ရ နှစ်အရွယ် မိန်းကလေးကို ရ၂ နှစ် အရွယ် အမျိုးသားက အဓမ္မကျင့်မှု ယခုလ ၁၉ ရက်တွင် ဆက်စစ်ဆေးမည်

ရ နှစ်အရွယ် မိန်းကလေးကို ရ၂ နှစ် အရွယ် အမျိုးသားက အဓမ္မကျင့်မှု ယခုလ ၁၉ ရက်တွင် ဆက်စစ်ဆေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ကော့မှူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ၇ နှစ်အရွယ် မိန်းကလေးကို အသက် ၇၂ နှစ် အရွယ် အမျိုးသားက အဓမ္မပြုကျင့်သည့် အမှုကိုမေလ ၁၉ ရက် တောင်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေးမည်ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက မဇ္ဈိမကို ပြောသည်။

သူငယ်ချင်းများနှင့် ကစားနေသည့် သမီးငယ်ကို တစ်ရပ်တည်းနေသူ အသက် ၇၂ နှစ်အရွယ်ရှိ အမျိုးသားက မုန့်ဖိုးပေးမည်ဟု ဆိုကာနေအိမ် သို့ခေါ်ဆောင်၍ အဓမ္မပြုကျင့်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် မတ်လ ၁၃ ရက်က ကော့မှူးမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မိန်းကလေး၏ ဖခင်ဖြစ်သူက ဆက်လက်ပြောကြားသည်။

“တစ်နှစ်လောက်ရှိပြီ အမှုရင်ဆိုင်နေရတာ နောက်ရုံးချိန်း သုံးချိန်းလောက်ဆိုရင် အမိန့်ချမယ်ထင်တယ်။ ရှေ့နေလည်းမငှားနိုင်တော့ အစိုးရရှေ့နေနဲ့ပဲ အမှုကို ရင်ဆိုင်တာပါ" ဟု ပြောသည်။

မေလ ၁၀ ရက်ရုံးချိန်းတွင် တရားခံဘက်မှ တင်သွင်းသည့် သက်သေ လေးဦးအနက် နှစ်ဦးကို စစ်ဆေးမည်ဟု ဖခင်ဖြစ်သူက ပြောသည်။

အမှုကို မိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုအဖြစ် ဦးဆောင် ရင်ဆိုင်နေခြင်းဖြစ်သော်လည်း အမှုရင်ဆိုင်နေစဉ် ကာလအတွင်း မိခင်ဖြစ်သူမှာ ကွယ်လွန် သွားသဖြင့် ဖခင်ဖြစ်သူက တရားလိုအဖြစ် ဆက်လက် အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

အမျိုးသမီးအခွင့်အရေးများကို ဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် သမာဓိဖောင်ဒေးရှင်းမှ ရှေ့နေဒေါ်မိုင်ငွန်ဒီဆန်းက “ဒါတွေကို အရေးယူဆောင်ရွက်နေပေမယ့် တစ်နေ့တစ်ခြား ပိုမိုများပြားနေပါတယ်။ ဒါက တရားရေးနဲ့တင် မလုံလောက်တော့ဘူး ဆိုတာကိုပြနေတာပါ။ နိုင်ငံတော်ကပါ စီမံချက်တွေ ချမှတ်ပြီး ဆောင်ရွက်သင့်နေပါပြီ” ဟု ပြောသည်။

အဆိုပါပြစ်မှုများအတွက် ထိရောက်စွာ ဟန့်တားနိုင်မည့် တရားမျှတသော ပြစ်မှုပြစ်ဒဏ်များ ချမှတ်သင့်သည်ဟု ဒေါ်မိုင်ငွန်ဒီဆန်းက ဆိုသည်။

အဓမ္မ ပြုကျင့်မှုကို ချောင်းမြောင်းကြည့်ရှုခဲ့သည့် သူငယ်ချင်းဖြစ်သူက အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးကို စနောက်ရာမှ မိန်းကလေး၏ အမဖြစ်သူ သိရှိခဲ့ ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ဆိုသည်။

ယင်းအတွက် အမှုဖြစ်ပွားသည့်ရက်နှင့် အမှုဖွင့်သည့်ရက်မှာ ရက်ပေါင်း ၂၀ ခန့်ကွာခြားခဲ့ရခြင်းဖြစ်ဟုလည်း ဆက်လက်ပြောကြားသည်။

ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှုများကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ဥပဒေတစ်ရပ် သီးသန့် ပေါ်ထွက်လာစေရန် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့် လွှတ်တော်တွင် အရေးဆိုခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly