွန် ဒုတိယပတ် ထုတ်ပြန်မည်

မန္တလေး (မဇ္ဈိမ)။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒရှင်စာရင်းကို ဇွန်လ ဒုတိယပတ်တွင် ထုတ်ပြန်ကြေငြာသွား မည်ဟု မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က မဇ္ဈိမကို ပြောသည်။

"၂၀၁၀ ရွေးကောက်ပွဲတုန်းက မေးပေးခွင့်စာရင်းတွေမှာ သေဆုံးသူစာရင်းတွေ ပါဝင်ခဲ့တယ်။ လာမယ့်ရွေးကောက်ပွဲမှာတော့ သေဆုံးသူစာရင်း မပါရှိအောင် အတတ်နိုင်ဆုံး လုပ်နေပါတယ်။ ရွေးကောက်ပွဲ ကာလမှာ အမှားနည်းနိုင်သလောက်နည်းအောင် ကြိုတင်ကြေငြာမှုတွေ လုပ်ခြင်းဖြစ်တယ်။ ဒါမှလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်မယ်" ဟု ၎င်းက ပြောသည်။

ဇွန်လ ဒုတိယပတ်တွင် ပထမဆုံးအနေဖြင့် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ပေးသွား မှာဖြစ်ပြီး ကျန်ရှိနေသည့် ခရိုင် ၃ ခုကိုမူ ရက်အနည်းငယ် နောက်ကျပြီးမှ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မီ ကာလအလိုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အိမ်ထောင်စုစာရင်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတို့က လူဦးရေ ပုံစံ (၁) စာရင်းဖြင့် တိုက်စစ်ကာ အတည်ပြုပြီး ထပ်မံထုတ်ပြန်ပေးမည်ဟု ဆိုသည်။

"မှားတာကိုပြင်ချင်လို့ ကြေငြာတာပါ။ ကပ်ပြီးကြေငြာလိုက်မယ်ဆို မမီမှာ စိုးရတယ်။ မှားတာသိရင် ပြန်ပြင်လို့ရပါတယ်။ ကြေငြာပြီးလို့သိတာနဲ့လာကြပါ။"ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် လက်ရှိကောက်ထားသော မဲဆန္ဒရှင် စာရင်း၌ မန္တလေးခရိုင်တွင် ၉၀၀,၀၀၀၊ ကျောက်ဆည်ခရိုင်တွင် ၄၈၀,၀၀၀၊ ပြင်ဦးလွင် ခရိုင်တွင် ၅၄၀,၀၀၀၊ မြင်းခြံခရိုင်တွင် ၅၇၀,၀၀၀၊ မိထ္တီလာခရိုင်တွင်၂၄၀,၀၀၀၊ ရမည်းသင်းခရိုင်တွင် ၁၀၀,၀၀၀ ၊ ညောင်ဦးခရိုင်တွင် ၁၅၀,၀၀၀ ကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ စာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly