နစ်မြုပ် ရုရှ သင်္ဘောပေါ်ပါ SEA RIDER ကုမ္ပဏီနှင့် စာချုပ်ချုပ်သူများကို မေ ၁၁ ရက် လျော်ကြေးပေးမည်ဟုဆို

နစ်မြုပ် ရုရှ သင်္ဘောပေါ်ပါ SEA RIDER ကုမ္ပဏီနှင့် စာချုပ်ချုပ်သူများကို မေ ၁၁ ရက် လျော်ကြေးပေးမည်ဟုဆို
၂၀၁၅ ခုနှစ် ဧပြီလ ၂ ရက်က မြန်မာအလုပ်သမားများပါသည့် ရုရှား Dalny Vostok ငါးဖမ်းသင်္ဘော နစ်မြုပ်မှုတွင် ပါဝင်သည့် သေဆုံးသူ၏ မိသားစုနှင့် အသက်ရှင်လွှတ်မြောက်လာသည့် သင်္ဘောသားများ လျော်ကြေးနစ်နာကြေး ပြန်လည်ရရှိရန်အတွက် ရန်ကုန်မြို့ ၃၇ လမ်းရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်တွင် ဧပြီလ ၂၂ ရက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ရုရှ Okhotsh ပင်လယ်တွင် နစ်မြုပ်ခဲ့သည့် ရုရှငါးဖမ်းသင်္ဘော Dalny Vostok ပေါ်သို့  SEA RIDER ကုမ္ပဏီမှ တာဝန်ယူ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၃ ဦး၏  လုပ်ခလစာ ၂ လစာနှင့် အချိန်ပိုကြေးကို မတ် ၁၁ ရက်တွင် ကုမ္ပဏီ ပေးလျော်မည်ဟု သဘောၤသား ကိုဖြိုးမင်းသန့်က မဇ္ဈိမကို ပြောသည်။

"သေတဲ့သူတွေလည်းပါတယ် အကုန်လုံးကို ပေးမယ်လို့ပြောတယ်။ ခုဆိုသဘောၤကနေ ပြန်လာတာ တစ်လရှိနေပြီ။ လျော်ကြေးပေးမယ်ပြောတာပဲရှိတယ်။ ဘယ်က ဘယ်လိုပေးမှာလဲကို မသိသေဘူး"ဟု နစ်မြုပ်သင်္ဘောပေါ်တွင် လိုက်ပါခဲ့ပြီး အသက်ရှင် ပြန်လာသည့် သင်္ဘောသား ကိုဖြိုးမင်းသန့်က ပြောသည်။

Sea Rider သဘောၤကုမ္ပဏီမှ တစ်ဆင့် စေလွှတ်ခဲ့သည့် သေဆုံးသူသဘောၤသား ရှစ်ဦး နှင့် အသက်ရှင်သူ ငါးဦး စုစုပေါင်း ၁၃ ဦး၏ လုပ်ခလစာ နှင့် အချိန်ပိုကြေး တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၈၀၀ ပေးလျော်မည်ဟု မတ်လ ၄ ရက်က ကုမ္ပဏီပိုင်ရှင် ဦးစိုးတင်က ၎င်း၏ ရုံးခန်းတွင် ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ကိုဖြိုးမင်းသန့်က ပြန်ပြောပြသည်။

Sea Rider ကုမ္ပဏီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူက "၁၁ ရက်နဲ့ ၁၂ ရက် လောက်တော့ ရုရှား သဘောၤဘက်က ရမှာပါ။ ဟိုက ငွေပို့ကို စောင့်နေပါတယ်။ ကျွန်တော်တို့ သဘောၤသားတွေအတွက်ကို ပေးဖို့ကို စောင့်နေလို့ပါ။ ခုလောဆယ်တော့ လစာကတော့ရမှာ ကျန်းသေပါတယ်" ဟု ပြောသည်။

၎င်းတို့ ကုမ္ပဏီမှ စေလွှတ်ခဲ့ပြီး သင်္ဘောပေါ်တွင် သေဆုံးသူ ၈ ဦး၏ နစ်နာကြေးအတွက် မြန်မာနိုင်ငံ ရေကြောင်း ဦးစီးဌာန၊ မြန်မာ့ပင်လယ်ကူး သဘောၤသားများ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာသံရုံးတို့နှင့် ပူးပေါင်း၍ ကြိုးစားနေသည်ဟု ၎င်းက ပြောသည်။

သင်္ဘောနစ်မြုပ်ပြီး သေဆုံးခဲ့သည့် သင်္ဘောသား ကိုကျော်သက်နိုင်၏ မိခင်ဒေါ်ဌေးကလည်း "ခုဆိုရင်တစ်လရှိနေပြီ။ ဘယ်ကပေးမှာလဲတော့ မသိဘူး။ ပေးမယ်လို့ပဲပြောတယ်။ ကုမ္ပဏီ ငါးခုမှာ sea rider ကုမ္ပဏီ တစ်ခုထဲပဲကျန်တော့တယ် ကျန်တဲ့ကုမ္ပဏီကတော့ လျော်ကြေးတွေပေးနေပြီ"ဟု မဇ္ဈိမကို ပြောသည်။

ယင်းသဘောၤတွင် Sea Rider အပါအဝင် ကုမ္ပဏီငါးခုမှ ထွက်ခွာခဲ့သည့် သင်္ဘောသား ၄၂ ဦး (သေဆုံးသူ ၁၆ ဦး၊ ပျောက်ဆုံး ၄ ဦး နှင့် အသက်ရှင်သူ ၂၂ ဦး) ၏ အချက်အလက်များနှင့် အိမ်ထောင်စု ဇယား၊ မှတ်ပုံတင်၊ သေဆုံးသွားသူ၏ မိသားစုဝင် မှန်ကန်ကြောင်း ကျမ်းကြိမ်လွှာများကို မတ် ၄ ရက်က မြန်မာနိုင်ငံ ပင်လယ်ကူး သဘောၤသားများ အလုပ်သမား အဖွဲ့ချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟုလည်း ဒေါ်ဌေးက ပြောသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက မြန်မာသင်္ဘောသားများကို ငါးဖမ်းသဘောၤပေါ်သို့ ပို့ဆောင်ခွင့် မပြုထားသောကြောင့် ယခု တရားမဝင်စေလွှတ်ခဲ့သည့် Sea Rider ကုမ္ပဏီ၊ Top Chance ကုမ္ပဏီ၊ Asia Wave ကုမ္ပဏီ၊ Light Oasis ကုမ္ပဏီ၊ Star Global ကုမ္ပဏီ ၅ ခုကို လုပ်ကိုင်ခွင့် ခေတ္တရပ်ဆိုင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly