တိုက်ပွဲဖြစ်ရာဒေသများသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ သွားရောက်စစ်ဆေးမည့် အစီအစဉ် ပျက်ပြယ်

တိုက်ပွဲဖြစ်ရာဒေသများသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ သွားရောက်စစ်ဆေးမည့် အစီအစဉ် ပျက်ပြယ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသများသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့များ သွားရောက်စစ်ဆေးမည့် အစီအစဉ်ကို အစိုးရဘက်မှ သွားရောက်နိုင်မည့်သူများ မအားမလပ်ဖြစ်နေသည့်အတွက် ဖျက်သိမ်းလိုက်ရသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မေ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းအစီအစဉ်ကို အစိုးရ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က မအားလပ်သဖြင့် နောက်တစ်ကြိမ်မှ သွားရောက် စစ်ဆေးရန်ဟုဆိုကာ မေလ ၄ ရက်တွင် PCG သို့ အကြောင်းပြန်ကြားခဲ့သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“အစီအစဉ်ပျက်သွားပြီ။ မနေ့က သူတို့အဆင်သင့်မဖြစ်ဘူး။ မအားဘူး မအားလို့ ဒီတစ်ကြိမ် မသွားတော့ဘူး။ နောက်တစ်ကြိမ်မှ ပြန်သွားရအောင်ဆိုပြီး ဗိုလ်မှူးကြီးသန်းအောင်က အကြောင်းကြားလာလို့ ကျွန်တော်တို့ ဒီနေ့ ကေအိုင်အို ကိုယ်စားလှယ်တွေကို သွားပို့နေတယ်” ဟုပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သော အောက်ခြေ မြေပြင် သွားရောက် စစ်ဆေးမည့် အစီအစဉ် စောင့်ဆိုင်းနေသော KIO ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော ကိုယ်စားလှယ်များထံ မြစ်ကြီးနားမြို့မှ လိုင်ဇာ ဌာနချုပ်သို့ သွားရောက် ပို့ဆောင်နေသည်။

ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဖက် တွေ့ဆုံစဉ် မြေပြင်မှ သတင်းအချက်အလက်များ ကွဲပြားနေသဖြင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်၍ ကွင်းဆင်းလေ့လာရန် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က သဘောတူညီခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံစဉ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်မှ အစိုးရ စစ်တပ် နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တနိုင်းဒေသ တပ်ရင်း ၁၄ နယ်မြေအတွင်း ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် KIA ၏ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရသည်ဟု KIA ဘက်မှ တင်ပြခဲ့သည်။

သို့သော် အစိုးရ တပ်မတော်က အောက်ခြေမှ အထက်သို့ တင်ပြသော သတင်း အချက် အလက်တွင် အစိုးရတပ်မတော်က တိုက်ခိုက်၍ KIA တပ်စခန်းကို သိမ်းယူခြင်း ရှိသော်လည်း အထက်သို့ တင်ပြရာတွင် ကွဲလွဲနေခြင်း ဖြစ်သည်။

ယင်းပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် လာမည့် မေလ ပထမတွင် ပြန်လည်တွေ့ဆုံရန် သဘောတူခဲ့သော်လည်း ဖားကန့်နှင့် တနိုင်းဒေသတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာသဖြင့် အရေးပေါ် တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲ ဖြစ်ပွားရာဒေသသို့ သွားရောက် စုံစမ်းစစ်ဆေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly