အောင်တံခွန် သင်္ဘောနစ်မြုပ်မှု တာဝန်ရှိသူကို အရေးယူရန် ပျက်ကွက် ဟု ပြည်နယ်လွှတ်တော် ဝေဖန်

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု တာဝန်ရှိသူကို အရေးယူရန် ပျက်ကွက် ဟု ပြည်နယ်လွှတ်တော် ဝေဖန်
နစ်မြုပ်အောင်တံခွန်သင်္ဘောမှ ခရီးသည်အချို့ကို ကယ်ဆယ်လာပြီး စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် (မဇ္ဈိမ)။ ။ အောင်တံခွန်သင်္ဘော တိမ်းမှောက်မှုကြောင့် ပို့ဆောင်ရေး ဝန်ထမ်းအချို့ကို အရေးယူခဲ့သော်လည်း တာဝန်ရှိသူ အချို့ကို အရေးယူရန် ပျက်ကွက်ခဲ့သည်ဟု ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းထားသော် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဝေဖန်လိုက်သည်။

ရခိုင်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းလိုက်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမှု အစီရင်ခံစာကို ပြည်နယ် လွှတ်တော်တွင် တင်ပြထားပြီး ဖြစ်သော်လည်း အရေးယူမှုများမှာမူ ထိုအစီရင်ခံစာနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အရေးယူမှု အပိုင်းမှာ အောက်ခြေ ဝန်ထမ်းတွေကိုပဲ အရေးယူတာကို တွေ့ရတယ်။ ဒါကို သိပ်လက်မခံနိုင်ဘူး။ ဝန်ကြီးက နေစပြီး စီမံခန့်ခွဲတဲ့ အဆင့်ဆင့်မှာ တာဝန်ရှိပါတယ်"ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ပြည်နယ် အစိုးရသည် ပြည်နယ် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်နယ်မှ ဝန်ထမ်း ၁၇ ဦးကို တဆင့်နိမ့် ရာထူးလျော့ချခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်း၊ မယူမနေရ အငြိမ်းစား ပင်စင်ပေးခြင်းနှင့် လစာထက်ဝက်ခန့် ဖြတ်တောက်ပြီး ရေယာဉ်စီးနင်းလိုက်ပါခွင့် ကန့်သတ်ခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု ပြည်နယ် အစိုးရက ထုတ်ပြန်ကြေညာထားသည်။

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မြို့နယ် အလိုက် လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ မြို့နယ်ကို တာဝန်ယူ စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ပြည်နယ် အစိုးရက ဖွ့ဲစည်းလိုက်သော အဖွဲ့ထဲတွင် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ ပါဝင်သည်။

ပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်အရ အောင်တံခွန် သင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးသူ ၇၂ ဦးရှိပြီး အသက်ရှင် လွတ်မြောက်သူ ၁၆၉ ဦးရှိသည်ဟု ဆိုသည်။ သို့သော် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၏ တွေ့ရှိချက်များအရ သေဆုံးသူ ၈၉ ဦး၊ ပျောက်ဆုံးသူ ၂၀ ဦးနှင့် အသက်ရှင် လွှတ်မြောက်သူ ၁၆၉ဦးရှိသည် ဟု ယင်း ကော်မရှင် အဖွဲ့ဝင်များက ပြောသည်။

"ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပျောက်ဆုံးတဲ့ မိသားစုဝင်တွေက ဆက်သွယ်ချက်အရ လူ ၂၀ လောက် ပျောက်ဆုံးသွားပါတယ်။ ဒါကို ပြည်နယ် အစိုးရက ဘာမှ ထောက်ပံ့တာ အရေးတယူ လုပ်တာတွေမရှိပါဘူး" ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

စစ်တွေ သင်္ဘောကျင်း အင်ဂျင်နီယာဌာနမှ ဒုတိယ အင်ဂျင်နီယာမှူးကြီးအား တစ်နှစ် ရာထူးလျှော့ချခြင်း၊ သယ်ယူပို့ဆောင်ရေးဌာန (ရခိုင်ဌာနခွဲ) လက်ထောက် အထွေထွေ မန်နေဂျာအား တစ်ဆင့်နိမ့် မန်နေဂျာရာထူးသို့ နှစ်နှစ်လျှော့ချခြင်း  ပြစ်ဒဏ်များ
ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ လက်ထောက်ရေကြောင်းဌာန မှူးချုပ်၊ အောင်တံခွန်(၃) ရေယာဉ်အုပ်၊ တက်မကိုင် -၅ ကုန်တာဝန်၊ ရေကြောင်းဌာန မှ တက်မကိုင် ၅ နှစ်ဦး၊ အင်ဂျင်နီယာ ဌာနမှ စက်ခန်းအုပ် ၃  နှင့် သင်္ဘော စာရေးတို့ကို မယူမနေရ အငြိမ်းစားပေးခဲ့သည် ဟု ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးလှဟန်က "ကော်မရှင်ရဲ့ စိစစ်တွေ့ရှိချက်အရပဲ ပြည်နယ် အစိုးရက အရေးယူနိုင်တာပါ၊ ဒါပဲပြောနိုင်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

အောင်တံခွန် (၃) ရေယာဉ်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ စစ်တွေသို့ ထွက်ခွာရာ ရခိုင်ကမ်းရိုးတန်းတွင် မတ် ၁၃ ရက်က တိမ်းမှောက်ခဲ့သည်။

အောင်တံခွန်သင်္ဘော ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ သည် ၁၉၉၆ ခုနှစ်က တရုတ်နိုင်ငံထံမှ ဝယ်ယူထားသော သင်္ဘောများဖြစ်သည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းတို့၏ တွေ့ရှိချက်များကို ကိုးကား၍ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly